Thursday, March 13, 2014

တစ်နှစ်ဝင်ငွေ သိန်း၂၀ အထက်ရှိသူ ၀င်ငွေခွန် ဆောင်ရမည်

ဝင်းကိုကိုလတ်

တစ်နှစ်လျှင် ၀င်ငွေ သိန်း ၂၀ အထက်ရှိသူများသည် လာမည့်ဧပြီ ၁ ရက်မှစ၍ ၀င်ငွေခွန်ဆောင်ရတော့ မည်ဟု မတ်လ ၁၁ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ၀င်ငွေခွန်ဥပဒေကို ပြင်ဆင် သည့်ဥပဒေကြမ်းကို ဆွေးနွေးရာတွင် အတည်ပြုလိုက်သည်။

ဒဂုံမြို့သစ်မြောက်ပိုင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက “အခုက တစ်လလစာ တစ်သိန်းခွဲကျော်မှ၊ တစ်နှစ်ကို ၀င်ငွေ သိန်း ၂၀ ကျော်မှ ၀င်ငွေခွန်ဆောင်ရတော့မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ယခင်ဥပဒေကြမ်းအရ လူတစ်ဦး၏ ၀င်ငွေ တစ်လလျှင် တစ်သိန်းလေးသောင်းကျော်လျှင် အခွန်ဆောင် ရမည်ဟု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ ၀င်ငွေခွန်ပေးဆောင်ရာတွင်၂၀၁၄ ခုနှစ်၊ ဧပြီ ၁ ရက်မှ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်ထိ ၀င်ငွေနှစ်အဖြစ် သတ်မှတ်၍ လာမည့် ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်ကို စည်းကြပ်နှစ် အဖြစ် သတ်မှတ်ကာ တစ်နှစ်ဝင်ငွေ ကျပ်သိန်း ၂၀ အထက် ရရှိသူများသာ ၀င်ငွေခွန် ဆောင်ရမည် ဖြစ် သည်။

ယခုသတ်မှတ်လိုက်သော ၀င်ငွေခွန်တွင် တစ်နှစ်ဝင်ငွေ တစ်ကျပ်မှ ကျပ်သိန်း ၂၀ ထိ သုညရာခိုင်နှုန်း၊ ကျပ်သိန်း ၂,၀၀၀,၀၀၁ မှ ကျပ်သိန်း ၅၀ အထိ ငါးရာခိုင်နှုန်း၊ ၅,၀၀၀,၀၀၁ ကျပ်မှ ကျပ်သိန်းတစ်ရာထိ ဆယ်ရာခိုင်နှုန်း၊ ကျပ် ၁၀,၀၀၀,၀၀၁ မှ ကျပ်သိန်း နှစ်ရာအထိ ၁၅ ရာခိုင်နှုန်း၊ ကျပ် ၂၀,၀၀၀,၀၀၁ မှ ကျပ်သိန်းသုံးရာထိ ၂၀ ရာခိုင်နှုန်း၊ ကျပ် ၃၀,၀၀၀,၀၀၁ နှင့်အထက်ကို ၂၅ ရာခိုင်နှုန်းဆောင်ရန် သတ် မှတ်ထားသည်။

မည်သူကိုမဆို လစာ၊ ၀င်ငွေ၊ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ ပစ္စည်း၊ စီးပွားရေးလုပ်ငန်းများနှင့် အခြားရလမ်းများမှ ၀င်ငွေများအပေါ် စည်းကြပ်သည့် အခွန်နှုန်းထားများကို အဆိုပါနှုန်းထားဖြင့် သတ် မှတ်ထားခြင်းဖြစ်သည်ဟုလည်း ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းတွင် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ခြင်းလည်းဖြစ်သည်။

၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းပါ ပြည်ထောင်စုလွှတ်တော် ဥပဒေ ကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်ဖြစ်သော ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၄ ခုနှစ် ပြည်ထောင်စု ၏အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းကို စတင်အသက်ဝင်နိုင်ရေးအတွက် သမ္မတက ၁၄ ရက်အတွင်း လက်မှတ်ထိုး၍ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ရမည်ဖြစ်သည်။

No comments: