Thursday, April 23, 2009

တိုင်းချစ်၊ ပြည်ချစ်စိတ်ဆိုတာ အဲဒီက လာတာပဲ

ကိုမော်

ဤကမ္ဘာ မြေကြီးက နေကို တပတ်ပြည့်အောင် လှည့်သော အချိန် ကာလကို တနှစ်ဟု သတ်မှတ်ကြ သည်။ တနှစ်တာ ကာလကို ၁၂ ပိုင်း ပိုင်းခြား လိုက်သောအခါ တပိုင်း တပိုင်းကို လူတို့ ဝေါဟာရ ဖြင့် လ ဟု ခေါ်၏။

ထိုသို့ တနှစ်တာကာလကို ဆယ့်နှစ်ပိုင်း ပိုင်းခြားထားသည်ဟု ဆိုကြသော်လည်း အညီအမျှပြု၍ တသမတ်တည်း ပိုင်းခြားနိုင်သည် မဟုတ်ဘဲ လသွားလမ်း၊ နေသွားလမ်း၊ ကြယ်သွားလမ်းတို့ကို ကြည့်၍ သူ့စနစ်နှင့်သူ ပိုင်းခြားသတ်မှတ်ကြသည်ဟု လေ့လာမှတ်သား ခဲ့ရဖူးပါသည်။

မြန်မာတို့ အယူအဆအရ တန်ခူးလဟူသည် နှစ်၏ အစ၊ နှစ်ဦးလ ဖြစ်ပြီး၊ ထုံးစံအားဖြင့် မြန်မာနှစ်သစ်ကို တန်ခူးလမှ အစပြုခဲ့ကြသည်။ တန်ခူးလတွင် သင်္ကြန်ကျ၍ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းလေရာ ထိုလတွင် သင်္ကြန်ပွဲတော်ကို ရှေးအစဉ်အဆက်ကတည်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။ သင်္ကြန်ဟူသည်မှာ သင်္ကန္တ ဟူသော ပါဠိစကားမှ ဆင်းသက်လာ၍ ရွတ်ဆိုသောအခါ သက္ကတတွင် ရှိသော ရရစ်သံဖြင့် ရွတ်ဆိုရပြီး ကူးပြောင်းခြင်းဟု အဓိပ္ပာယ်ရ၏။

သင်္ကြန်နှစ်သစ်ကူး အခါတော်တွင် ကိုယ်နှုတ်နှလုံး သုံးပါးစုံ စင်ကြယ်စေသည် ဟူသော အထိမ်းအမှတ်ဖြင့် သက်ကြီးရွယ်အိုများကို ဦးခေါင်း၊ ကိုယ်လက်တို့ကို ဆေးလျှော်သန့်စင်ပေးကြခဲ့၏။ ဤမင်္ဂလာအမှုနှင့် တဆက်တည်း ဂါရဝ၊ နိဝါတရားကို ရည်မှန်း၍ လူငယ်တို့က အသက်ကြီးရွယ်အိုတို့ကို ကန်တော့ကြလေသည်။

ဤသင်္ကြန်ပွဲတော်တွင် မြန်မာတိုင်းရင်းသားတို့သည် ပျော်ရွှင်စွာ ရေပက်ကစားကြပြီး၊ သင်္ကြန်ရေပက်ဖြန်းခြင်းသည် လေးနက်မွန်မြတ်သော အဓိပ္ပာယ်ရှိ၏ ဟူ၍ မှတ်ယူခဲ့ကြသည်။ ရေသည် မေတ္တာဓာတ်ကို တင်စားပြီး၊ ထိုသို့ ရေအေးနဲ့ ပက်ဖြန်းလိုက်ခြင်းအားဖြင့် “ရေလိုအေး၍ ပန်းလိုလန်းပါစေ” ဟူသော စေတနာကောင်းဖြင့် အဓိပ္ပာယ်ရှိရှိ အစဉ်အဆက် ကစားပျော်ပါးခဲ့ကြ၏။ ဤနေရာမှာ ပိတောက်ပန်းကို သင်္ကြန်ပန်းဟူ၍ လူသိများကြပါသည်။ ပိတောက်သည် အခိုင်လိုက်၊ အဆုပ်အခဲနှင့် ပွင့်သောကြောင့် တပင်လုံး ရွှေရောင်ကဲ့သို့ ဝင်းထိန်စေကာ ရိုးရာအတာသင်္ကြန်ကို အလှဆင်လေတော့၏။ ဤသို့ ရေပက်ဖြန်းကာ ကစားပျော်ပါးခြင်းကို လူကြီးလူငယ်မရွေး အလွန်ပျော်ရွှင်ကြည်နူးခဲ့ကြသည်။

သက်ကြီးရွယ်အိုများနှင့် ဘာသာတရားကိုင်းရှိုင်းသော လူငယ်များအနေဖြင့်လည်း သင်္ကြန်သည် တနှစ်ပြီးတနှစ် ကာလရွေ့လျား ပြောင်းလဲလာခြင်း၊ လူ့ဘဝတွင် လူတဦးတယောက်၏ နေထိုင်ခွင့်ရှိသည့် သက်တမ်း တစတစ ကုန်ဆုံးလာခြင်းကို သတိပြုကာ သေခြင်းတရားကို ဆင်ခြင်မိကြ၏။ ထိုသို့ သင်္ခါရဓမ္မကို ဆင်ခြင်မိကြသဖြင့် ဥပုသ် သီတင်းသီလ ဆောက်တည်ကြ၍ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းကြကာ နှစ်ကူးကာလကို ကုသိုလ်တရား ပွားများစေပြီး တည်ငြိမ်အေးချမ်းစွာ ဖြတ်သန်းခဲ့ကြလေသည်။

ထိုသို့ ရိုးရာယဉ်ကျေးမှုအရ အစဉ်အလာကြီးမားခဲ့သော မြန်မာ့ရိုးရာ အတာသင်္ကြန်သည် ကျနော်တို့ ဒီဘက်ခေတ်မှာ တစတစ ယုတ်လျော့လာကာ ရိုးရာအစဉ်အလာတွေ တဖြည်းဖြည်း ပပျောက်နေပြီကို အတော်များများ သတိထားမိကြမည်။ မကြာမီက လွန်မြောက်ခဲ့သည့် သင်္ကြန်ကာလကို ကြည့်ခြင်းအားဖြင့်လည်း အကျယ်ပြောစရာ မလိုဘဲ ထင်ရှားစေခဲ့ပါသည်။ ကျနော် ပြည်တွင်းမှာ နေထိုင်စဉ်က ကြုံခဲ့ဆုံခဲ့ရတဲ့ သင်္ကြန်ကာလတွေမှာလည်း သင်္ကြန်ဆိုသည့် အဓိပ္ပာယ်ကို နှစ်နှစ်ကာကာ သိခွင့်မရခဲ့သလို ရိုးရာအစဉ်အလာအရ အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းခဲ့ရတယ်ဆိုတာ မရှိခဲ့ပါ။

ယခုနယ်စပ်ကို ရောက်လာပြီး ကြုံခဲ့ရတဲ့ သင်္ကြန်ကာလမှာ အမိမြန်မာပြည်က ရိုးရာယဉ်ကျေးမှု သင်္ကြန်အလှများကို လွမ်းမောတမ်းတရင်းက အတာသင်္ကြန်နှင့် ပတ်သက်သည့် အကျိုးကျေးဇူး အထူးအဆန်းများကို ကြားခဲ့နာခဲ့ရသည့်အတွက် အံ့သြပီတိဂုဏ်ယူမိခဲ့ရပါသည်။

မကြာမီက လွန်မြောက်ခဲ့သည့် ၁၃၇ဝ ပြည့် ၂ဝဝ၉ နှစ်၏ နှစ်ကူးကာလမှာ ကုသိုလ်တရားများ တိုးပွားစေရန် ကျနော် နေထိုင်ရာ နေအိမ်သို့ သက်ကြီးရွယ်အို ဘုန်းတော်ကြီးတပါးကို ပင့်လျှောက်ပြီး ဆွမ်းကပ်လှူ ပူဇော်ခဲ့ပါသည်။ ထိုသို့ ဆွမ်းကပ်လှူပူဇော်ခဲ့သည့် သင်္ကြန်ကာလအတွင်း အမိမြန်မာပြည်၏ အတိတ်က လွမ်းမောဖွယ်ရာ သင်္ကြန်ကာလ အကြောင်းအရာများကို ဘုန်းတော်ကြီး၏ အတွေ့အကြုံ အယူအဆများအရ ဤသို့ ကြားခဲ့နာခဲ့ရပါ၏။

ဆရာဘုန်းကြီးက ....

“အင်း...မြန်မာပြည် သင်္ကြန်အကြောင်းပေါ့ကွာ။ အေး .. ဒို့ ၈၈ ဟိုဘက်ပိုင်းတုန်းက မြန်မာပြည်မှာရှိတဲ့ သင်္ကြန်နဲ့ အခု ၈၈ ဒီဘက်မှာ လုပ်နေကြတဲ့ မြန်မာပြည်ရဲ့ သင်္ကြန်ဟာ အရသာချင်း၊ အနှစ်သာရရှိတာချင်း မတူတော့ဘူး။ အနှစ်သာရတွေက ကွဲပြားသွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဘုန်းကြီးတို့ငယ်ငယ်တုန်းက သင်္ကြန်ပွဲတွေကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် အစရှိတဲ့ မြို့ကြီးတွေမှာ သင်္ကြန်ပွဲတွေ ကျင်းပကြတယ်။

အဲဒီမှာ ဘာတွေ တွေ့ရလဲဆိုတော့ အိမ်စောင့်အစိုးရဖြစ်တဲ့ ဦးနေဝင်းအစိုးရ၊ တော်လှန်ရေး ကောင်စီအစိုးရကို အစိုးရရဲ့ ပြုလုပ်ချက်အမှားတွေ၊ လိုအပ်ချက်တွေ၊ အကျင့်ပျက်ခြစားမှုတွေကို ပြည်သူတွေက တင်ပြ၊ ထောက်ပြဝေဖန်တဲ့ နေရာမှာ တနှစ်တကြိမ်ကျတဲ့ ဒီသင်္ကြန်ပွဲကို အသုံးပြုကြတယ်။ အစိုးရအပေါ်မှာ ပြည်သူတွေရဲ့ မကျေနပ်ချက်တွေ၊ လုပ်ကွက်အမှားတွေ၊ မတရားမှုတွေကို ထုတ်ဖော်ပြီး သံချပ်တွေထိုးပြီးတော့ တေးသရုပ်ဖော်တွေနဲ့ ဝေဖန်ထောက်ပြတဲ့ ဒီသင်္ကြန်ဟာ ဒို့ လူကြီးသူမတွေရဲ့ အပြောအရကတော့ အင်္ဂလိပ် ခေတ်ကတည်းက စခဲ့တယ်လို့ ဆိုရမယ်။

ဟိုတုန်းကတော့ ရိုးရာအတာသင်္ကြန်ဟာ ရိုးရာအရ ရေပက်ကစားခြင်းဆိုတဲ့ ယဉ်ကျေးမှုနဲ့ ရှေးခေတ် ပဝေသဏီကတည်းက လူကြီးသူမတွေက နေပြီးတော့ ဆင်နွှဲခဲ့ကြတယ်။ ဒါပေမဲ့ အင်္ဂလိပ်ခေတ်ကျတော့ မကျေနပ်မှုတွေကို ဖော်ထုတ်ရင်းနဲ့ သခင်တွေပေါ့။ တို့ဗမာအစည်းအရုံးက သခင်တွေက ပြည်သူလူထုကို နိုင်ငံရေးစိတ်ဓာတ် နိုးကြားအောင်ဆိုပြီးတော့ အဲသလို တေးအဆိုကလေးတွေ၊ သံချပ်ကလေးတွေနဲ့ အစိုးရကို တင်ပြတင်ပြလာခဲ့တာက အခြေတည်ခဲ့ပြီးတော့ ဒီဘက်မှာလည်း ဂျပန်ခေတ်၊ ပါလီမာန် ဒီမိုကရေစီခေတ်၊ တော်လှန်ရေး ကောင်စီခေတ်၊ မဆလခေတ် စသဖြင့် အဲသလို ခေတ်အဆက်ဆက်မှာ ဒီလိုနည်းပရိယာယ်တွေ သုံးပြီးတော့ အစိုးရကို ပြည်သူရဲ့ ရင်ထဲမှာရှိတဲ့ စကားတွေကို တနှစ်မှာ တကြိမ် တင်ပြခွင့်ရှိတဲ့ ကာလတခုပဲ ဆိုပြီးတော့ လူတွေက အဲသလိုသိပြီး၊ နားလည်ပြီးတော့ တက်ကြွလာတယ်။

နိုင်ငံရေးအသိအမြင်တွေ နိုးကြားလာကြတယ်။ လူငယ်တွေကလည်း နောက်တနှစ်မှာ ဒီလိုတင်ပြလို့ရဖို့အတွက် စူးစမ်းလာတယ်၊ ရှာဖွေလာကြတယ်။ ထောက်လာတယ်၊ ကြည်လာတယ်၊ လက်တွေ့ကျကျ တင်ပြလာကြတယ်။

အားနည်းချက်၊ အားသာချက်တွေကို သုံးသပ်လာကြတယ်။ အဲသလိုနဲ့ နိုင်ငံရေး အသိပညာတွေ တိုးပွားပြီး ငါတို့သာ ခေါင်းဆောင်ဖြစ်ရင် နိုင်ငံကို ဘယ်လို တိုးတက်အောင် လုပ်လိုက်မယ်ဟဲ့လို့ စသဖြင့် နိုင်ငံကို စောင့်ရှောက်လိုစိတ်၊ တိုးတက်ရာ တိုးတက်ကြောင်းကို ရှာဖွေဖော်ထုတ်လိုစိတ်၊ အမှားကို အမှားပါလို့ စေတနာပါပါနဲ့ ထောက်ပြလိုစိတ်တွေ အားကောင်းလာပြီး တိုင်းချစ်ပြည်ချစ်စိတ်ဆိုတာ အဲဒီက လာတာပဲရယ်လို့တောင် တင်စားရမယ်ကွ။

ဒီမှာ ပြောစရာရှိတာက သင်္ကြန်ဆိုတာ အတင်းပြောတဲ့ ကာလမဟုတ်ပါဘူး။ သူတပါးရဲ့ အပြစ်တွေ၊ လိုအပ်ချက်တွေကိုချည်း စောင်းပေးပြီး အပုပ်ချနေတာ မဟုတ်ဘဲ။ သူက ဒီမှာ မကောင်းတာကိုလည်း မကောင်းတဲ့အတိုင်း ပြောသလို ကောင်းတာကိုလည်း ကောင်းတဲ့အတိုင်း ချီးမွမ်းခန်းတွေ ထုတ်ကြတယ်။ ဒါကြောင့် အပြစ်နဲ့ ဂုဏ် နှစ်ရပ်လုံးကို ဒီသင်္ကြန်မှာ ပြောဆိုကြတာ၊ တင်ပြကြတာတွေ တွေ့ခဲ့ရပါတယ်။

ဒီတော့ကား .. ဦးဇင်းတို့အနေနဲ့ သုံးသပ်ရမယ်ဆိုရင် အဲဒိတုန်းက သင်္ကြန်ဟာ တရားမျှတတယ်၊ လွတ်လပ်မှုတွေ တစုံတရာ ရှိတယ်လို့ ဦးဇင်းတို့က ဒီလိုပြောချင်တယ်။ ဒီဘက်မှာကျတော့ လုံးဝ ပိတ်ပိတ်ကြီး ပါးစပ်ကို ပိတ်ထားတဲ့ သင်္ကြန်ဖြစ်နေတော့ ပြည်သူကို နိုင့်ထက်စီးနင်း အုပ်ချုပ်နေကြတယ်။ တရားမျှတမှု မရှိဘူး၊ လူထုကို တန်ဖိုးမထားဘူးလို့ ဆိုရမယ်။

အေး .. တို့ငယ်စဉ်ကလည်း နှစ်စဉ်နှစ်တိုင်း ဒီသင်္ကြန်ပွဲကို လှည့်လည်ပြီး လာခဲ့တာ အဲဒီအခြေအနေမှာ ဘာတွေ တွေ့ရသလဲဆိုရင် သင်္ကြန်အဖွဲ့တွေဟာ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း၊ အဲဒီ ရပ်ကွက်တွေမှာရှိတဲ့ တက်ကြွတဲ့ လူငယ်တိုင်းဟာ စာရေးဆရာတွေနဲ့ ပေါင်းပြီး တနှစ်လုံး ရှာရတာပေါ့ကွာ။ တနှစ်လုံးမှာတွေ့တဲ့ ထိပ်ပိုင်းက အစိုးရဆိုတဲ့ လူတစုရဲ့ အကျင့်ပျက်ခြစားမှု၊ စက်ရုံ၊ အလုပ်ရုံက ဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှု၊ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှု၊ ပညာရေး ဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှု၊ အုပ်ချုပ်ရေး ဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှု စသဖြင့် သူတို့ ကျင်လည်ရာ ပတ်ဝန်းကျင်အသီးသီးက အရာထမ်း အမှုထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို စုံစမ်းဖော်ထုတ်ပြီး သင်္ကြန်ကျရင် ဒါတွေကို ပြည်သူတွေလည်း သိရမယ်၊ အထက်အရာရှိတွေလည်း သိအောင်ဆိုပြီးတော့ ပညာသားပါပါနဲ့ တင်ပြကြတယ်။

အဲဒီတုန်းက အထက်အရာရှိဆိုတဲ့ ပုဂ္ဂိုလ်တွေထဲမှာလည်း တိုင်းပြည်ကို တိုင်းပြုပြည်ပြု တိုင်းပြည်ချစ်တဲ့စိတ် ရှိသူတွေလည်း အများအပြား ရှိခဲ့ကြပါတယ်။ အဲဒီပုဂ္ဂိုလ်တွေကလည်း သူတို့ရဲ့အမှား၊ သူတို့ပြုမိခဲ့တဲ့ အမှားတွေ၊ တိုင်းပြည်မှာ ဖြစ်ပျက်နေတာတွေကို ဘယ်လောက်အထိ ဖြစ်ပျက်နေပြီလဲဆိုတာ သိချင်တော့ အဲဒီသင်္ကြန်မှာ အချိန်ပေးပြီး စိတ်ဝင်တစား ထိုင်ကြည့်ကြတယ်။

သူတို့ကိုယ်တိုင်လည်း ရေကစားမဏ္ဍပ်ကြီးတွေ၊ ဆုပေးမဏ္ဍပ်ကြီးတွေ ထိုးပြီးတော့ ဦးဆောင်ကျင်းပပေးကြတယ်။ အဲဒီမဏ္ဍပ်တွေကနေပြီး ပြည်သူတွေရဲ့ ရင်ဖွင့်သံတွေကို နားထောင်ကြရတယ်။ တာဝန်ရှိတဲ့ လူတွေကလည်း ဒီလိုတင်ပြလို့ ငါတို့ကို အပုပ်ချတယ်လို့ သူတို့က ဒီလို မသုံးသပ်ကြဘူး။

အဲဒီတော့မှ အာဏာပိုင် အဖွဲ့အစည်းတချို့က ဒီအထဲကနေပြီးတော့ ပြင်သင့်တာတွေကို ပြင်တယ်၊ ပြန်လည်ပြီး ရှင်းလင်းသင့်တာတွေကိုလည်း သေသေချာချာ အောက်ခြေက ဝန်ထမ်းတွေ နားလည်သဘောပေါက်အောင်လို့ ရှင်းလင်းပြောဆိုကြတယ်။ အဲဒါတွေ လုပ်ပေးကြတယ်ပေါ့ကွာ။ အများဆုံးကတော့ ပြန်လည်ဖြေရှင်းပေးတာတွေ များပါတယ်။ ဒါလေးတွေကိုလည်း ကြုံခဲ့ကြားခဲ့ရပါတယ်။ အဲဒီလိုနဲ့ ဟိုတုန်းက ၁ဝဝ ရာခိုင်းနှုန်း မဖြစ်ပေမဲ့ ၅ဝ ရာခိုင်နှုန်းလောက်ကတော့ ပြင်ဆင်သွားနိုင်ခဲ့ကြတယ်။ အဲဒီအထဲမှာက လုံးဝ အပြည့်အစုံ မလုပ်ပေးနိုင်တဲ့ လူတွေကတော့ သိပ်ပြီး အာဏာရူးတဲ့ လူတွေကလည်း မလုပ်ကြဘူးပေါ့ကွာ။

အဲဒါတွေကိုလည်း ဗြောင်ကျကျပဲ စာစောင်တွေနဲ့ ထုတ်ပြီးတော့ တင်ပြကြတာတွေ ရှိတယ်။ ဒီမှာ ပြန်ကြည့်လို့ရှိရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ဘာတွေ အနည်းငယ်၊ အထိုက်အလျောက် ရှိနေတယ်လို့ ဆိုရမယ်။

ဆိုတော့.. ခေတ်က ဆိုးတော့ ဆိုးတယ်ကွာ၊ ဒါပေမဲ့ လွတ်လပ်စွာ အနည်းငယ် ပြောလို့ဆိုလို့ ရသေးတယ်ပေါ့။

ဒီထဲမှာ အဆိုးဆုံးကတော့ ထိပ်ပိုင်းမှာရှိတဲ့ ဦးနေဝင်း အဆိုးဆုံးပဲ။ သူ့ကိုလည်း မြင်းလောင်းတဲ့ အကြောင်းတွေကို ပုံကြီးတွေနဲ့ ချိတ်ပြတာတွေ၊ ရုပ်ပြောင်တွေကို သင်္ကြန်မဏ္ဍပ်ကြီးတွေမှာ တေးသရုပ်ဖော်တွေနဲ့ သရော်ကြ၊ သရုပ်ဆောင်ပြကြတာတွေကို ရှိခဲ့တယ်။ အဲ.. ဒို့ကိုယ်တိုင်လည်း လုံ့လပြုခဲ့ရဖူးတယ်ကွာ။

ဒါပေမဲ့ ဦးနေဝင်းရယ်လို့ ထိပ်တိုက်ကြီး ပြောတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ သူ့ကို သရော်တဲ့ ပြက်လုံးတွေနဲ့ အဲသလို ရှုတ်ချပြီး ပြသကြတယ်။ နောက်တခါ ဦးနေဝင်း မိန်းမတွေ အများကြီးနဲ့ ဇိမ်ခံခဲ့တယ်၊ ယူခဲ့တယ်။ အဲဒါတွေကိုလည်း မယ်ရွေးပွဲ ပြက်လုံးတွေဘာတွေ ထုတ်ခဲ့ကြတာပေါ့။

အောက်ကနေ မျက်မှန်ကြီးနဲ့ ခေါင်းပေါင်းစကြီးနဲ့ သရေတမြားမြားနဲ့ပေါ့ကွာ။ အဲဒီမှာ ကောင်မလေးတွေကို မယ်ရွေးပွဲတွေဘာတွေ လုပ်ပြီး သရော်တာတွေ၊ ဟာသပြက်လုံးတွေ ထုတ်ခဲ့ကြတာ ရှိပါတယ်။ ဒီတော့ ဒို့ငယ်ငယ်တုန်းက အဲသလိုမျိုးတွေတောင် တင်ပြသရော်နိုင်ခဲ့ကြတယ်ကွာ။ ဒါပေမဲ့ သူလည်း သူ့ကို တိုက်ရိုက်ကြီး မပြောတဲ့အတွက် အရေးယူတာတို့ ဘာတို့ မလုပ်ခဲ့ကြဘူး။ ဒီလောက်အထိ သူလည်း မလုပ်ပါဘူး။ အောက်ခြေက လူတွေလည်း မလုပ်ကြဘူး။ ဒါပေမဲ့ မကောင်းတဲ့ ညဉ်ဆိုးအတိုင်း ဘာတခုမှ ကောင်းတာတွေ လုပ်တာ မတွေ့ခဲ့ရဘူး။

အေး.. ဒီဘက်ကျတော့ ဘယ်လိုဖြစ်လဲဆိုတော့၊ မင်းတို့ အခုမြင်တွေ့နေရတဲ့ ၈၈ ဒီဘက်မှာလည်းဆိုရော အဲသလို တင်ပြချက်တွေ ဘာတခုမှ လက်မခံတော့ဘူး၊ ဒ်ီအစိုးရက။ သူတို့ ဘာတွေလုပ်ကြလဲဆိုရင် သင်္ကြန်မှာ မဏ္ဍပ်တွေများများ မပေါ်အောင် သူတို့ လုပ်ထားကြတယ်။ မဏ္ဍပ်တွေထိုးရင် စည်ပင်သာယာက အခွန်တောင်းတယ်၊ ရေခွန်တွေ ဖိတောင်းတယ်၊ မလုပ်နိုင်အောင်။ နောက်တခါ ကားတွေက ဈေးကြီးတယ်၊ ဆီဈေးတွေ မြင့်ထားတယ်။ အဲဒီတော့ ကားတွေနဲ့လည်း မလည်နိုင်၊ မပတ်နိုင်ကြဘူး။ အဲတော့ ဒီနေရာမှာ လည်နိုင်ပတ်နိုင်တဲ့ လူတွေက ဘယ်သူတွေလဲဆိုတော့ အဲဒီ အစိုးရဆိုတဲ့ လူတစုနဲ့ ပေါင်းသင်းနိုင်တဲ့ ပိုက်ဆံရှိ လူကုံထံဆိုတဲ့ သူတို့ပြောတဲ့ လူကုံထံကြီးတွေလေ။

လူကုံမထံကြီးတွေပေါ့ကွာ။ ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ တိုင်းပြည်မျက်နှာ၊ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို မထောက်ထားဘဲကိုး။ အေး.. အဲဒီလို လူစားတွေထဲကနေပြီး ရေပေါ်ဆီ လူစားမျိုးတွေဟာ ပိုက်ဆံကို ဟောကနဲဟောကနဲ သုံးနိုင်တဲ့အတွက် ဒီသင်္ကြန်ကားတွေနဲ့ သင်္ကြန်ကို လည်နိုင်ကြတယ်။

နောက်တခုက ရေကစားမဏ္ဍပ်တွေ ထိုးတယ်။ ရေးကစားမဏ္ဍပ်တွေမှာ ပိုက်တချောင်းကို တသောင်းခွဲ၊ နှစ်သောင်း တောင်းပြီး ရေကစားခိုင်းကြတယ်။ အဲသလို ဒီဘက်ခေတ်မှာ စီးပွားရေးလုပ်ငန်း တခုအနေနဲ့ အပြိုင်အဆိုင် လုပ်လာကြတာတွေ တွေ့ရတယ်။ ဒီိသင်္ကြန်မှာ မှတ်မှတ်သားသားနဲ့ ယဉ်ကျေးမှုရဲ့ အရသာကို ဖော်ဆောင်တာ ဘာမှ မတွေ့ကြရတော့ဘူး။ သူတို့မှာ မူးရူးသောက်စားပြီး ရန်ဖြစ်နေတာပဲ တွေ့ရတာ၊ ကြားရတာ များတယ်။ အဲဒီတော့ သာမန် ပြည်သူလူထုအနေနဲ့က သူတို့လို ပိုက်ဆံမတတ်နိုင်တော့ ဒီနေရာကို မရောက်နိုင်ကြဘူး။

တချို့ဆိုရင် အပြင်ကို မထွက်ချင်ကြတော့ဘူးကွာ။ ကိုယ်ထွက်လည်း အပိုပဲလေ၊ ရေမှ မစိုဘဲကွာ။ အခုခေတ်က ကားနဲ့မှ မလည်ရင်၊ မဏ္ဍပ်မှာ ပိုက်ဆံပေးပြီး သွားမကစားနိုင်ရင် ရေမစိုတော့ဘူးကွာ။ အဲဒီတော့ လူငယ်တွေမှာ သင်္ကြန်နဲ့ ပတ်သတ်ပြီး ပျော်စရာ မရှိလှဘူးဟ။

တခုရှိတာက တချို့လူငယ်တွေအနေနဲ့က ကိုယ့်ရပ်ကွက်ထဲမှာ ကိုယ့်သူငယ်ချင်း အပေါင်းအသင်းလောက်နဲ့ အေး.. ဒီလောက် ပျော်ပါးတာလောက်ပဲ ရှိတော့တယ်။

ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်တခု ဖြစ်ဖို့ဆိုရင်တော့ကွာ.. အလှလည်း ပါရမယ်၊ အကလည်း ပါရမယ်။ နောက်တခု အရေးကြီးတာက တိုင်းပြည်ကိုလည်း အကျိုးပြုမယ့် တိုင်းပြုပြည်ပြု သီချင်းလေးတွေ ပါရမယ်။ သံချပ်ကလေးတွေ၊ တေးသရုပ်ဖော်လေးတွေနဲ့ သာမန်ပြည်သူတွေ ကွင်းကွင်းကွက်ကွက် မြင်အောင် စိတ်ဝင်စားမှု ရှိအောင် လက်တွေ့ကျကျ တင်ပြထောက်ပြတာလေးတွေ ပါရမယ်ပေါ့ကွာ။

အဲသလို သံချပ်အဖွဲ့တွေနဲ့၊ အကအလှတွေနဲ့၊ တေးသရုပ်ဖော်လေးတွေနဲ့ လွတ်လွတ်လပ်လပ် တင်ပြဖျော်ဖြေခွင့် ရှိတယ်ဆိုရင် ပြည်သူတွေလည်း စိတ်ဝင်စားမယ်၊ အပန်းလည်း ပြေမယ်၊ နိုင်ငံရေး အသိဉာဏ် တိုးပွားမယ်။ လူငယ်တွေလည်း တိုးတက်မှု ရှိမယ်ပေါ့။ တပြည်နယ်နဲ့ တပြည်နယ် ပေါင်းစည်းတဲ့ နေရာမှာလည်း လွယ်ကူမယ်။ တိုင်းရင်းသားအချင်းချင်း ချစ်ခင်မှုရှိမယ်၊ ယုံကြည်မှုတွေ ရလာမယ်ကွာ။

အခုတော့ အဲလို လူငယ်တွေရဲ့ လုံ့လပြု အားထုတ်မှုတွေ၊ ပြည်သူအတွက်၊ တိုင်းပြည်အတွက် အကျိုးဖြစ်စေမယ့် သံချပ်တွေ ရိုးရာအနှစ်သာရတွေ၊ ဒါတွေမပါဘဲနဲ့ သူတို့ အစိုးရတွေကနေပြီးတော့ ဟိုဈေးက ယိမ်းအဖွဲ့ထွက်၊ ဒီဈေးက ယိမ်းအဖွဲ့ထွက်၊ ဟိုဝန်ကြီးဌာန ယိမ်းအဖွဲ့ထွက်၊ အဲသလို အာဏာနဲ့ လူထုကို သူတို့ စိတ်ကြိုက် ခိုင်းနေတော့ ဒို့ ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ဟာလည်း စုတ်ပြတ်သွားတာပေါ့ကွာ။

ဒီတော့ လူငယ်တွေက သင်္ကြန်ကျရင် မူးရှုးသောက်စားပြီး မဖွယ်မရာ ကကြခုန်ကြမှ သင်္ကြန်ဆိုတာ အဓိပ္ပာယ် ရှိသယောင်ယောင် လူငယ်တွေရဲ့ စိတ်ထဲမှာ ထင်လာကြပြီကွာ။ ရိုးရာယဉ်ကျေးမှု အစဉ်အလာကို သူတို့ မသိကျတော့ဘူး။ ဒီလို ရိုးရာယဉ်ကျေးမှုရဲ့ အကြောင်းအချက်အလက်တွေကို မသိတဲ့အခါ၊ လုပ်ခွင့်မရတဲ့အခါကျတော့ မူးရှုးပြီး ကခုန်နေရတာလေးကိုပဲ အပျော်ကြီး ပျော်ပြီးတော့ နေကြရတာပဲ။ ဒါပေမဲ့ အင်မတန် ကြောက်စရာ ကောင်းတယ်။

ဘာဖြစ်လို့လဲဆိုရင် တကယ်မတိုးတက်ပါဘဲနဲ့ တိုးတက်ချင်ယောင် ဆောင်နေတဲ့ တိုင်းပြည်ကြီး၊ တကယ် မကောင်းပါပဲနဲ့ ကောင်းချင်ယောင် ဆောင်နေတဲ့ တိုင်းပြည်ကြီးမှာ အနာဂတ်ကို ဦးဆောင်ကြမယ့် လူငယ်မျိုးဆက်သစ်တွေရဲ့ ဘဝဟာ မူးရှုးသောက်စား ပျော်ပါးခြင်းနဲ့ပဲ အချိန်တွေ အလကား ကုန်ဆုံးနေကြပြီဆိုရင်ကွာ၊ တိုင်းပြည်ရဲ့ သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ သူတို့မှာ အစွမ်းအစတွေ တစတစ လျော့ပါးလာမယ်။ ဒီလိုသာဆို ဒို့တိုင်းပြည်ရဲ့ အနာဂတ်က အတော့်ကို ရင်လေးစရာ ကောင်းနေမယ်။

အေး.. ဒါပေမဲ့ တချို့ လူငယ်လေးတွေ၊ လူငယ်ခေါင်းဆောင်တွေ ကျတော့လည်း တကယ်တော်ကြပါတယ်။ မင်း ကြည့်လေ ... ဒို့ အခုခေတ် အတိုက်အခံလောကမှာ လူငယ်တွေ၊ ရဟန်းပျိုတွေ အတော်များများ ဦးဆောင်လာကြတာကို ကြည့်ခြင်းအားဖြင့် ဒို့ လူမျိုးတွေဟာ မညံ့ကြဘူး။ ထို့အတူပဲ၊ ဒို့ တိုင်းပြည်ကြီးဟာ အချိန်မီ ပြောင်းလဲပြီး ပြုပြင်လာနိုင်ကြတယ် ဆိုရင်တော့ ကောင်းဖို့ အလားအလာတွေ အများကြီးရှိမယ်လို့ သုံးသပ်မိတယ်ကွာ”။

ဟုတ်ပါသည်။ ဆရာဘုန်းကြီး ပြောသကဲ့သို့ - ကျနော်တို့ ပြည်တွင်းမှာ ဖြတ်သန်းခဲ့ရသည့် နှစ်စဉ်နှစ်တိုင်း သင်္ကြန်ကာလများတွင် သံချပ်များ၊ တေးသရုပ်ဖော်များကို မကြုံခဲ့ မကြားခဲ့ရပါ။ ထို့အတူ သံချပ်နှင့် သင်္ကြန်သည် ဒွန်တွဲနေသော မြန်မာ့ယဉ်ကျေးမှု တခုဆိုတာလည်း နားမလည်ခဲ့မိပါ။ သံချပ်နှင့် သင်္ကြန်ကာလများ၏ အကျိုးဆက်များမှနေ၍ တိုင်းရေးပြည်ရာများ၊ အမျိုးသားရေး စိတ်ဓာတ်များကို လှုံ့ဆော်ကာ နိုးကြားမှု ဖြစ်စေခဲ့ကြောင်း ကျနော် ကြုံခဲ့ဆုံခဲ့ရသည့် သင်္ကြန်ကာလများမှာရော၊ ပတ်ဝန်းကျင်မှာပါ မကြုံခဲ့ မကြားခဲ့ရဖူးပါ။

ယခုအခါ နယ်စပ်ဒေသကို ရောက်လာပြီး ကြုံခဲ့ရတဲ့ သင်္ကြန်ကာလမှာတော့ အမိမြန်မာပြည်က ရိုးရာသင်္ကြန် အလှအပများကို လွမ်းမောတမ်းတရင်းက အတာသင်္ကြန်နဲ့ ပတ်သက်သည့် အကျိုးကျေးဇူးများကို ကျနော် ကြားခဲ့နာခဲ့ရသည့် အကြောင်းအချက်အလက် တချို့မှ ထုတ်နုတ်ကာ မျှဝေခံစားလိုက်ရပါသည်။

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေပါစေ။

No comments: