Tuesday, March 11, 2014

ဒုချီးရားတန်း အလယ်ရွာ မီးလောင်မှု ရှို့မီးဟု အစိုးရထုတ်ပြန်

ထွန်းထွန်းသိန်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဒုချီးရားတန်း အလယ်ရွာမှာဖြစ်ပွားခဲ့တဲ့ မီးလောင်မှုဟာ ရှို့မီးကနေ လောင်ကျွမ်းခဲ့တာလို့ အစိုးရ ပြန်ကြားရေး ၀န်ကြီး ဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒုချီးရားတန်း အလယ်ရွာမှာ မတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီလောက်က မီးလောင်ကျွမ်းမူဖြစ်ပွားခဲ့ပြီး ဘာသာရေး အဆောက်အအုံငယ်တလုံး အပါအ၀င် ဓနိမိုး၊ ထရံကာ လူနေအိမ် ၁၂ လုံး မီးလောင်ဆုံးရှုံးခဲ့ရတာပါ။

အစိုးရပြန်ကြားရေးဌာနကတော့ ဒီမီးလောင်မှုဟာ ဒုချီးရားတန်း အလယ်ရွာနေ ဦးဆော်ဒီမူလာက မိမိအိမ်ကို မိမိဘာသာ ဓာတ်ဆီဖျန်း မီးရှို့ခဲ့တာလို့ တရွာတည်းနေ ဒေါ်ဟာလာမာဟာဒူ နဲ့ မဟာမီဒါတို့ကို မျက်မြင်သက်သေအဖြစ် ကိုးကားပြီး သတင်းထုတ်ပြန်ထားပါတယ်။

မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဦးရွှေသန်းကလည်း ဒီမီးလောင်ကျွမ်းမူက ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက် အတိုင်းသာဖြစ်တယ်လို့ ပြောပါတယ်။

မီးစတင်လောင်ကျွမ်းခဲ့တဲ့ ဆော်ဒီမူလာရဲ့ နေအိမ်မှာ စပါးကျီကို ကြိုတင်ရွှေ့ပြောင်း ထားပြီး မီးလောင်ကျွမ်းတဲ့အချိန်မှာလည်း မီးငြှိမ်းသတ်မှုမရှိဘဲ မိသားစု ထွက်ပြေးတိမ်းရှောင်နေ တယ်လို့လည်း ပြန်ကြားရေး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒုချီးရားတန်းအနောက် ကျေးရွာမှာနေထိုင်တဲ့ ဦးအဏ္ဏ၀ါကတော့ မီးလောင်ကျွမ်းချိန် ဒုချီးရားတန်း အလယ်ရွာမှာ ရွာသားတွေမရှိဘဲနဲ့ လုံခြုံရေးတပ်ဖွဲ့တွေသာ ရှိတယ်လို့ ပြောပါတယ်။

ဒုချီးရားတန်းအလယ်ကျေးရွာမှာ လူဦးရေ ၄၅၀ လောက်နေထိုင်ပြီး အမျိုးသားတွေဟာ နေ့ခင်းဘက် ရှောင်နေတတ်ကြပြီး ညဘက်မှနေအိမ်ကို ပြန်လာလေ့ရှိတယ်လို့လည်း အစိုးရ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ခုမီးလောင်မှုဖြစ်ပွားတဲ့ ကျေးရွာနဲ့ ကပ်လျက်ရှိတဲ့ ဒုချီးရားတန်းအနောက်ကျေးရွာမှာ လည်း ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၈ ရက်က မီးလောင်မူဖြစ်ပွားပြီး အိမ်ခြေ ၁၆ လုံး ပျက်စီးသွားခဲ့ရဖူးပါတယ်။

No comments: