Tuesday, March 1, 2016

မူးယစ်တိုက်ဖျက်ပြီး သေနတ်ဖြင့် ပစ်ခံရ၍ ဒဏ်ရာရသူ ၃၀ကျော်နေပြီ

ဖနိဒါ

လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကို လက်နက်များဖြင့် ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရသူ ၃၀ ကျော်နေပြီ ဖြစ်ပြီး မြစ်ကြီးနားမြို့ ဒေသခံများက လူထုဆန္ဒပြ ကန့်ကွက်မှုများ ယခု ည ၈ နာရီကျော်တွင် ဦးဇခုန်တိန်းယိန်း၏ နေအိမ်ရှေ့သို့ဆန္ဒ ဖော်ထုတ်ရန် သွားရောက်နေဆဲ ဖြစ်သည်။

အစောပိုင်းက မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံရှေ့တွင် လူထု ၁၀၀ ကျော်မှ ဆန္ဒဖော်ထုတ်ခဲ့ရာရာ တစ်ဖြည်းဖြည်း လူထု ထောင်ဂဏန်းရှိလာကာ စီတာပူရပ်ကွက်ရှိ ကချင်ပြည်နယ် ဝန်ကြီးချုပ် နေအိမ်ရှေ့တွင်လည်း ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ထိုမှ မြေမြင့်ရပ်ကွက်ရှိ ဦးဇခုန်တိန်ယိန်း၏ နေအိမ်ရှေ့တွင် ဆန္ဒပြရန် သွားရောက်နေဆဲ ဖြစ်သည်။

“ကျနော်တို့ ဝန်ကြီးချုပ်အိမ်အရင်ပြတယ်။ အခုတော့ ဦးဇခုန်တိန်ယိန်းအိမ်ကို သွားလမ်းမှာရှိနေတယ်။ လူက ၁၀၀၀ ကျော်ရှိမယ်”ဟု ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ ဦးမရန်ဘောက်နော်က မဇ္ဈိမကို ပြောသည်။

ကချင်မူးယစ်ဆေးဝါတိုက်ဖျက်ရေးအဖွဲ့မှ ဒဏ်ရာရသူများထဲမှ လူ ၂ ဦးသေဆုံးသည်ဟု သိရသော်လည်း အသေးစိတ်မသိရသေးကြောင်း ဦးမရန်ဘောက်နော်က “ဒီလိုပါ။ ဆေးရုံရောက်နေတဲ့လူတွေထဲကလည်း အခင်းဖြစ်တဲ့နေရာကလားတော့ သေချာမသိဘူး။ လူ ၂ ယောက်ဆုံး သွားတယ်လို့ ပြောနေတယ်။ အသိအကျတော့ မသိသေးဘူး”ဟု သူက ပြောသည်။

သို့သော် ထိုသတင်းကို မဇ္ဈိမက အတည်ပြုရန် ကြိုးစားနေဆဲဖြစ်ပြီး အတည်ပြုချက် မရသေးပေ။

No comments: