Tuesday, May 5, 2015

ရခိုင်တစ်ပြည်နယ်လုံး ၀ှိုက်ကတ်အပ်နှံသူ ၃၀၀၄၃၂ ဦးရှိပြီ

နိရဉ္စရာ

ရခိုင်ပြည်နယ်ထဲတွင် ၀ှိုက်ကတ်ကိုင်ဆောင်သူ အရေအတွက်မှာ စုစုပေါင်း ၆၆၆၃၈၁ ရှိပြီး ယင်းအထဲမှ ၃၀၀၄၃၂ ကတ်ကို အပ်နှံပြီး ဖြစ်ကြောင်း နေပြည်တော် လ၀က ညွှန်ကြားရေးမှူး ဦးတင်ရှယ်က ပြောသည်။

မြန်မာတစ်နိုင်ငံလုံး အနေဖြင့် အပ်နှံသည့် ၀ှိုက်ကတ်အရေအတွက်မှာ စုစုပေါင်း ၃၂၁၈၁၄ ရှိကြောင်း ထိုအထဲမှ ရခိုင်ပြည်နယ်တွင် အပ်နှံသူ အရေအတွက်မှာ ၃၀၀၄၃၁ ဦးရှိကြောင်း၊ အများစုမှာ ဘင်္ဂလီများ ဖြစ်ကြောင်း သူက ပြောသည်။

“ ကျွန်တော်တို့ နိုင်ငံမှာ ၀ှိုက်ကတ် ကိုင်ဆောင်သူ အရေအတွက်က တစ်နိုင်ငံလုံးမှာ စုစုပေါင်း ၇၆၁၀၆၄ ဦးရှိပါတယ်။ ဒီနေ့ထိ အပ်နှံတဲ့သူ အရေအတွက်က ၃၂၁၈၁၄ ဦးရှိပါတယ်။ ရခိုင်မှာ အပ်နှံသူက ၃၀၀၄၃၂ ဦးရှိပါတယ်” ဟု ဆိုသည်။

ဝှိုက်ကတ်ခေါ်ယာယီ သက်သေခံ လက်မှတ်များမှာ မတ်လ ၃၁ ရက်နေ့မှ စပြီး တရားမ၀င်တော့ကြောင်း နိုင်ငံတော် သမ္မတမှ ထုတ်ပြန်ကြေညာပြီးနောက် ဧပြီလ တစ်ရက်နေ့မှ စ၍ ၀ှိုက်ကတ်များကို လူဝင်မှုကြီးကြပါရေးဌာနမှ လက်ခံနေခြင်း ဖြစ်သည်။

“ ဧပြီလနဲ့ မေလ နှစ်လအတွင်း လက်ခံသွားပါမယ်။ အားလုံးလာအပ်ကြပါလိမ့်မယ်။ ၀ှိုက်ကတ် ကိုင်ဆောင်သူ အများဆုံး ဖြစ်တဲ့ ရခိုင်ပြည်နယ်ထဲမှာလည်း အားလုံး အပ်နှံကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဟု ညွှန်ကြားရေးမှူးက ပြောဆိုသည်။

ဝှိုက်ကတ် ကိုင်ဆောင်ခဲ့သူများ အရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်နိုင်ရေး အတွက် ကော်မရှင် တစ်ခုကိုလည်း ဖွဲ့စည်းထားပြီဟု သိရသည်။

“ ၀ှိုက်ကတ်ကို ပြန် အပ်နှံပြီးတဲ့ နောက်မှာ ၀ိုက်ကတ်ကိုင်ဆောင်သူတွေရဲ့ အရေးကိုတော့ အသစ် ဖွဲ့စည်းထားတဲ့ လေ့သုံးသပ်ရေး အကြံပြုချက် ကော်မရှင်ရဲ့ ညွှန်ကြားတဲ့ အတိုင်း လုပ်ဆောင်သွားပါ့မယ်။ အခု အဲဒီ ကော်မရှင်ကိုလည်း ဖွဲ့စည်းထားပြီ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးက ဆိုသည်။

ယင်း ၀ှိုက်ကတ် ကိုင်ဆောင်သူ များအား လေ့သုံးသပ်ရေး အကြံပြုချက် ကော်မရှင်တွင် လ၀က ဒုဝန်ကြီးမှာ ခေါင်းဆောင်ဖြစ်ပြီး နိုင်ငံတော်သမ္မတရုံး ဥပဒေအကြံပေး တစ်ဦး၊ ကိုးကန့် ယဉ်ကျေးမှု အဖွဲ့မှ တစ်ဦး၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့မှ တစ်ဦးနှင့် တစ်ခြား ဥပဒေပညာရှင်များ၊ တတ်သိပညာရှင်များ ပါဝင်ကြသည်ဟု သိရသည်။

၎င်းအဖွဲ့သည် ၀ှိုက်ကတ်ကိုင်ဆောင်သူများ အရေးကို မည်သို့ မည်ပုံ ကိုင်တွင် ဖြေရှင်းမည်ကို လေ့လာ သုံးသပ်ပြီး နိုင်ငံတော် အစိုးရသို့ အကြံပြုသွားမည်ဟု သိရသည်။

No comments: