Saturday, February 27, 2016

ပတ်ဂျာဆန်အဖွဲ့ ပဋိပက္ခဖြစ်သည့်ဒေသတွင် တပ်ကလည်း ဘိန်းခင်းဖျက်ကြောင်း ကြေညာ

DVB


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ ကချင်ပြည်နယ် ဆဒုံ-ကန်ပိုက်တည်ဒေသ တွင်းက ဘိန်းစိုက်ခင်းတွေကို စစ်တပ်၊ ရဲ၊ နယ်ြခားစောင့်၊ ပြည်သူ့စစ်နဲ့ ဒေသခံတွေပေါင်းပြီး ဖျက်နေတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီသတင်းထုတ်ပြန်ချက်ဟာ မနေ့က အဲဒီဒေသတွင်းမှာ ကချင်ဘိန်းတိုက်ဖျက်ရေး အဖွဲ့ ပန်ဂျတ်ဆန်ကို အမည်မသိလက်နက်ကိုင်သူတွေက ဗုံး၊ သေနတ်၊ ဂွတွေနဲ့ တိုက်ခိုက်ခဲ့လို့ နှစ်ဘက် လူ ၃၀ စီဒဏ်ရာရခဲ့ တဲ့ ပဋိပက္ခအပြီး နောက်တရက်မှာ ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးထုတ်ပြန်ချက်ထဲမှာ မနေ့တုန်းက ဖြစ်ပွားတဲ့ တိုက်ခိုက်ကြမှုနဲ့ ပတ်သက်လို့ လုံးဝဖော်ပြရေးသာထားခြင်း မရှိပါဘူး။

အခင်းဖြစ်ပြီးနောက် ဘိန်းခင်းဖျက်ပတ်ဂျာဆန်အဖွဲ့က ဖမ်းဆီးခဲ့တဲ့ ကျေးရွာပြည်သူ့ စစ်တဦးကို မေးကြည့်ရာမှာ မနေ့က ဘိန်းခင်းတချို့ဖျက်ဆီးခဲ့တယ်လို့ ပြောပါ တယ်။

သူက “ဘိန်းခင်းကတော့ ကျနော်တို့သွားဖျက်တဲ့နေရာမှာကတော့ အခင်း ၅၀၊ ၆၀ လောက်ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့က လေးဧက၊ ငါးဧက လောက် ဖျက်ထားခဲ့တယ်။” လို့ ပြောပါတယ်။

“ကျနော်တို့နယ်မြေမှာ ဘိန်းလုပ်တာက အင်း ဒေသခံက နည်းနည်းစီလုပ်တာ လည်း ရှိတယ်။ နောက်ပြီး ဒီ အများပိုင်းက တရုတ်တွေလုပ်တာ။” လို့ ပြောပါတယ်။

အစိုးရအဖွဲ့ဘက်ကလည်း လူပေါင်း ၆၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ ဒီဖြစ်ရပ်ကို တစုံတရာ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ ‘မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပြည်သူလူထု ပါဝင်လာမှုပေါ် ကြိုဆိုထောက်ခံရန်နှင့် ဟန့်တားနှောင့်ယှက်သူများ၏ အန္တရာယ်မှ ကာကွယ်ပေးရန်အပြင် ထိရောက်သော ကူညီပံ့ပိုးမှုများကို အမြန်ဆုံး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ လွှတ်တော်က တိုက်တွန်းကြောင်း အရေးကြီးအဆို’ကို ကိုယ်စားလှယ် ၂၃ ဦးက ၂ ရက်ဆက် ဆွေးနွေးခဲ့ကြပြီး ဒီကနေ့ မဲခွဲအတည်ပြုခဲ့ပါတယ်။

ဒီအရေးကြီးအဆိုအတွက် လာရောက်ရှင်းလင်းနိုင်ဖို့ လွှတ်တော်က အစိုးရဘက်ကို ဖိတ်ကြားပေမယ့် မနေ့က လွှတ်တော်မှာ လာရောက်ရှင်းလင်းတာ မတွေ့ရပါဘူး။ ဒီကနေ့မှာတော့ သမ္မတပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က အစိုးရက လွှတ်တော်မှာ မရှင်းလင်းတော့ဖို့ ဆုံးဖြတ်ထားတယ်ဆိုတာကို ရှင်းလင်းခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးထုတ်ပြန်ချက်မှာတော့ ဘိန်းခင်းဖျက်ခံရတဲ့ တောင်သူတွေကို ဆန်၊ ဆီ၊ ပဲ လှူဒါန်းခဲ့တယ်လို့ ဖော်ပြပါတယ်။

No comments: