Thursday, April 30, 2009

ကုမ် ရာသီ၊ နီလာ ညခင်းအလွန် ... နေ့စွဲများ


(၁)

၁၉၉၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျနော်တို့ မာနယ်ပလောမှ ဆုတ်ခွာခဲ့ရသည်။ သောင်းရင်းမြစ်ကို ဝါးဖောင်ငယ်နှင့် ကူး၍ ဆုတ်ခွာခဲ့ကြ၏။ သောင်းရင်း၏ အရှေ့ဘက်ကမ်း သဲသောင်ပြင်သည် နွေးနေသည်။ မိုးမခပင် အုပ်အုပ်များက သဲသောင်ပြင်ပေါ်၌ ဟိုတစု …. ဒီတစု ….။ လရောင်သည် ဖန်မီးအိမ်ကို မီးဇာချ၍ ထွန်းညှိထားသကဲ့သို့ မှိန်မြမြ ….။ တဖက်ကမ်းမှ မီးစွယ်များ တက်လာ သည်ကို တွေ့ရ၏။ ယမ်းပေါက်ကွဲသံ ကြားရ၏။ ရေအားလျှပ်စစ် စက်ရုံငယ်အား KNLA အထူးကွန်မန်ဒိုအဖွဲ့မှ ဖောက်ခွဲဖျက်ဆီးလိုက်ပြီဟု ထင်ရသည်။ DAB တောင်ကြောကုန်းပေါ်မှ မီးစွယ်များက မီးရှိန်ကောင်းနေပြီ။

ဟိုမှာ …. NDF ရုံး … ။ ဟိုမှာ …. မိုင်တင်မောင်တို့၏ ပလောင်ရုံး ….။ ဟိုမှာ … PLF ….။ ဟိုမှာ …. DPNS …..။ ဟိုမှာ ….. NLD-LA …..။ ဟိုမှာ ….. NCGUB …..။ မီးစွယ်တက်ရာ အရပ်များကို ကြည့်ရင်း စိတ်၌ မှတ်သားမိနေ၏။

“ဆရာနိုင်ဝင်းဆွေ ရောက်ပြီလား ….”

မိုးမခပင် အုပ်အုပ်အောက်မှ မေးသံ ကြားရ၏။ အသံက … ရှတတ။ ကိုစိုးဝင်းညို (DVB ၊ နော်ဝေးတွင် တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်) ၏ အသံဟု ထင်ရသည်။

“ဆရာမန်းရှာတို့လည်း ကူးမလာကြသေးဘူး ….” ညသည် ဆိတ်ငြိမ်နေသည်။ လှိုင်းတိုရေဒီယိုလေးအတွင်းမှ ဒေါ်တင်ထားဆွေ၏ သတင်းကြေညာသံ ကြားနေရသည်။ ကြည်ကြည်လင်လင် ….။ သံတမန်တဦးမှတဆင့် ပေးပို့လိုက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ကြေညာချက်အား ဒေါ်တင်ထားဆွေမှ ကြေညာနေ၏။ ကျနော်တို့အားလုံး ရေဒီယိုလေးအနီး တိုးကပ်၍ သွားကြသည်။ ထုတ်ပြန်ကြေညာချက်က ချုပ်လိုက်လျှင်မူ ….

“ …. လွတ်မြောက်ရေးခရီးအား ဆုံးခန်းတိုင်အောင်ချီ….” ဟူ၍ ဖြစ်မည်။

သတင်းကြေညာချက်က ပြီးသွားပြီ။ ဦးဖေသန်း၏ အသံက မြူးကြွစွာ ထွက်ပေါ်လာ၏။ ရေဒီယိုကို အသံတိုးလိုက်ကြ၏။ ကိုမြင့်ဇော် (ယခု ကွယ်လွန်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ) သည် ထိုင်ရာမှ ထရင်း …. လုံချည်ကို တိုတိုပြင်ဝတ်လိုက်၏။ ပြီးလျှင် …

“ ဒီညတော့ လှသွားပြီ…”

သူ့ဘာသာရေရွတ်ရင်း တဖက်ကမ်းသို့ မျှော်ကြည့်နေ၏။ တဖက်ကမ်းတွင်မူ မီးစွယ်တို့က မကျိုးသေး …..။ သောင်းရင်းမြစ်ရေတို့က စီးဆင်းမြဲ…၊ စီးဆင်းဆဲ….။ အလျဉ်းမပြတ်….။

(၂)

ထိုညတွင်ပင် ကျနော်တို့ “ဗဟေလူ” ရွာသို့ အရောက်သွားခဲ့ကြသည်။ “ဗဟေလူ” ရွာက သောင်းရင်းကို ကျနော်တို့ ကူးခဲ့သည့် နေရာ၏ မြောက်စူးစူးအရပ်တွင် ရှိသည်။ လူသွားလမ်းငယ်ကား … ဖုန်၍ နေသည်။ လရောင်ကြောင့် လမ်းကို ရေးရေးမြင်ရသည်။ ဓာတ်မီးသုံးရန်မလို ….။ အချို့နေရာများတွင်မူ ဝါးရုံအုပ်အုပ်များအောက်မှ ဖြတ်သွားကြရသည်။ အကိုင်း၊ အခက်၊ အရွက်တို့က လရိပ်ကို ကွယ်၏။ ဖျော့သော လရောင်သည် မှိန်သွား၏။ မမြင်ဝိုးတဝါး ….။ ထိုအခါ … ရှေ့လူ၏ “ဟန်” ကို ကြည့်လျှောက်ရသည်။ ခွ၍ကျော်သော ခြေကို မြင်လျှင် … ခွ၍ လိုက်ကျော်….။ ခြေလှမ်းကျဲနှင့် ကူးလိုက်သည်ကို တွေ့လျှင် …. လိုက်ကူး ….။ ဤသို့နှင့် “ဗဟေလူ” ကို ရောက်၏။ ဗဟေလူရွာက မှိုင်းလုံးကြီးချောင်း၏ နံဘေးတွင် တည်ထားသော ရွာဖြစ်သည်။ ကျနော်တို့ တည်းမည့်အိမ်က ချောင်းကို မျက်နှာမူ၍ ဆောက်ထားသည်။ ချောင်းရေစပ်နှင့် အိမ်အကြား၌ ရာသီ၊ သီးနှံအခင်းလေး ရှိသည်။ ပဲတောင့်ရှည်၊ ငရုတ်၊ ခရမ်း၊ မုန်ညင်းတို့က လရောင်ဖျော့ဖျော့အောက်၌ ညို့ညို့မှိုင်းမှိုင်း….။

ကိုယ်လက်သန့်စင်ရန် ချောင်းရေစပ်သို့ ဆင်းခဲ့ကြ၏။ မှိုင်းလုံးကြီးချောင်းက အရှေ့မှအနောက်သို့ စီးဆင်းခဲ့ပြီး တောင်မှ မြောက်သို့ စီးလာသော သောင်းရင်းနှင့် “မူယူထာ” အနားတွင် တိုး၏။ “ဗဟေလူ” က မှိုင်းလုံးကြီးချောင်း၏ တောင်ဘက်ကမ်းတွင်ရှိသည့် ရွာဟု ဆိုရမည်။

“မှိုင်းလုံးကြီးချောင်း” ရေပြင်က မကျယ်။ ပြာသိုလ၊ ဆုတ်ရက်ချောင်းရေက မနက် ….။ အချို့နေရာတွင် ပေါင်ရင်း …. အချို့နေရာတွင်မူ ရင်စို့မျှ ရှိ၏။ ချောင်းအတွင်းသို့ ပေါင်လယ်လောက်အနက်အထိ ဆင်းလိုက်သည်။ ချောင်းရေက အေးစက်၍ မနေ ….။ ချောင်းညှာဘက်ဆီ မျက်နှာမူ၍ လက်ဝါးနှင့် ရေကို သယ်ပြီး မျက်နှာသစ်လိုက်၏။ လန်းဆန်းသွားသည်။ လပြည့်ရက်လွန်လသည် မှိုင်းလုံးကြီးချောင်းကို အပေါ်တည့်တည့်မှ ခွ၍ မိုးထား၏။

လက … နှစ်စင်း ဖြစ်နေသည်။ ရေပြင်ပေါ်ရှိ လကမူ ရေပြင်ကို လိုက်၍ ပုံသဏ္ဍာန်ပြောင်းလဲနေသည်။ မှိုင်းလုံးကြီး၏ ရေစီးက ဆင်မယဉ်သာဟန်နှင့် ညင်သာလွန်းလှသည်။

ည…လ..နှင့် မှိုင်းလုံးကြီးသည် လွတ်မြောက်ရေး၏ အငွေ့အသက်တို့ကို သယ်ပိုး၍ စီးဆင်းနေသကဲ့သို့ ….။

တချိန်က …. ဗိုလ်ချုပ် ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးသည် ဤမြစ်ရိုးအတိုင်း စုန်၍ မြန်မာ့လွတ်လပ်ရေးအတွက် မြန်မာပြည်အတွင်းသို့ ချီခဲ့ကြ၏။ ဤမြေ …. ဤရေ … မှသည် မြန်မာ့လွတ်လပ်ရေးဆီသို့ ….။

(၃)

ရန်သူဘက်မှ ပစ်သော လက်နက်ကြီး ကျည်များက “ယာဒေးနီ” ကို လွန်၍ သောင်းရင်းမြစ်အတွင်း ကျ၏။ အချို့ကျည်များက သောင်းရင်းကို ကျော်ပြီး ထိုင်းဘက်ကမ်းသို့ပင် ရောက်၏။ ထိုင်းဘုရင့်တပ်မတော်၊ တပ်မ ၃ မှ တပ်များ နယ်စပ်စည်းတွင် နေရာချလာကြသည်။ နယ်စပ်စည်းဟု ဆိုသော်လည်း သောင်းရင်းကမ်းပါးတွင် မဟုတ် …။ “ဘောရှောလူ” နှင့် “ ဖွေးဘောလူ ” ရွာအကြား၌ပင် ဖြစ်၏ ။ “ဘောရှောလူ” နှင့် “ ဖွေးဘောလူ” ရွာများက မှိုင်းလုံးကြီးချောင်း၏ မြောက်ဘက်ကမ်းတွင် ရှိကြသည်။ ကျနော်တို့ ရောက်နေသည့် “ဗဟေလူ” နှင့်မူ တဖက်ကမ်းစီ….။

ကျနော်တို့ မာနယ်ပလောမှ ထွက်ခွာခဲ့ပြီး ၃ ရက်အကြာတွင်မူ ရန်သူနှင့် DKBA တပ်ဖွဲ့တို့ မာနယ်ပလောသို့ ဝင်ရောက်ခဲ့ကြ၏။ “ထူးဝါးလူ”၊ “ကပေါလူ” နှင့် ကျနော်တို့ ရှိနေသည့် “ဗဟေလူ” ရွာများကို DKBA မှ ပြောက်ကျားဝင်ပစ်မည်ဟု သတင်းရ၏။ ဤရွာများက …. ထိုင်းဘုရင့်တပ်မတော်မှ နယ်စပ်စည်း လုံခြုံရေး ယူထားသည့် ဧရိယာ၏ အပြင်ဘက်တွင် ရှိနေ၏။ သတင်းကြောင့် ရွာသားများကမူ …. အတွင်းပိုင်းသို့ ရွှေ့ပြောင်း၍ နေကြ၏။ “ ထူးဝါးလူ” တွင်က … ဆေးရုံရှိသည်။ ထူးဝါးလူး ဆေးရုံသည်လည်း “ဖွေးဘောလူ” ရွာသို့ ပြောင်းရွှေ့သွားကြပြီဖြစ်သည်။

ကျနော်တို့လည်း အစီအစဉ် ဆွဲကြရ၏။ ဥက္ကဋ္ဌ နှင့် ဗဟိုရုံးအဖွဲ့ကို “ဖွေးဘောလူ” သို့ ပြောင်းရွှေ့ရန် စီစဉ်ကြသည်။ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြနှင့် KNU ၏ အခြားခေါင်းဆောင်များသည်လည်း “ဖွေးဘောလူ” တွင် ပင်ရှိနေကြသည်ဖြစ်၍ ကျနော်တို့ ဥက္ကဋ္ဌအနေနှင့် “ဖွေးဘောလူ” တွင် ရှိနေခြင်းက မဟာမိတ်ဆက်ဆံရေးနှင့် အခြားသော နိုင်ငံရေးကိစ္စများတွင် အတူတွဲ၍ လုပ်ကိုင်နိုင်မည်။ ပြီးလျှင် …. ကျန်းမာရေး မကောင်းသည့်သူများ၊ အသက်ကြီးရင့်သူများနှင့် မိသားစုများကိုလည်း ဖွေးဘောလူသို့ပင် ပြောင်းရွှေ့ထားရန် ဆုံးဖြတ်ကြ၏။

ကျနော်တို့ကမူ …“နော်တ” စစ်မျက်နှာသို့ စစ်ကူတက်သွားကြသည့် ကျနော်တို့အဖွဲ့မှ တပ်ဖွဲ့များကို စောင့်ရန် “ဗဟေလူ” ရွာ၌ပင် ကျန်နေရစ်ကြမည်။ “ဗဟေလူ” တွင် … လုံခြုံရေးအတွက် သေနတ်ကိုင်၍ ရသည်။ ထိုင်းဘုရင့်တပ်မတော်မှ လုံခြုံရေးစစ်သည်များက မှိုင်းလုံးကြီးချောင်းကို ကူး၍ “ဗဟေလူ” ဘက်သို့ မလာကြ…။ တဖြည်းဖြည်းနှင့် “ဖွေးဘောလူ” သည် စစ်ပြေးတို့ ခိုလှုံရာ ရွာကြီးဖြစ်လာ၏။ ကျနော်တို့ တည်းနေသည့် “ဗဟေလူ” ရွာမှ အိမ်ရှင်တို့သည်လည်း “ဖွေးဘောလူ” သို့ ပြောင်းရွှေ့သွားကြပြီ….။

“ဗဟေလူ” သည် တစ…တစနှင့် လူခြေတိတ်၍ ရှင်းလာသည်။ ရွာသားဟူ၍ မရှိတော့…။ KNU တပ်ဖွဲ့ဝင်အချို့နှင့် ကျနော်တို့သာ ကျန်တော့၏။

နော်တမှ ပြန်ဆုတ်လာကြရသည့် ကျနော်တို့ တပ်ဖွဲ့သည် ယာဒေးနီ၊ လောကွားလူဘက်မှ သောင်းရင်းကို ကူး၍ မရတော့…။ ရန်သူနှင့် DKBA သည် ထိုဒေသအတွင်းသို့ ရောက်နေပြီ။ ဤအတွက် …. သူတို့သည် နော်တမှ ထီးသေးခီသို့ ဆုတ်ရပြီး … သောင်းရင်းကို ကူး၍ “မယ်ပေါထ” သို့ ရောက်၏။ “မယ်ပေါထရွာ” သည်လည်း စစ်ကြောင့် ရွာပျက်၍ နေပြီ။ ရွာသားတို့က မရှိတော့ ….။ “မယ်ပေါထ” မှ ကျနော်တို့ ရှိနေသည့် “ဗဟေလူ” သို့ တက်လာခဲ့ကြခြင်းဖြစ်သည်။ သူတို့ “ဗဟေလူ” သို့ ရောက်တော့ … မှောင်၍ပင် နေလေပြီ….။ လဆုတ်ရက် … ရက်များက တရက်ပြီးတရက် လထွက်နောက်ကျ၏။

သူတို့နှင့် ပေါင်းမိပြီးသည့်နောက် …. ကျနော်တို့အားလုံး တည်းနေသည့် အိမ်ပေါ်တွင် မနေတော့….။ မှိုင်းလုံးကြီးချောင်းဘေး၌ပင် စီ၍ နေရာယူလိုက်ကြသည်။ သူတို့ကား …. နော်တ ခုခံစစ်၏ အတွေ့အကြုံများ ပြောပြကြ၏။

သူတို့ တာဝန်ယူရသည့် တောင်ကြောက ဆက်သွယ်ရေးမြောင်း …၊ ခံကတုတ်ကျင်းများနှင့် အခိုင်အခန့်ပင်။ RPJ များ၊ နားတိုးစက်လတ်များ ရှိသည်။ သူတို့ တပ်ဖွဲ့က KNLA မှ ဗိုလ်ဟီးရိုး၏ တပ်ခွဲနှင့် ပေါင်း၍ ထိုတောင်ကြောကို တာဝန်ယူရခြင်းဖြစ်သည်။ သူတို့ တာဝန်ယူခဲ့သည့် တောင်ကြောကို အပြီးအပိုင် မဆုတ်ခွာမီ တရက် ….။ ညဦး ၁၉းဝဝ စက်ချိန်တွင် ဗိုလ်ဟီးရိုးထံ အထက်စက်မှ ညွှန်ကြားချက် ဝင်လာ၏။ တောင်ကြောမှ ဆုတ်ခွာခဲ့ရန်ဟူ၍ ဖြစ်သည်။ R.T နှင့် ပြောသော်လည်း စကားဝှက်တွေ ပါသည်။ စကားဝှက်များကလည်း သူတို့သုံးနေသည့် စကားဝှက်များ….။ ဤတွင် … ဗိုလ်ဟီးရိုးသည် ခံစစ်ကုန်းမှခွာရန် သူတို့ကို ပြော၏။ ခွာစစ်အတွက် ပြင်ဆင်ကြ၏။ ကတုတ်ကျင်းများကို စွန့်ခွာ၍ တောင်ကြောပေါ်မှ သူတို့စစ်ကြောင်း ဆင်းခဲ့ကြ၏။ အမှောင်ထဲတွင်ပင် …. တရွေ့ရွေ့ …. တဖြေးဖြေး ….။ သူတို့အားလုံး တောင်ခြေသို့ ရောက်၏။ ချဉ်ပေါင်ဖာလာပင်များအကြား နားကြ၏။

၂ဝးဝဝ စက်ချိန်တွင် ဗိုလ်ဟီးရိုးက သူ၏စက်ကို ဖွင့်သည်။ ဗိုလ်မှူးကြီးလောဝါဒီနှင့် ရ၏။ ဗိုလ်မှူးကြီးလောဝါဒီက မာနယ်ပလော ခုခံရေးစစ်၏ ဗျူဟာမှူး ….။ ဗိုလ်မှူးကြီးလောဝါဒီက … “ဒီည သူတို့ တောင်ကြောကို ရန်သူ တက်မည်။ သတိထားပါ” ဟူ၍ … ဗိုလ်ဟီးရိုးကို ညွှန်ကြား၏။ ဗျူဟာမှူး၏ ညွှန်ကြားချက်ကြောင့် ဗိုလ်ဟီးရိုး အူကြောင်ကြောင် ဖြစ်သွား၏။ လွန်ခဲ့သည့် စက်ချိန်ကပင် သူ၏ အထက်စက်တလုံးမှ စခန်းကို စွန့်ခွာ၍ ဆုတ်ခဲ့ရန် ညွှန်ကြား၏။ ညွှန်ကြားသည့်အတိုင်း သူတို့ ဆုတ်ခွာခဲ့သည်မှာ တောင်ခြေသို့ပင် ရောက်နေပြီ။ ဘယ်လိုလဲ ….။ တခုခုတော့ လွဲနေပြီ ….။ ဘာလဲ ….။ အပြန်အလှန် စက်နှင့်စကားပြောရင်း…. သူတို့ သိလိုက်ပြီ။ DKBA မှ ဝင်၍ နှောက်ခြင်းဖြစ်မည်။ စခန်းကုန်းကို ချက်ချင်း ပြန်တက်သိမ်းပြီး နေရာပြန်ယူရန် ဗျူဟာမှူးက ဗိုလ်ဟီးရိုးကို ခိုင်း၏။ သူတို့အားလုံး စခန်းကြောသို့ ပြန်တက်ရန် ပြင်ကြရသည်။ အန္တရာယ်တော့ ကြီး၏။ အကယ်၍ …. သူတို့ စွန်ခွာခဲ့ကြသည့် ကတုတ်ကျင်းများတွင် ရန်သူနှင့် DKBA သာ နေရာယူထားပြီး ဖြစ်ခဲ့လျှင် …. အခြေအနေက အဆိုးဆုံးသို့ ရောက်သွားနိုင်၏။ မတတ်နိုင် …။ ကိုယ့်စခန်းကုန်းကို ကိုယ်ပြန်တက်၍ သိမ်းကြရပြန်သည်။ ကံကောင်းသည်ဟုပင် ဆိုရမည်။ သူတို့ စွန့်ခဲ့သည့် ကတုတ်ကျင်းများအတွင်း ရန်သူနှင့် DKBA တို့ မရှိ။ သူတို့ နေရာပြန်ယူကြ၏။

နောက်တနေ့…..

ရန်သူနှင့် DKBA တို့သည် ဆင်ဖြူတောင်မှ သံလွင်ကို ကူးကြ၏။ သူတို့ တောင်ကြောကို တက်၏။ DKBA တို့က နဖူးတွင် မြိုင်ကြီးငူ၏ ဝတ်ရုံစများ ချည်ထားကြ၏။ ခေါင်းပေါင်းဝါများက ခေါင်းပေါင်းစ တလူလူနှင့် ….။

လရောင်သည် လူးလွန့်၍ မြင့်တက်လာ၏။ မှိန်ပြပြ လရောင်အောက်၌ မှိုင်းလုံးကြီးချောင်းသည် ကြည်ပြာရောင် လင်းလဲ့လဲ့ ….။

သူတို့ ပြောပြသည့် ခေါင်းပေါင်းဝါစ တလူလူနှင့် DKBA တို့အကြောင်း နားထောင်ရင်း …. စိတ်ထဲ၌မူ ကိုနေဝင်း၏ စပျစ်ရည်ချိုနောက်က မေ့မျက်ရည် တေးချင်းကို ညည်းမိ၏။


“ကြည်ပြာရောင်အဆင်း၊

လင်းလဲ့လဲ့ မင်းအရိပ်ထင်

လူပုံအလယ်

ပျော်လေဦးပေါ့ ပြေလည်တုန်း။

နီလာညခင်း

မင်းတို့အတွက် ပြုံးအကြည့်မှာ

အမှောင်ကမ္ဘာထဲ

ညီညာတီးတိုး ရှိုက်သံလွှမ်း…”

No comments: