Tuesday, December 1, 2015

ဖာကန့် မြေစာပုံပြို၍ သေဆုံးသူများထဲတွင် ရခိုင်လူမျိုး ၂၀ ကျော်ကိုတွေ့ရှိဟုဆို

ကောင်းမြတ်နိုင် (မောင်တော)


ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံခင်း ကျေးရွာ အုပ်စုနှင့် ဆန်ခတ်ကူးကျေးရွာ အုပ်စုအကြားတွင် တည်ရှိသော စွန့်ပစ် မြေစာပုံ ပြိုကျမှုကြောင့် လူအများအပြား သေဆုံးခဲ့ရာ ထိုအထဲတွင် ရခိုင် လူမျိုး အနည်းဆုံး ၂၀ ကျော် အလောင်းကို ရှာဖွေတွေ့ရှိထားသည်ဟု ယင်းနေရာသို့ ကိုယ်တိုင် သွားရောက်ကြည့်ခဲ့သူ ရခိုင်စာပေ ယဉ်ကျေးမှု အဖွဲ့ (ဖားကန့်) ဒုဥက္ကဋ္ဌက ပြောသည်။

နိရဉ္စရာ သတင်းဌာနမှ ယနေ့ နေ့လယ် ၁ နာရီခွဲက ဆက်သွယ်မေးမြန်းရာ ဒုဥက္ကဋ္ဌ ဖြစ်သူက “ ကျွန်တော် ရထားတဲ့ စာရင်းအရ ရခိုင်လူမျိုး ၂၄ ဦးရဲ့ အလောင်းကို ရှာဖွေ တွေ့ရှိထားတယ်လို့ သိရပါတယ်။ ကျွန်တော် ကိုယ်တိုင် မနေ့က တိုက်ရိုက်သွားကြည့်ပါတယ်။ မှတ်ပုံတင် နာမည်နဲ့ ကျွန်တော်ရင်းနှီးသူတွေက ပြောပြကြပါတယ်။ တူးနေတဲ့နေရာ၊ ရှာနေတဲ့ နေရာကိုလည်း ရောက်ပါတယ်။ သေဆုံးသူက ရခိုင်သက်သက် ၅၀ ကျော်နိုင်ပါတယ်” ဟု သူက ပြောသည်။

ယင်းမြေစာပုံဖုံးသည့် နေရာတွင် မြန်မာနှင့် ရခိုင်လူမျိုး အများဆုံး နေထိုင်ကြကြောင်း၊ တဲတစ်တဲတွင် လူ ၃ ဦးမှ ၁၀ ဦးထိ နေထိုင်ကြကြောင်း၊ ရခိုင်သား ၅၀ ကျော် ယင်းနေရာတွင် ဈေးဆိုင်ရောင်း၍ ရှိကြောင်း၊ ယခု ဈေးဆိုင်များ အပါအ၀င် တဲအလုံးပေါင်း ၈၀ ကျော် မြေစာပုံ ဖုံးသွားခဲ့ကြောင်း သူက ဆိုသည်။

“ အခု သဂြိုလ်ဖို့ ရထားတဲ့ အလောင်းက ကံသာဦး မြေစာပုံက ရခိုင် သုံးလောင်းကိုတော့ ရထားပါပြီ။ ကျန်တဲ့ အလောင်းတွေကတော့ ဘတ်ဖိုးနဲ့ တူးတဲ့ အခါ ရုပ်ပျက် ဆင်းပျက် ဖြစ်သွားတာတွေကိုလည်း တွေ့ရပါတယ်” ဟု သူက ပြောသည်။

လွန်ခဲ့သော ၁၀ မိနစ်ခန့်က ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ (ဖာကန့်) ဥက္ကဋ္ဌ ဦးလှမြင့်သို့ ဆက်သွယ်ရာ ရခိုင် လူမျိုး အလောင်း ၂၇ လောင်းတွေ့ရှိထားသည်ဟု ပြောဆိုသည်။


သို့သော်လည်း အာဏာပိုင်များ၏ အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးပါ။


ယမန်နေ့ ညနေပိုင်းထိ ဘတ်ဖိုး ၂၁ စီးဖြင့် ဖုံးနေသော မြေစာပုံများကို တူးဖော်ရှာဖွေရာ သေဆုံးသူ အလောင်း ၁၄၂ လောင်းကို တွေ့ရှိထားပြီဟု သိရကြောင်း သူက ပြောသည်။

No comments: