Tuesday, March 1, 2016

မကွေးရှစ်တန်းမေးခွန်းကို အွန်လိုင်းတွင် ဖြန့်ဝေခဲ့သူအား ဆက်သွယ်ရေး ဥပဒေဖြင့် အမှုဖွင့်

ဒေါင်းလူ-တင်ရွှေ

မကွေးတိုင်းဒသကြီးတွင်လေးတန်းနှင့် ရှစ်တန်းစာမေးပွဲမေးခွန်းများအား လူမှုကွန်ယက်ပေါ်၌ ပြန့်နှံ့စေခဲ့သော Facebook Account ပိုင်ရှင်အား အီလက်ထရောနစ်၊ ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း မကွေးမြို့နယ်၊မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးစိန်အောင်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

၂၀၁၅/၂၀၁၆ ပညာသင်နှစ် လေးတန်းနှင့်ရှစ်တန်း နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ ဖေဖော်ဝါရီ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း မေးခွန်းများပေါက်ကြား ခဲ့မှုနှင့် ပတ်သက်ပြီး TunTunWin အမည်ဖြင့် Facebook Account သုံးစွဲသူကတစ်ဆင့် လူမှုကွန်ရက်တွင်ပျံနှံနေခဲ့ရာ ပညာရေးဌာနအပေါ် ထိခိုက်စေသည့် အတွက်အမှုဖွင့်ခြင်းဖြစ်ကြောင်း ၎င်းကဆို သည်။

မေးခွန်းများနှင့်သက်ဆိုင်သော သတင်းအချက်အလက်များကို ပေး ပို့ဖြန့်ချိသည့် အတွက် TunTunWin Facebook Account ပိုင်ရှင် တင်ထွန်းဝင်း(ခေါ်)ကိုငယ်လေး အားအရေးယူပေးရန် ဖေဖော်ဝါရီ ၂၄ရက်နေ့က မြို့မ ရဲစခန်းမှူး ဒုရဲမှူးစိန်အောင်က တရားလိုပြုတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးမြို့နယ်၊မြို့မရဲစခန်းမှ (ပ)၅၅/၂၀၁၆၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(ခ) ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။ "မေးခွန်းပေါက်ကြားခဲ့မှုနဲ့ပတ်သက်ပြီး၊ Facebook Account ပိုင်ရှင်ကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက် နေပါတယ်။" -ဟု တရားလိုပြုတိုင်ကြားသဲူစခန်းမှူး၊ဒုရဲမှူး စိန်အောင်က ပြောသည်။

မေးခွန်းလွှာများ ပေါက်ကြားခဲ့မှုနှင့် ပတ်သက်၍ ယခုလပိုင်းထဲတွင် မကွေးမြို့၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းမှ အထက်တန်းပြ ကျောင်းဆရာမ တစ်ဦးကို ခေါ်ယူစစ်ဆေးခဲ့ပြီး၊ ချောက်မြို့နယ်မှ ကျောင်းအုပ် ၄ ဦးအားလည်း လျို့ဝှက်ချက်ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

No comments: