Wednesday, November 25, 2015

ဟားခါးမှာ ပေါက်ကွဲမှုဖြစ် လူ ၆ ဦးပွဲချင်းပြီးသေဆုံး ၉ ဦးဒဏ်ရာရ

Khonumthung


ချင်းပြည်နယ် ဟားခါးမြို့ ဈေးသစ်ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ယမန်နေ့ည ၁၀ နာရီခွဲခန့်က ပြင်းထန်သော ပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားကာ လူ ၆ ဦးပွဲချင်းပြီးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိသည်ဟု သိရသည်။

အဆိုပါပေါက်ကွဲမှုသည် ဈေးသစ်ရပ်ကွက် သီတာလမ်းတွင်ရှိသော ဦးယောနသန်နေအိမ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အောက် ထပ်တွင် အိမ်ငှားအဖြစ်နေထိုင်သော Pu Neng Cin မိသားစု နှင့် ၎င်းတို့ဧည့်သည်တစ်ယောက် စုစုပေါင်း ၆ ဦးပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ဟားခါးမြို့မိဖြို့ဖ ဦး ရွှေထီယိုကပြောသည်။

“ ၁၀ နာရီမိနစ် ၄၀ လောက်မှာ ပေါက်ကွဲမှုကဖြစ်တာ အိမ်ကတော့ တစစီဖြစ်သွားတယ်၊ အိမ်ရှင် ဦးယောနတို့ကတော့ ခရီးထွက်သွားတော့မရှိကြဘူး၊ ပေါက်ကွဲမှုက တော်တော်ပြင်းထန်တယ် အဲဒီပေါက်ကွဲတဲ့အိမ်ကနေ ကိုက် တစ်ထောင် လောက်ဝေးတဲ့ နေရာမှာရှိတဲ့ ဘုရားကျောင်း မှန်ပြူတင်းပေါက်တွေတောင်အကုန်ကွဲကျကုန်တယ်၊ အနီးအနားမှာရှိတဲ့ အိမ်တွေကတော့ တော်တော်ပျက်စီးကုန်တယ်’’ ဟု ဦးရွှေထီယိုက ပြောသည်။

ပေါက်ကွဲမှုကြောင့် သေဆုံးသူများမှာ Pu Neng Cin(70), Pi Far Pen(64), Biak Cer Cin (35), Sui Hnem Thluai (20), Zing Hnem Sung (6) နှင့် ထန်တလန်မြို့နယ်ဘက်မှ ရောက်လာသော၎င်းတို့ဧည့်သည် Pi Thong Thluai(50) တို့ဖြစ်သည်။

ထို့အပြင် အဆိုပါပေါက်ကွဲမှုကြောင့် အနီးအနားရှိလူနေအိမ် ၅ လုံးခန့် နှင့် ပေါင်မုန့်ကားတစ်စီး၊ ဂျစ်ကားတစ်စီး ပျက်စီး သွားသည်ဟု သိရသည်။

ယခုပေါက်ကွဲမှုသည် မည်သည့်ဗုံးအမျိုးအစားဖြစ်သည်ကို မသိကြသေးသော်လည်း ကျောက်ခွဲမှိုင်းအမျိုးအစားဖြစ်နိုင် ကြောင်း အဆိုပါနေအိမ်တွင် ကျောက်ခွဲမှိုင်းများသိုလောင်ထားပုံရပြီး ထိုမှတဆင့်မတော်တဆပေါက်ကွဲမှုဖြစ်ပေါ်လာခြင်း ဖြစ်နိုင်ကြောင်း ဟားခါးမြို့ပေါ်မှ အမည်မဖော်လိုသူဒေသခံတစ်ဦးကပြောသည်။

No comments: