Friday, May 8, 2015

ပုဏ္ဏားကျွန်း စက်မှုဇုန် အကောင်အထည်ဖော်ရေး မြေနေရာ သတ်မှတ်ထားသော်လည်း လျော်ကြေးမပေးသေး

ကေဇူး

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် အကောင်အထည်ဖော်မည့် စစ်မှုဇုန်စီမံကိန်းကို မြေဧကအားဖြင့် ၁,၈၀၀ ဧက သတ်မှတ်ထားပြီး ၎င်းမြေနေရာပေါ်တွင် လက်ရှိ လုပ်ကိုင်နေသူများကို လျော်ကြေးပေးထားခြင်း မရှိသေးဟု ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးမြအောင်က ပြောသည်။

ပုဏ္ဏားကျွန်း မြို့နယ် တောင်ဘက် နှစ်မိုင်အကွာရှိ မြေဧက တစ်ထောင့်ရှစ်ရာပေါ်တွင် တည်ဆောက်မည် ဖြစ်ပြီး ယင်းနေရာတွင် လက်ရှိ လုပ်ကိုင်စားသောက်နေသော လယ်သမားများနှင့် ရွာသားများကို လျော်ကြေးသတ်မှတ်ထားခြင်း မရှိဟု ၎င်းက ဆိုသည်။

"တင်ဒါအောင်တဲ့ကုမ္ပဏီက သူ့ဟာသူ လျော်ကြေး ပေးမှာပါ၊ အစိုးရက ပေးမှာ မဟုတ်ပါဘူး"ဟု ဆိုသည်။ လက်ရှိတွင် စီမံကိန်းမြေနေရာ အကောင်အထည်ဖော်ခြင်းကို စတင်လုပ်ဆောင်မည့် ကုမ္ပဏီများကို တင်ဒါခေါ်ထားပြီး မေလ အတွင်းတွင် ကြေညာမည်ဟု ဆိုသည်။

စီမံကိန်းတွင် ရေထွက်ပစ္စည်းစက်ရုံများ၊ အထပ်သားစက်ရုံများ၊ ပရိဘောဂ စက်ရုံများနှင့် အထည်ချုပ်စက်ရုံများ ပါဝင်လာမည်ဟု ပြည်နယ်အစိုးရအဖွဲ့က ဆိုသည်။ သတ်မှတ်ထားသော မြေနေရာပေါ်တွင် ကျေးရွာ နှစ်ရွာရှိနေပြီး နေထိုင်သူ သုံးရာဝန်းကျင် ရှိသည်ဟု ဆိုသည်။

ရသေ့တောင်မြို့နယ် ဖွံ့ဖြိုးရေး အဖွဲ့မှ ဦးကျော်လှစံက "တချို့က စီမံကိန်းလုပ်မယ်ကြားလို့ သိမ်းခံရမှာ စိုးလို့ရောင်းလိုက်ကြတယ်။ အစိုးရနဲ့ နီးစပ်တဲ့သူတွေကတော့ မြေဝယ်ပြီး လှောင်ထားတာလည်း ရှိတယ်" ဟု ဆိုသည်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင်ပြုလုပ်မည့် စက်မှုဇုန် စီမံကိန်းတွင် ရင်းနှီး တည်ဆောက်မည့်သူများ၊ အကောင်အထည်ဖော်မည့် သူများကို တင်ဒါ ခေါ်ယူရဦးမည် ဖြစ်သည်။

၎င်း စီမံကိန်းတွင် ရခိုင်ဒေသခံ လုပ်သား တစ်သိန်းနီးပါးကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဟု ပြည်နယ်အစိုးရအဖွဲ့က ဆိုသည်။ ဒေသခံဖြစ်သူ ဦးကျော်လှစံက "ငါးဖမ်းတာ၊ လယ်လုပ်တာတွေပဲ လုပ်တတ်တယ်လေ။ စက်ရုံမှာ ဆိုရင်လည်း အုတ်သယ်၊ ကျောက်သယ် အလုပ်ကိုပဲ လုပ်နိုင်မှာပေါ့" ဟု ဆိုသည်။

ကျွမ်းကျင်လုပ်သား ရရှိရေးအတွက် ပြင်ဆင်ထားမှုနှင့် ပတ်သက်၍ ပြင်ဆင်ထားခြင်း ရှိ/မရှိကို "ဒါတွေကလည်း နောက်တော့ ဖြစ်လာမှာပေါ့ဗျ၊ အခုက အကောင်အထည်ပေါ်အောင် အရင် ဆောင်ရွက်နေရတာပါ" ဟု ပြည်နယ် စီးပွား၊ စီမံဝန်ကြီး ဦးမြအောင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၊ မောင်တော စီးပွားရေးဇုန် စီမံကိန်းနှင့် ပုဏ္ဏားကျွန်း စီးပွားရေးဇုန် စီမံကိန်းတို့ကို အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိသည်။

No comments: