Tuesday, March 1, 2016

မြစ်ကြီးနားဆန္ဒပြမှု ထိန်းထိန်းသိမ်းသိမ်းဖြေရှင်းရန် ပြည်နယ်အစိုးရကို NLDတိုက်တွန်းမည်

မင်းမင်း

လူထုအခြေပြု ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (Pat Jasan)အား သေနတ်နှင့် မိုင်း များဖြင့် တိုက်ခိုက်ခဲ့ရမှုကြောင့် မြစ်ကြီးနားတွင်ဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိရာ ပြည်နယ်အစိုးရအနေဖြင့် ဆန္ဒပြမှုများအပေါ် ထိန်းထိန်းသိမ်းသိမ်းဖြေရှင်းရန် ပြည်နယ်လွှတ်တော်တွင် အရေးကြီးအဆိုတင်ရန် ညွှန်ကြားထားကြောင်း NLDပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က ဖေဖော်ဝါရီ ၂၆ရက်၊ ညပိုင်းတွင် မဇ္ဈိမကို ပြောသည်။

"ပြည်နယ်လွှတ်တော်ခေါ်ပြီးတော့ အစိုးရအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြန့်ပွားကြီးကျယ်မလာအောင်တော့ တိုက်တွန်းကြောင်းအဆို အရေးပေါ်လုပ်ပါလို့ မှာထားတယ်" ဟု ဦးဝင်းထိန်က မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ်ရှိ ဆဒုံးနှင့် ကန်ပိုက်တီး ဒေသတို့တွင် ဘိန်းခင်းများ သွားရောက်ဖျက်ဆီးသည့် ပတ်ဂျဆန် အဖွဲ့ကို လက်နက်ကိုင်ဆောင်ထားသူများက သေနတ်နှင့် မိုင်းများဖြင့် တိုက်ခိုက်ခံရမှုအပေါ် မကျေနပ်သောကြောင့် မြစ်ကြီးနားမြို့တွင် ဆန္ဒပြမှုများဖြစ်ပေါ်နေမှုအပေါ် ပြည်နယ်အစိုးရအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းဖြေရှင်းပေးရန် တိုက်တွန်းကြောင်းအရေးကြီးအဆိုတစ်ရပ် ပြည်နယ်လွှတ်တော်တွင် တင်သွင်းရန် NLDက ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြစ်ကြီးနားမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ်အပါအဝင် ပြည်နယ်မှ NLDပါတီ တာဝန်ရှိသူများနှင့် ဦးဝင်းထိန်တို့ ဖေဖော်ဝါရီ ၂၆ရက်၊ ညနေပိုင်းက နေပြည်တော်တွင် ဆွေးနွေးတိုင်ပင်ခဲ့ကြသေးသည်။

ဘိန်းခင်းများသွားရောက်ဖျက်ဆီးသော လူဦးရေထောင်ချီပါဝင်သည့် ပက်ဂျဆန်အဖွဲ့သည် ဆဒုံးနှင့် ကန်ပိုက်တီး ဒေသတို့တွင် ဘိန်းခင်းများ သွားရောက်ဖျက်ဆီးစဉ် ဖေဖော်ဝါရီ ၂၅ရက်က တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အဖွဲ့ဝင် ၃၂ ဦး ဒဏ်ရာရရှိကာ မြစ်ကြီးနားဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်။ ဒဏ်ရာရရှိသူများအနက် နှစ်ဦးသည် ဝမ်း ဗိုက်နှင့် ပခုံးတွင် ဒဏ်ရာရရှိထားသည်။

ထိုသို့တိုက်ခိုက်ခံရမှုအပေါ် မကျေနပ်သည့် ပြည်သူများ ဆန္ဒပြမှုအပေါ် ကိုယ်စားစာသည်ဟု ဦးဝင်းထိန်ကဆိုကာ "လူတွေက တစ်ကယ်ခံစားချက်နဲ့လုပ်ကြတယ်။ နောက်ပိုင်းမှာတော့ တစ်ဖြည်းဖြည်းနဲ့ ပယောဂတွေ ဝင်လာတတ်တယ်။ အဲ့ဒါတော့သတိထားပြီး ဆင်ခြင်ဖို့လိုတယ်" ဟု ဆန္ဒပြသူများကို သတင်းစကားပါးသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေးတွင် ပြည်သူလူထုပါဝင်လာမှုအပေါ် ကြိုဆိုထောက်ခံရန်နှင့် ဟန့်တားနှောက်ယှက်သူများ၏ အန္တရာယ်မှကာကွယ်ပေးရန်အပြင် ထိရောက်သောကူညီပံ့ပိုးမှုများကို အမြန်ဆုံးဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့တိုက်တွန်းကြောင်း ဖေဖော်ဝါရီ ၂၄ရက်က ပြည်သူ့လွှတ်တော်တွင် ဝိုင်းမော်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးလဂန်ဇယ်ဂျုံးက အရေးကြီးအဆိုတစ်ရပ် တင်ခဲ့သေးသည်။

ဦးလဂန်ဇယ်ဂျုံး၏ အရေးကြီးအဆိုအပေါ် အမတ်ဦးရေ နှစ်ဆယ်ကျော်က ဖေဖော်ဝါရီ ၂၅ရက်၊ လွှတ်တော်အစည်းအဝေးတွင် ထောက်ခံဆွေးနွေးခဲ့ကြသော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် လာရောက် ရှင်းလင်း၊ ဖြေကြားခြင်း မရှိခဲ့ပေ။

No comments: