Saturday, May 9, 2015

လူကုန်ကူးမှု ဖြေရှင်းရန် မြန်မာနှင့်မလေးရှားကို ထိုင်းဝန်ကြီးချုပ် ကမ်းလှမ်း

ခွန်ဘသာ

ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ်ဒေသမှာ ဖြစ်ပွားနေတဲ့ လူကုန်ကူးမှုပြဿ နာဖြေရှင်းဖို့ ထိုင်း၊ မြန်မာနဲ့ မလေးရှားနိုင်ငံ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ ထိုင်းဝန်ကြီးချူပ်က ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်ဘက်မှာ ပြီးခဲ့တဲ့ မေ ၁ ရက်နေ့ကစပြီး မြန်မာ နဲ့ ဘင်္ဂလေးဒေ့ရှ်က ရွှေ့ပြောင်းဝင်လာသူတွေရဲ့အလောင်း ၃၀ ကျော်ရှာဖွေတွေ့ရှိပြီးနောက် ထိုင်း၊ မြန်မာနဲ့ မလေးရှားနိုင်ငံတွေ ပါဝင်တဲ့ အစည်းအဝေးတရပ်လုပ်ဖို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ကမ်းလှမ်းလာတာပါ။

အစည်းအဝေးကို ဒီလ ကုန်လောက်မှာ တွေ့ဆုံနိုင်ဖို့ မျှော်လင့်ထားပြီး မြန်မာနဲ့ မလေးရှားနိုင်ငံတွေရဲ့ တာဝန်ရှိသူတွေကို ဖိတ်ကြားဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို ညွှန်ကြားထားတယ်လို့ ပြီးခဲ့တဲ့ မေ ၈ ရက်နေ့က သတင်းထောက်တွေကိုပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနဲ့မလေးရှားနိုင်ငံတွေရဲ့ သဘောထားကိုတော့ မသိရသေးပါဘူး။

ထိုင်းနိုင်ငံ ဆုန်ခလာခရိုင် ဆဒေါင်းမြို့နယ်က တောထဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေလို့ ယူဆရတဲ့ လူကုန်ကူးခံထားရသူ ၁၀၀ ကျော်လောက် စခန်းချနေထိုင်ခဲ့တယ်လို့ ထိုင်းရဲတဦးက ပြောပါတယ်။

လူကုန်ကူး တရားခံအဖြစ် သံသယရှိသူ ၈ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး အဲဒီထဲမှာ မြန်မာတဦး ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အဲ့ဒီ ၈ ဦးထဲက ဆဒေါင်းမြို့နယ်ထဲက ထိုင်းလွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ လက်ထောက်ကျေးရွာအုပ်ချုပ်ရေးမှူး၂ ဦး ပါဝင်ပါတယ်။ ဒါ့အပြင် အမှုနဲ့ ပတ်သက်သူ ၁၀ ဦးလောက်ကိုလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။

သူတို့တွေကို လူကုန်ကူးမှု၊ တရားမ၀င်သူတွေကို လက်ခံထားမှု၊ တပါးသူကိုချုပ်နှောင်မှု၊ အလောင်းဖျောက်ဖျက်မှု၊ ပြန်ပေးဆွဲမှု စတဲ့စွဲချက်တွေနဲ့ ထိုင်းက အမှုဖွင့်ထားပါတယ်။

ဒါ့အပြင် လူကုန်ကူးမှုတွေနဲ့ ပတ်သက်မှု ရှိတယ်လို့ ယူဆရတဲ့ ရဲတပ်ဖွဲ့တချို့ကို စစ်ဆေးနေသလို နေရာရွှေ့ပြောင်းတာတွေ ပြူ လုပ်ခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေက ထိုင်း-မလေးနယ်စပ် တောထဲမှာ စခန်း ၉ ခုကို ရှာဖွေတွေ့ရှိ ခဲ့ပြီး အလောင်းတွေကိုလည်း ဖော်ထုတ်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

လူတွေ အများစုက ရနောင်းဘက်ကနေ ၀င်ရောက်လာတာဖြစ်ပြီး ဆုန်ခလာကနေ တဆင့် မလေးရှားနိုင်ငံထဲ ၀င်ရောက်ဖို့ဖြစ်တယ်လို့ ပြောပါတယ်။

လူတချို့က တောထဲမှာပဲ ခြိမ်းခြောက်ပစ်သတ်ခံရသူ၊ အစာရေ စာပြတ်လပ်လို့သေတာ၊ နာမကျန်းလို့ သေတာတွေဖြစ်နိုင်ပြီး ဆက်လက်စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ထိုင်းရဲချုပ်က ပြောပါတယ်။

No comments: