Saturday, December 14, 2013

မန္တလေးတိုင်း ကျောက်ဆည်တွင် ပထမဆုံး သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ဆောက်မည်

ဖြိုး

မန္တလေးတိုင်းအတွက် လျှပ်စစ်ဓာတ်အားထုတ်ပေးနိုင်မည့် ပထမဆုံးသော သဘာဝဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားစက်ရုံကို ကျောက်ဆည်စက်မှုနယ်မြေအတွင်း တည်ဆောက်ရန် မြေနေရာရရှိပြီဟု တိုင်းလျှပ် စစ်အင်ဂျင်နီယာ ဒေါ်အေးအေးမင်းက ပြောသည်။

စက်တပ်ဆင်အား ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ၂၀၁၄ ဧပြီတွင် အပြီးဆောက်လုပ်သွားမည်ဟု ဆိုသည်။

“မြေနေရာလည်းရသွားပြီဆိုတော့ တည်ဆောက်ဖို့က ဖောင်ဒေးရှင်းနဲ့စက်တွေထိုင်ဖို့ပဲ ကျန်ပါတော့တယ်။ ၂၀၁၄ နွေရာသီအမီကြိုးစားသွားမှာပါ၊ ဒီစက်ရုံပြီးသွားရင်တော့ မန္တလေးတိုင်းအတွင်း အိမ်သုံးလျှပ်စစ်ပေး ရာမှာ ထည့်ပေးမှာ ဖြစ်ပါတယ်”ဟု ဒေါ်အေးအေးမင်းက ပြောသည်။

စက်တပ်ဆင်အင်အား ၁၀၀ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာမည့် ၃၃ ကေဗွီဓာတ်အားကို ဘဲလင်းခွဲရုံမှတစ်ဆင့် မန္တလေးတိုင်းအတွင်း မီးသုံးစွဲသူများ၏ ဓာတ်အားစနစ်အတွင်း သို့ ပို့လွှတ်သွားမည် ဖြစ်သည်။ စက်ရုံကို ယခင်က ကျောက်ဆည်ခရိုင် ဘဲလင်းတွင် ယာယီသတ်မှတ် ထားခဲ့ရာမှ ကျောက်ဆည်စက်မှုနယ်မြေ၌ ရရှိခဲ့ခြင်းဖြစ်သည်။

No comments: