Thursday, March 13, 2014

ဒေါ်တင်နွယ်ဦးကို သူရဦးရွှေမန်း သတိပေး

ဝင်းကိုကိုလတ်

ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာဥပဒေကြမ်း၊ ၀င်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ကုန်သွယ်လုပ်ငန်းခွင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများ ဆွေးနွေးရာတွင် အတက်ကြွဆုံး ပါဝင် ဆွေးနွေးခဲ့သည့် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး အား ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သတိပေးလိုက်သည်။

ပြည်ထောင်စုလွှတ်တော်၊ န၀မပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်တွင် ၀င်ငွေခွန်ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းအား ဒေါ်တင်နွယ်ဦးက ဆွေးနွေးရာတွင် သုံးနှုန်းသည့်အသုံးအနှုန်းအချို့နှင့် ပတ် သက်ပြီး ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သတိပေးခဲ့ခြင်းဖြစ်သည်။

“ဒေါ်တင်နွယ်ဦး စကားတွေ အစွန်းမထွက်ပါစေနဲ့။ ကိုယ့်စကားကို ဘေးနားမှာရှိတဲ့ ကိုယ်စားလှယ်တွေ ကို မေးကြည့်ပါ။ ဒါကြောင့် ဒေါ်တင်နွယ်ဦးကို မလိုတဲ့စကား၊ အထင်မှားစေတဲ့ စကားများ မပြောဖို့အတွက် လွှတ်တော်ကတစ်ဆင့် တရားဝင် သတိပေးပါတယ်”ဟု ဦးရွှေမန်းက ဆိုသည်။

ဒေါ်တင်နွယ်ဦးက ၀င်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် လက်ရှိ ၀င်ငွေခွန်စည်းကြပ်သည့် Official Assetment System မှ Self Assetment System ကို လာ မည့်နှစ်မှစ၍ ပြောင်းလဲမည်ဟု ပြောဆိုနေသော်လည်း တည်ဆဲဝင်ငွေခွန်ဥပဒေကို အခွန်ထမ်းပြည်သူ များ နားလည်ရန် ပြန်လည် ပြင်ဆင်ရမည်ဖြစ်သည်ဟု ပြောကြားသည်။

ထို့ပြင် အခွန်ထမ်းပြည်သူများသည် ဥပဒေပညာရှင်များ၊ အခွန်ပညာရှင်များ မဟုတ်သည့်အတွက် အခွန်အကြောင်းနှင့်ပတ်သက်၍ သေချာစွာ နားလည်မည်မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

“အခု အခွန်မရတဲ့သဘောက စည်းကြပ်တဲ့သူ(အခွန်)ကလည်း စာရင်းကို နားမလည်ဘူး။ အခွန်ထမ်းကလည်း စာရင်းကို နားမလည်ဘူး။ လာဘ်စားဖို့ပဲ နားလည်တယ်။ အဲဒါကြောင့် တိုင်းပြည်က အများကြီး နစ်နာတယ်။ ပြည်သူတွေရဲ့ဆင်းရဲမှုကလည်း အခွန်ကြောင့်လို့ ထပ်ပြောပါရစေ”ဟု ပြောကြားခဲ့ခြင်းဖြစ် သည်။

ထို့ပြင် နာယကသူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဥပဒေကြမ်း၏ စာမျက်နှာ ၁၆၊ အပိုဒ် ၁၁ အား ဆွေးနွေးခြင်း ဖြစ်သော်လည်း ဒေါ်တင်နွယ်ဦးကမူ စာမျက်နှာ ၁၆၊ အပိုဒ် ၁၂ အား ဆွေးနွေးခြင်း ဖြစ်သည်ဟု ထောက်ပြခဲ့သည်။

No comments: