ABC
ပဲခူးတိုင်း အနောက်ခြမ်းဒေသက အုတ်ဖို၊ မင်းလှနဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာ မတ်လ ၂၆ရက်နေ့က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီးနောက် အခြေအနေတွေဟာ ငြိမ်သက်မှုမရှိပဲ မနေ့ကအထိ ဆူပူအကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့တဲ့အတွက် ညနေပိုင်းမှာ ဇီးကုန်းမြို့နယ်နဲ့ နတ်တလင်း မြို့နယ်တွေမှာ ပုဒ်မ ၁၄၄ကို ထုတ်ပြန်ခဲ့သလို အကြမ်းဖက်မှုတွေ ဆက်မဖြစ်အောင် ကြိုတင်ကာကွယ်မှုတွေလုပ်ဖို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
ပဲခူးတိုင်းတွင်းရှိ မြို့နယ် ၅ခုမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့အကြောင်းရင်းကတော့ နတ်တလင်းမှာ နေအိမ် ၈လုံး၊ ဆိုင် ခန်း၁၂ခန်း၊ ဘာသာရေးအဆောက်အဦး ၁ခုနဲ့ ဇီးကုန်းမြို့နယ်မှာ နေအိမ် ၁၄လုံး၊ ဘာသာရေးအဆောက်အဦး ၁ခု ပျက်စီးခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သေနတ် ပစ်ဖောက် လူစုခွဲခဲ့ရ သလို ဇီးကုန်း မြို့မှာ လူ ၁၀ဦးကို ဖမ်းဆီးထားပြီးနောက် ထုတ်ပြန်ရတာလို့ အစိုးရက တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။
ပဋိပက္ခတွေ ဆက်ဖြစ်နေတဲ့အတွက် မူဆလင်လူမျိုးတွေ တိမ်းရှောင်နေကြတယ်လို့ ဇီးကုန်းဒေသခံ မူဆလင်တဦးက အခုလိုပြောပါတယ်။
ဟုတ်ပါတယ်၊ နတ်တလင်းတို့၊ ကြို့ပင်ကောက်တို့၊ အုတ်ဖိုတို့က ကျနော်တို့ထက်အရင်လေ၊ အရင်စဖြစ်တာ အိုးသည်ကုန်း၊ ရေကျော်၊ ပြီးမှကျနော်တို့ အဓိက ညနဲ့ ဒီနေ့ပေါ့နော်၊ မီးတော့မရှို့ဘူး၊ အိမ်တွေ၊ ဗလီတွေဖျက်လို့ ညကဖြစ်တာတော့ ၃နာရီကနေ ၅နာရီထိ၊ နေ့ခင်းပိုင်းက ၂နာရီကနေ ၄နာရီ ၁၅ လူတွေကတော့ အားလုံးရှောင်ရတယ်၊ မြို့ပေါ်မှာ မူဆလင်တွေမရှိတော့ဘူး၊ ဗလီကတော့ ညကတော့ အတွင်းနေရာကတော့ ဘာမှမရှိတော့ဘူး၊ အပြင်က တိုင်တွေဘာတွေကျန်တယ်၊ နေ့ခင်းကျတော့ တိုင်တွေဘာတွေကအစ ဖျက် လိုက်တယ်လို့ ကြားတယ်လေ။
ဇီးကုန်းမြို့မှာ ၂၆ရက်နေ့ညပိုင်းကတည်းက လူအင်အား ၃၀၀လောက်နဲ့ ဗလီတွေကို လာရောက်ဖျက်ဆီးခဲ့တာ ဖြစ်ပြီး ပေါင်းတည်မြို့မှာလည်း ကောလဟလသတင်းတွေကြောင့် စိုးရိမ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။
ဇီးကုန်းမြို့နယ်မှာ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့မူဆလင်လူမျိုး ၉၀ကျော်ကို ဗုဒ္စဘာသာဝင် မညှင်းကျေးရွာသူကြီးက ကူညီစောင့်ရှောက်ပေးထားတယ်လို့ ဒေသခံမူဆလင်တဦးက အခုလို ပြောပါတယ်။
သူကြီးဦးတင်အေးဆိုတာ မြို့မျက်နှာဖုံးပေါ့၊ ဒီမညှင်းကျေးရွာဆိုတာပေါ့နော်၊ အဲဒါလေးမှတ်တမ်းတင်ပေးပါ၊ ကျနော်တို့အားလုံး ဒီမှာ သူ့စရိတ်နဲ့သူ ကောင်းမွန်စွာကျွေးတယ်၊ ကောင်းမွန်စွာအိပ်ခိုင်းတယ်၊ ဒီနေ့ဆိုရင် ကျနော်တို့ မူဆလင်တွေအားလုံး ဒုက္ခသည် ၉၀ကျော်ပေါ့နော် အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်နော်၊ အဲဒီ ၉၀ကျော်က ဒီမှာ ကြက်သားဟင်းနဲ့ ဆိတ်သားဟင်း အားလုံးကိုကျွေးမွေးပြီးတော့ စောင့်ရှောက်ထားပါတယ်၊ သူက ဗုဒ္စဘာသာပါ။
ဇီးကုန်းမြို့မှာ ဖြစ်ပွားခဲ့တဲ့အခြေအနေတွေကို ဓါတ်ပုံမှတ်တမ်းရယူနေတဲ့ ဒေသခံတဦးကို လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတင်ထားရတယ်လို့လည်း ပြောပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းဒေသတွေဖြစ်တဲ့ ပြည်မြို့နဲ့ အနီးတ၀ိုက်ရွာတွေမှာ ပဋိပက္ခတွေ ဖြစ်ပွားလာမှာကို တားဆီးတဲ့အနေနဲ့ ည၉နာရီကစပြီး ပုဒ်မ ၁၈၈ ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်တယ်ဆိုတာကို အသံချဲစက် တွေနဲ့ အသိပေး ကြေညာခဲ့တယ်လို့လည်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
အကြမ်းဖက်မှုတွေ အရှိန်မြင့်မလာအောင် ကြိုတင်ကာကွယ်မှု လုပ်ဖို့ ကုလသမဂ္ဂပြော
မြန်မာအစိုးရအနေနဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေအကြားမှာ အကြမ်းဖက်မှုတွေ အရှိန်မြင့်မလာရအောင် ကြိုတင်ကာကွယ်မှုတွေ လုပ်သင့်နေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂအကြီးတန်းအရာရှိတစ်ယောက်က တိုက်တွန်းလိုက်ပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂအရာရှိ Ashok Nigam က ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းက မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေဟာ အတော်လေး ဆိုးဝါးလွန်းတယ်လို့လည်း ပြောပါတယ်။
မူဆလင်တွေရဲ့ နေအိမ်တွေကို အစွမ်းထက်ထက်ကြမ်းကြမ်းတမ်းတမ်း ပစ်မှတ်ထားခဲ့တာတွေဖြစ်သလို ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေအကြား အကြမ်းဖက်ဖို့ သွေးထိုးလှုံ့ဆော်မှုတွေလည်း ရှိနေခဲ့တယ်လို့လည်း သူက ပြောပါတယ်။
မိတ္ထီလာမှာတင် အကြမ်းဖက်မှုတွေဖြစ်ခဲ့တာမဟုတ်ပဲ ကျန်တဲ့နေရာတွေမှာပါဖြစ်ခဲ့ပြီး အရင်က ဗုဒ္ဓဘာသာဝင်တွေကြားထဲမှာ အေးအေးချမ်းချမ်းနေလို့ရခဲ့ရာကနေ အခုလိုရုတ်တရက်အကြမ်းဖက်မှုတွေဖြစ်လာရတာကြောင့် မူဆလင်တွေ ကြောက်လန့်နေကြရာမှာပဲဖြစ်တယ်လို့လည်း ကုလသမဂ္ဂအရာရှိ Ashok Nigam က ပြောပါတယ်။
အကြမ်းဖက်တိုက်ခိုက်ခဲ့မှုမှာ ထူးဆန်းနေတာက အတိုက်ခိုက်ခံခဲ့ရသူတွေ အတွေ့ဖူး မသိဖူးသူတွေက အဓိကပါဝင်ပြီး အကြမ်းဖက်နေတာဖြစ်တယ်လို့လည်း မီတ္ထီလာမြို့ကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားက မှတ်ချက်ပေးထားတယ်လို့လည်း သိရပါတယ်။
ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေအကြား အကြမ်းဖက်မှုတွေဟာ ပဲခူးတိုင်း အုတ်ဖို၊ မင်းလှနဲ့ ကြို့ပင်ကောက်မြို့တွေမှာဖြစ်ပွားခဲ့ရာကနေ အခုအခါမှာတော့ ဇီးကုန်းမြို့နဲ့ နတ်တလင်းမြို့တွေကိုပါ ကူးစက်နေပြီဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
No comments:
Post a Comment