တင့်ဆွေမောင်
ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနမှ ဦးဆောင်ပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများမှ ထွက်ပြေး တိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်ဒုက္ခသည်များ အတွက် ကူညီထောက်ပံ့ရေးအဖွဲ့ တစ်ခုကို ကျယ်ပြန့်စွာ ဖွဲ့စည်းသွားမည်ဟု သတင်း ရရှိသည်။
ရန်ကုန်မြို့ ဓည၀တီ ကျောင်းတွင် ဧပြီလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ယင်းကူညီ ထောက်ပံ့ရေး ကော်မတီအား ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန လက်အောက်တွင် ကျယ်ပြန့်စွာ ဖွဲ့စည်းရန် အတွက် သဘောတူညီခဲ့ကြသည်ဟု သိရသည်။
ကူညီထောက်ပံ့ရေး အဖွဲ့ တစ်ခု ဖြစ်မြောက်ရေး အတွက် ဦးဆောင် ကြိုးပမ်းနေသူ ဦးစောသာမောင်မှ ” ကျနော်တို့ဟာ ရန်ကုန်မြို့မှာနေပေမဲ့ တခြား ပြည်တွင်း ပြည်ပရောက် ရခိုင်သားတွေနဲ့ အတူ စစ်ဘေးသင့် ပြည်သူများကို အတတ်နိုင်ဆုံး ကူညီသွားဖို့ စီစဉ်နေပါတယ်။ ဒီ စစ်ဘေးရှောင် ပြည်သူတွေအတွက် ရခိုင်လူမျိုးတွေ ခံစားနေကြရလို ကျနော်တို့လဲ ထပ်တူ ခံစားနေရပါတယ်။ ဒါကြောင့် ဒီအဖွဲ့ကို ကျယ်ပြန့်စွာနဲ့ ဥပဒေဘောင်အတွင်းက လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဖွဲ့စည်းနိုင်ရေး အတွက် ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန လက်အောက်မှာ ဖွဲ့စည်းဖို့ စီစဉ်နေခြင်းဖြင်ပါတယ်” ဟု သူက ဆိုသည်။
ယင်း အဖွဲ့အစည်း ခိုင်မာစွာ ဖွဲ့စည်းနိုင်ရေး အတွက် ရန် ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားအရှေ့ဘက်ရှိ ရခိုင်ဓမ္မာရုံ တွင် မေလ ၂ ရက်(စနေနေ့ ) မွန်းလွဲ (၂) နာရီတွင် အစည်းအဝေး ပြုလုပ်သွားမည် ဖြစ်သည်။
“ ရခိုင်အမျိုးသားတွေ အကုန်လုံး တက်ရောက်ဖို့ ဖိတ်ကြားပါတယ်။ စိတ်ပါဝင်စားတဲ့ သူတွေ သာမက အသင်းအဖွဲ့တွေကိုလည်း တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ ရခိုင်ပြည်သူ မည်သူ မဆို ပါဝင်တက်ရောက်နိုင်ပါတယ်။ မိမိတို့အမျိုးသားရေး လုပ်ငန်း ဖြစ်တဲ့ အတွက် ငွေအား လူအား ကူညီပေးဖို့လည်း မေတ္တာရပ်ခံပါတယ်” ဟု ဦးစောသာမောင်က ဆက်လက် ပြောဆိုသည်။
ဖွဲ့စည်းပြီးပါက လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရေးသားရေးရာ ဝန်ကြီးဌာန၏ လမ်းညွန်မူနှင့်အတူ ဥပဒေနှင့် အညီ ပြုလုပ်သွားမည်ဟု ဆိုသည်။
ကူညီထောက်ပံ့ရေး အဖွဲ့ ဖြစ်မြောက်ရေး အတွက် ဦးဆောင်သူ နောက်တစ်ဦး ဖြစ်သူ ဦးဖေသိန်းမှ “ ဒီစစ်ပွဲဟာ ဘယ်လောက်ကြာကြာ ဖြစ်မယ် ဆိုတာ ဘယ်သူမှ တတ်အပ် မပြောနိုင်ပါဘူး။ တိုက်ပွဲတွေ ဆက်ဖြစ်လေ ဒုက္ခသည်တွေက ပိုများလေ ဖြစ်လာပါလိမ့်မယ်။ ဒီအတွက် ကြိုတင်ပြင်ဆင်မူတွေ လုပ်ထားသင့်ပါတယ်။ တခြား အစည်းတွေနဲ့လည်းဆက်သွယ်ပူး ပေါင်းပြီး စနစ်တကျပြုလုပ်သွားရမှာ ဖြစ်တဲ့ အတွက် အများယုံကြည်စိတ်ချပြီး တက်တက်ကြွကြွ လုပ်နိုင်တဲ့ အဖွဲ့အစည်းတစ်ခု အမြန်ဖွဲ့ဖို့ လိုအပ်နေပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်း ဖြစ်ပွားနေသောတိုက်ပွဲများမှ ထွက်ပြေး တိမ်းရှောင် လာသူ စစ်ရှောင် ဒုက္ခသည် ၅၀၀ ကျော်ရှိနေပြီး တိုက်ပွဲများကြောင့် ရွာပြင်သို့ ထွက်၍ အလုပ် မလုပ်နိုင်ကိုင်သဖြင့် စားဝတ်နေရေး ဒုက္ခတွေ့နေသူ ထောင်ချီ၍ ရှိနေသည်ဟု သိရသည်။ အချို့မှာ တိုက်ပွဲများကြားမှ တောထဲသို့ ထွက်ပြေးသွားကြသဖြင့် ရွာပုန်း ရွာရှောင်များဖြစ်နေကြရသည်ဟု သိရသည်။
ကူညီ လှူဒါန်းလိုသူများနှင့် စိတ်ပါဝင်စာသူများသည် ဒေါက်တာစံကျော်လှ (၀၉၅၁၈၉၀၁၇) သို့လည်းကောင်း၊ ဦးရွှေဝင်း ( ၀၉၅၀၅၀၂၀၀) သို့လည်းကောင်း၊ ဦးဖေသိန်း (၀၉၅၁၀၇၀၇၀၆၄) သို့လည်းကောင်း ဆက်သွယ်နိုင်ကြပါသည်။

No comments:
Post a Comment