ABC
မြန်မာအစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်တို့ ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၄ ထိန်းချုပ် နယ်မြေအပါအ၀င် ကေအိုင်အေ တပ်စခန်းအနီးတွေမှာထိပ်တိုက် တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
မတ်လ ၂၅ရက်နေ့ ညနေပိုင်းက ကေအိုင်အေ တပ်မဟာ ၄ ထိန်းချုပ်မှုအောက်မှာရှိတဲ့ တပ်ရင်း ၁၇ရှေ့တန်းတပ်များ အခြေစိုက်ရာနေရာကို အစိုးရအရှေ့မြောက်ပိုင်းတိုင်း ရမခ လက်အောက်ခံ ခလရ ၁၄၅ နဲ့ ၂၉၀ တပ်ရင်းတို့က ချဉ်းကပ်လာရာကနေ ထိပ်တိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်လို့ ကေအိုင်အေပြောရေးဆိုခွင့် ရှိသူဦးလနန်ကပြောပါတယ်။
"ဒီအချိန်မှာတော့ အစိုးရတပ်ရဲ့ စစ်ရေးလှုပ်ရှားမှု နေ့တိုင်းလုပ်နေကြတယ်။ သွားသွားလာလာ စစ်ကြောင်း နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ လှုပ်ရှားရင်းလှုပ်ရှားရင်း ကျွန်တော်တို့တပ်နဲ့ နီးတဲ့အခါကျတော့ မလွဲမရှောင်သာ တိုက်ပွဲတွေ ဖြစ်ကြတာပေါ့။"
အစိုးရနဲ့ KIO ဟာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေဆဲကာလတွေမှာ နှစ်ဖက်ကြား တိုက်ခိုက်မှုတွေ လျော့ကျသွားပေမယ့် အခုချိန်ထိ တိုက်ပွဲတွေက ဆက်ဖြစ်နေတုန်းပဲလို့လည်း ဦးလနန်ကဆက်လက် ပြောပြပါတယ်။
"ဖြစ်တာတော့ ဖေဖေါ်ဝါရီလအတောအတွင်း ကနေ အခုထိ ဖြစ်တဲ့နေရာတွေကတော့ တပ်မဟာ(၁) ဧရိယာမှာလည်းဖြစ်တယ်။ တိုက်ပွဲဖြစ်လာရတဲ့အကြောင်းတရားကတော့ KIO ရှိတဲ့ နေရာကို သူတို့ အနီးကပ်ချဉ်းကပ်လာတဲ့အတွက်ကြောင့် ဖြစ်ရတဲ့ တိုက်ပွဲတွေလို့ပြောလို့ရတယ်။"
KIO ဌာနချုပ်သို့ တက်လာတဲ့ စစ်မြေပြင် သတင်းတွေအရတော့ ဖြစ်ပွါးခဲ့တဲ့တိုက်ပွဲကြောင့် KIA ဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိဘူးတဲ့အကြောင်း အစိုးရဘက်ကအခြေအနေကိုတော့သူတို့အနေနဲ့ မသိကြောင်း ဦးလနန်က ဆက်ပြောပါတယ်။
"ဇန်န၀ါရီလကတော့တိုက်ပွဲအပြင်းထန်ဆုံးကာလလို့ပြောလို့ရတယ်။ အဲဒီတုန်းက တိုက်ပွဲ အရေအတွက် ကတော့ တော်တော်များမှာပါ။ ဒါပေမယ့် ဇန်န၀ါရီလကနေပြီးတော့ မတ်လ အခုရက်ပိုင်းအထိတော့ တိုက်ပွဲပေါင်းဆယ်ကြိမ်မကဘူး။"
KIO နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ တို့ပြီးခဲ့တဲ့ မတ် ၁၁၊ ၁၂ နေ့တွေမှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးပြီးနောက်လာမယ့် ဧပြီလ ၁၀ ရက်နေ့မတိုင်မီ မှာ ထပ်မံဆုံတွေ့ကြဖို့ နှစ်ဘက် သဘောတူထားတဲ့အကြောင်း၊ အစိုးရဖက်က ပြည်တွင်း မြစ်ကြီးနား မနောကွင်းမှာတွေ့နိုင်ဖို့ စီစဉ်နေတယ်လို့ဆိုပေမယ့်လည်း KIO ဘက်ကတော့ ဘယ်နေရာဆိုတာတိတိကျကျ မသိသေးဘူးလို့ ဆိုပါတယ်။
No comments:
Post a Comment