ABC
မြန်မာနိုင်ငံမှာ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးတွေ တိုးတက်မှုရှိလာပြီလို့ ပြောဆိုနေကြပေမယ့် တရားမဝင် မူးယစ်ဆေးဝါးပြဿနာကတော့ ပိုမို ဆိုးရွားနေတယ်လို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။
ခုချိန်ဟာ ဘိန်းတွေကို ရိတ်သိမ်းချိန် ဖြစ်တဲ့အတွက် မှောင်ခို ကူးသန်းရောင်းဝယ်မှုတွေ ထွန်းကား ချိန်ဖြစ်ပြီး သောက်သုံးသူတွေလည်း ပိုပြီး သောက်သုံးကြချိန်ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ တရားမဝင် မူးယစ်ပြဿနာကို အစိုးရက ဖြေရှင်းနေပေမယ့် တဖက်မှာလည်း ဒေသခံ အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်ကနေ ဘိန်း စိုက် ပျိုး ခွင့် တွေ ပေးထားတဲ့ အတွက် ပြဿနာက ပိုမို ဆိုးရွားနေတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်တွင်းမှာ နေထိုင်သူတွေ အများအပြား ဘိန်းစိုက်ပျိုးရေးတွေ လုပ်နေကြပြီး ဘိန်းစိုက်ပျိုးတဲ့ လုပ်ငန်းကို မလုပ်ကိုင်လိုကြပေမယ့် ဘဝရပ်တည်ရေးအတွက် လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။ တခြားသီးနှံတွေကို စိုက်ပျိုးရင် ဝယ်ယူသူတွေက တောတောင်ထိမဝယ်ကြတဲ့အတွက် မြို့ထဲကို သယ်ယူပို့ဆောင်နေရပြီး ဒီလို သွားလာ သယ်ယူရေး အခက်ခဲတွေကြောင့်လည်း ဘိန်းကိုပဲ စိုက်ပျိုးကြတာ ဖြစ်ပါတယ်။
ဘိန်းဝယ်ယူသူတွေက တောတောင်တွေအထိ လာပြီး ဘိန်းကို ဈေးကောင်းပေးဝယ်ကြတဲ့အတွက် ရောင်းရလွယ်ကူပြီး ငွေကြေးပိုရတဲ့ ဘိန်းကို စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးမှု ထွန်းကားတဲ့ဒေသဟာ အစိုးရရဲ့ ထိန်းချုပ်မှု နည်းပါးတဲ့ဒေသတွေ၊ ဒေသခံအုပ်ချုပ်ရေးအာဏာပိုင်တွေ ကြီးစိုးတဲ့ ဒေသဖြစ်တယ်လို့လည်း ဆိုပါတယ်။
နှစ်ပေါင်းများစွာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြောင့်လည်း တောင်ပေါ်ဒေသခံတွေဟာ ဘိန်းစိုက်ပျိုးမှုအပေါ် မှီခိုနေရပြီး လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း အဲဒီအပေါ်မှာ မှီခိုနေရတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်ထဲက တောတောင်တွေကြားမှာ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ စက်ရုံတွေရှိနေပြီး အဲဒီကတဆင့် ဘိန်းဖြူတွေ၊ စိတ်ကြွဆေးပြားတွေ ထုတ်လုပ်ပြီး အိမ်နီးခြင်းနိုင်ငံတွေကို ရောင်းချနေကြတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်ကပဲ ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံကနေ ဝင်လာတဲ့ စိတ်ကြွဆေးပြားသန်းပေါင်း ၈၂.၂ သန်းကို ဖမ်းဆီးရမိခဲ့ပြီး အရင်နှစ်တွေနဲ့ယှဉ်ရင် ၆၆% ပိုများလာတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံကနေ တနှစ်ကို ဘိန်းတန်ချိန် ၆၉၀ လောက် ထုတ်လုပ်နေပြီး အာဖဂန်နစ္စတန်နိုင်ငံပြီးရင် မြန်မာနိုင်ငံဟာ ဘိန်းကို ဒုတိယအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၀၆ ခုနှစ် နောက်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှု ဧက ၂ ဆ ကျော်တိုးမြင့်လာတယ်လို့ သိရပါတယ်။
No comments:
Post a Comment