Monday, March 10, 2014

စုဖောင်ဒေးရှင်းဖွင့်ပွဲကို ဟောလိဝုဒ်မင်းသမီး မီရှဲယို တက်ရောက်

ဝေမာသိမ့်၊ သိင်္ဂီထွန်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တည်ထောင်သည့် စုဖောင်ဒေးရှင်းဖွင့်ပွဲ အခမ်းအနားကို စုဖောင်ဒေးရှင်း၏ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟောလိဝုဒ် မင်းသမီး မီရှဲယိုးက တက်ရောက် မိန့်ခွန်းပြောကြား ခဲ့သည်။

စုဖောင်ဒေးရှင်း ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ Co-Oporative Business center (ယခင်ဆရာစံပလာဇာ)ခန်းမတွင် မတ်လ ၉ရက်က ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဟောလိဝုဒ်မင်းသမီး မီရှဲယိုးတို့ တက်ရောက် မိန့်ခွန်း ပြောခဲ့ခြင်း ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလရီ ကလင်တန်နှင့် အမေရိကန်သမ္မတဟောင်း ဂျော့ဒလယူဘုစ်၏ ကတော်
လော်ရာဘုစ်တို့ကလည်း ဗီဒီယိုမိန့်ခွန်း ပြောကြားခဲ့သည်။

"စုဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါ။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးပါပဲ။ ပညာရေးနဲ့ ကျန်းမာရေး ချို့တဲ့မှုတွေကို စုဖောင်ဒေးရှင်းက Project by Project (အစီအစဉ်အလိုက်) အခြေခံစီမံကိန်းတစခုချင်း ကိုင်တွယ် လုပ်ဆောင် သွားဖို့ အစီအစဉ်ရှိပါတယ်"ဟု ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်ကို ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဟောလိဝုဒ် မင်းသမီး မီရှဲယိုးက သူမ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောသည်။

စုဖောင်ဒေးရှင်း တည်ထောင်သူ ဒေါ်အောင်ဆန်းစုကြည်က" နိုင်ငံသားလူထုတွေကို ပြုစုပျိုးထောင်ရာမှာ နိုင်ငံသားတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေးက အရေးကြီးတဲ့အခန်းက ပါလာပါတယ်"ဟု ပြောသည်။

စုဖောင်ဒေးရှင်းအနေဖြင့် ရန်ကုန်တက္ကသိုလ် ပြန်လည်မြှင့်တင်ရေး၊ ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်ရေး၊ ဆေးဝါးထောက်ပံ့ရေးများအတွက် ကြိုးပမ်းရန် ဖွဲ့စည်းထားခြင်းဖြစ်ပြီး တွဲဖက်ဥက္ကဋ္ဌအဖြစ် အမေရိကန် သမ္မတဟောင်း ဂျော့ဒလယူဘုစ်၏ ကတော် လော်ရာဘုစ်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလရီ ကလင်တန်တို့က တာဝန်ယူထားပြီး ဟောလိဝုဒ် မင်းသမီး မီရှဲယိုးကလည်း ဘုတ်အဖွဲ့အဝင်အဖြစ် ပါဝင်သည်။

စုဖောင်ဒေးရှင်းအနေဖြင့် နှစ်ငါးဆယ်လုံးလုံး လျစ်လျူရှုခံခဲ့ရပြီး အဆင့်အတန်းနိမ့်ကျနေသည့် ရန်ကုန်တက္ကသိုလ်ကို ပြန်လည်မြှင့်တင်ရန် ငွေကြေးနှင့် ပညာရေးအထောက်အပံ့လိုအပ်နေသည်ဟု မီရှဲယိုက ပြောသည်။

ထို့အပြင် နေ့စဉ် လူနာထောင်ပေါင်းများစွာကို ဆေးကုသနေသည့် ရန်ကုန်ဆေးရုံကြီးတွင် ငှက်ဖျားရောဂါအတွက် ဆေးဝါး လုံလောက်မှု မရှိသလို၊ တီဘီရောဂါ ပျံ့နှံ့မှုသည်လည်း ကမ္ဘာပေါ်တွင် ဖြစ်ပွားသည့် နှုန်းထက် သုံးဆရှိနေသည်ဟု ဆိုသည်။

No comments: