Friday, May 8, 2015

သီပေါမြို့တပ်ရင်းတခု တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ဝင်ရောက် တိုက်ခိုက်

သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း အခြေ စိုက်သည့် အစိုးရ တပ်မတော် တပ်ရင်း တခုအား အမည်မသိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့က တနာရီခန့် အကြာ ဝင်ရောက် ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

မလ ၄ ရက် ည ၈ နာရီကျော် မှ ၉ နာရီကျော်သည့် အထိ အင်အား ၅၀ ခန့်ရှိ အမည် မသိလက်နက်ကိုင်အဖွဲ့တဖွဲ့က သီပေါမြို့မြောက်ဘက် တုံစန့်ရွာနှင့်ကပ်ရက်ရှိ အစိုးရတပ်မတော် တပ်ရင်း အမှတ် ခလရ ၂၃ အား ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သီပေါမြို့မှ စစ်တပ်နှင့်နီးစပ်သူတဦးက “ မြန်မာစစ်တပ်ဘက်က တယောက်သေတယ်။ ဒဏ်ရာရတာက ၄ ယောက် ။ တိုက်ခိုက်ရေးအင်အားက ရှေ့တန်းထွက်နေကြတယ်လေ။ တပ်စောင့်သိပ်မရှိဘူးဆိုတာသိကြတော့ ဝင်ပစ်ကြတာလည်းဖြစ်နိုင်တယ်” ဟုပြောသည်။

အတည်မပြုနိုင်သေးသည့်သတင်းအရ ခလရ ၂၃ အားဝင်ရောက်ပစ်ခတ်သည်မှာ TNLA တအာန်းတပ်ဖွဲ့ဖြစ်သည်ဟုဆိုပါသည်။

တအာန်းတပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ကြေငြာချက်အရ မေလ ၄ ရက်နေ့ မနက်ပိုင်းက ပြင်ဦးလွင်နှင့် မိုးကုတ်ကြားက အစိုးရတပ်ဖွဲ့ စစ်ယာဉ်တန်းအား ခြုံခိုတိုက်ခိုက်ကြောင်း၊ ညနေ ၆ နာရီတွင်မူ မိုင်းလုံနှင့်ကျောက်မဲကြားက အစိုးရ တပ်မတော် နှင့် တိုက်ပွဲဖြစ်ပွါးခဲ့သေးကြောင်း၊ သီပေါမြို့တိုက်ခိုက်မှုနှင့်ပတ်သက်၍ ထည့်သွင်းထုတ်ပြန်ထားခြင်းမရှိပေ။

No comments: