Monday, December 16, 2013

လွှတ်တော်ကိုယ်စားလှယ် မှတ်ပုံတင်ကြေး ကျပ်သုံးသိန်းသို့ လျှော့ရန် စီစဉ်

နန်းလွင်နှင်းပွင့်

ပင်ဆင်ရန်ဆောင်ရွက်နေသည့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေမူကြမ်းများကို မကြာမီ ထုတ်ပြန်သွား မည်ဖြစ်ပြီး ယင်းတွင် မူလသတ်မှတ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်မှတ်ပုံတင်ကြေး ကျပ်ငါးသိန်း ကို ကျပ်သုံးသိန်းအထိ လျှော့ချသွားရန် စီစဉ်ထားသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ၀င် ဦးသောင်းလှိုင်က ဒီဇင်ဘာ ၁၀ ရက်တွင် မဇိ္ဈမကို ပြောသည်။

“မှတ်ပုံတင်ကြေးလျှော့မယ်။ တခြားပြင်ဆင်ထားတဲ့ အချက်တွေကိုတော့ အခုအချိန်မှာ အသေးစိတ် ထုတ်ပြောလို့ မရသေးဘူး”ဟု ဆိုသည်။ ထိုသို့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ ပြင်ဆင်နိုင်ရန် အောက်တိုဘာလတည်းကပင် ပါတီများ၏ အကြံဥာဏ်တောင်းခံမှုများ ရယူဆောင်ရွက်နေသည်။

ထို့ပြင် ရွေးချယ်မခံရသည့် ကိုယ်စားလှယ်လောင်းများကိုလည်း မှတ်ပုံတင်ကြေး ပြန်လည်ထုတ်ပေးနိုင် ရန်ကိုလည်း စီစဉ်နေသည်။ သက်ဆိုင်ရာမဲဆန္ဒနယ်တစ်ခုတွင်ရှိသည့် မဲအရေအတွက် စုစုပေါင်း၏ ရှစ် ပုံတစ်ပုံနှင့်အထက်ရရှိသည့် ကိုယ်စားလှယ်လောင်းများကို မှတ်ပုံတင်ကြေး ပြန်လည်ထုတ်ပေးရန် စီစဉ် ထားခြင်းဖြစ်သည်။

“သုံးသိန်းဆိုတာ သင့်လျော်တယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦး သုဝေက ဒီဇင်ဘာ ၁၂ ရက်တွင် မဇိ္ဈမကို ပြောကြားသည်။

ရွေးကောက်ပွဲဥပဒေတွင် ပြင်ဆင်ရန် အချက်များစွာရှိသည်ဟု နိုင်ငံရေးပါတီများက ဆိုသော်လည်း အသေးစိတ်ကိုမူ သုံးသပ်ပြောကြားခဲ့ခြင်း မရှိပေ။ “အခုက တကယ်ကို အလုပ်မှမဖြစ်တာ၊ အဲ့တော့ ပြင် ရမယ်။ ပြင်မှ အကျုံးဝင်မယ်၊ မပြင်ရင် ဒီမိုကရေစီမဆန်ဘူး”ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ပြောသည်။

ယင်းသို့ အကြံပြုမှု ဝေဖန်မှုများအပေါ် အရေးယူဆောင်ရွက်သည့်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ နည်း ဥပဒေများ ပြင်ဆင်ရန်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြိုးပမ်းနေသည်။ “လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒါတွေကိုတော့ဖြင့် မပြင်ရင် ဘယ်လိုမှ ပွင့်လင်းမြင်သာမှုရှိမှာ မဟုတ်ဘူးလို့ ပါတီတွေက အကြံပြုထားတာတွေ အားလုံးကို အခုပြင်နိုင်ဖို့ စီစဉ်ထားတာပါ”ဟု ဦးသောင်းလှိုင်က ပြောသည်။

No comments: