Saturday, December 14, 2013

အိမ်ဖော်အဖြစ်အပ်နှံကာ ငွေကြေးခေါင်းပုံဖြတ်သူ မောင်နှမနှစ်ဦးကို လူကုန်ကူးမှုဖြင့် အရေးယူ

ရဲလင်းထွဋ်

လစာကောင်းဖြင့် အလုပ်ရမည်ဟု အမျိုးသမီးတစ်ဦးကို လိမ်လည်စည်းရုံး၍ အိမ်ဖော်အဖြစ်ထားရှိပြီး ငွေကြေးခေါင်းပုံဖြတ်ယူသူ မောင်နှမနှစ်ဦးအား ဒီဇင်ဘာ ၈ ရက်က ပဲခူးတိုင်း၊ ဝေါမြို့မရဲစခန်းတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ ဒု-ရဲမှူး ဦးမင်းနိုင်က ပြောသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ဝေါ မြို့နယ်မှ မ--- သည် မုန့်ဆီကြော် အရောင်းသွားရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိသဖြင့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်တွင် ဝေါမြို့မရဲစခန်းမှ လူ ပျောက်အမှတ်စဉ် (၃/ ၂၀၁၃)ဖြင့် စုံးစမ်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာလ ၆ ရက်တွင် ပျောက်ဆုံးသူ မ---သည် နေအိမ်သို့ ပြန်လည်ရောက်ရှိလာသဖြင့် အဘိုးဖြစ် သူမှ မေးမြန်းခဲ့ရာ မ--- သည် အောက်တိုဘာ ၂၀ ရက် ညနေ ၄ နာရီအချိန်တွင် ဝေါ မြို့၊ ကြုံတူဘုရား မုခ်ဝအနီး မုန့်ဆီကြော် ရောင်းနေစဉ်ဝေါမြို့၊ အောင်ချမ်းသာ ရပ်ကွက်၊ မစိုးရိမ်ဘုန်းကြီးကျောင်းအနီး တွင် နေထိုင်သူ ဒေါ်ဌေးဌေး(ခ) ဌေးဌေး ရီ(၅၂)နှစ် (ဘ) ဦးတင်လှနှင့် မန္တလေးမြို့၊ အမှတ် (၈၀/၈၁) လမ်းကြားနေ မောင်ဖြစ်သူ ဦးလှဝေ(၅၀)နှစ် (ဘ) ဦးတင်လှတို့မှ မန္တလေးရှိ ထမင်းဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ရမည်၊ လစာကောင်းကောင်းရမည်ဟု ပြောဆိုကာ ဦးလှဝေနှင့်အတူ ဘုရားကြီး ကားဂိတ်မှ တစ်ဆင့် ရွှေမန်းသူကားဖြင့် မန္တလေးသို့ လိုက်ပါသွားခဲ့သည်ဟုဆိုသည်။မန္တလေးသို့ ရောက်သောအခါ တွင်မူ ထမင်းဆိုင်သို့ ပို့ဆောင်ခြင်းမရှိဘဲ အိမ်တစ်အိမ်သို့ အိမ်ဖော်အဖြစ် ပို့ဆောင်ကာ ငွေကျပ် သုံး သိန်းကို အိမ်ရှင်ထံမှ ဦးလှဝေကထုတ်ယူသွားကြောင်း၊ နောက်တစ်လကျော်ခန့်အကြာတွင် ဦးလှဝေ သည် မ---အလုပ်လုပ်ကိုင်သည့် အိမ်သို့ ရောက်ရှိလာကာ ပြန်လိုက်ခဲ့ရန်ခေါ်ပြီး မန္တလေး - မော်လ မြိုင် မှန်လုံယာဉ်ပေါ်တင်ပေးလိုက်သဖြင့် နေအိမ်သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေါ်ဌေးဌေး(ခ) ဌေးဌေးရီနှင့် ဦးလှဝေတို့ကို မ--- အား မန္တလေးမြို့ရှိ ထမင်းဆိုင်တစ်ဆိုင်တွင် အလုပ်ရမည်ဆိုကာ အိမ်ဖော်အဖြစ် အပ်နှံထားခဲ့ပြီး ငွေကျပ်သုံးသိန်းကို ခေါင်း ပုံဖြတ်ရယူသွားသည့်အတွက် ဥပဒေအရ အရေးယူပေးရန် အဘိုးဖြစ်သူမှ တိုင်းတန်းခဲ့သဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် ဝေါမြို့မရဲစခန်း(ပ)၄၂၅/ ၂၀၁၃၊ လူကုန်ကူးမှုတားဆီကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှ နိုဝင်ဘာလအထိ မြန်မာနိုင်ငံတ၀န်းလုံးတွင် လူကုန်ကူးမှုပေါင်း ၉၅ မှု ဖြစ် ပွားခဲ့ရာ တရုတ်နိုင်ငံတွင် ၅၆ မှု၊ ထိုင်းနိုင်ငံတွင် ၂၀ မှုနှင့် ပြည်တွင်းတွင် ၁၉ မှုတို့ဖြစ်ပြီး ပြည်တွင်း ၁၉ မှုတွင် ပြည့်တန်ဆာအဖြစ် ခိုင်းစေမှု ၁၆ မှုနှင့် အဓမ္မအလုပ်ခိုင်းစေမှု သုံးမှုတို့ဖြစ်သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

No comments: