Saturday, May 9, 2015

နဝဒေးဆိုင်ခန်းများ မေ ၁၁ရက် နောက်ဆုံးထားမဖယ်ပါက ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု စည်ပင်ပြော

မိုးသူ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အုတ်ပုံဆိပ်လမ်းရှိ နဝဒေးဆိုင်ခန်းနေရာတွင် ဇွဲကပင်ယူနိုက်တက်ဖက်စီ အဆင့်မြင့် အားကစားပွဲ ကြည့်စင် တည်ဆောက်ရန်အတွက် စည်ပင်မှ ဆိုင်ခန်းများကို ဖယ်ရှားရန် အကြောင်းကြားထားသော်လည်း မဖယ်ရှားပါက ဥပဒေအတိုင်းဆောင်ရွက်သွား မည်ဟု စည်ပင်သာယာရေးဝန်ကြီးဌာန လက်အောက်ရှိ ပန်းဥယာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလွင်က မဇ္ဈိမကို ပြောသည်။

စည်ပင်သာယာရေး ဝန်ကြီးဌာနအောက်ရှိ ပန်းဥယာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလွင်သည် နဝဒေးဆိုင်ခန်းလုပ်ငန်းရှင်များ၏ အဆိုပြု ချက်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ မေ ၁၁ ရက်တွင် အတည်ပြုချက်ရယူသွားမည်ဖြစ်ပြီး ကော်မတီ၏ အတည်ပြုချက်အတိုင်း ဆက် လက် လုပ်ဆောင်သွားမည်ဖြစ်သည်။

“ကျွန်တော်တို့က အဲဒီနေရာကို အဆင့်မြင့် အားကစားကွင်းတည်ဆောက်မှာဖြစ်တဲ့အတွက် ဆိုင်ခန်းက ညိစွန်းနေလို့ သူတို့တွေကိုဖယ်ရှားခိုင်းခဲ့တာပါ။ ဆိုင် ခန်းတွေနဲ့ကျွန်တော်တို့ စည်ပင်နဲ့ချုပ်ဆိုထားတဲ့စာချုပ်မှာ ဆိုင်ခန်းအစားထိုး ပြန်လည်ပေးအပ်ပါမည် ဆိုတာမပါဘူး။ ကျွန်တော်တို့က ကူညီပေးတာပါ။ ” ဟု ဦးကိုကိုလွင်က ပြောခဲ့သည်။

ယခု နဝဒေးဆိုင်ခန်း ၃၇ခန်းကို ဖယ်ရှားခိုင်းကာ စည်ပင်သာယာရေးဝန်ကြီးဌာနက မြောက်ဒဂုံမြို့နယ် တောင်မြောက်လမ်းဆုံအနီး မြို့ဦးစေတီရှေ့တွင်ဆိုင် ခန်းအစားထိုးပြန်လည် ငှားရမ်းသွားမည်ဟုဆိုသည်။ ယခုနေရာတွင်မူဆက်လက် မငှားရမ်းတော့ကြောင်း၊ လုပ်ငန်းလိုင်စင်ကိုလည်း စည်ပင်သာယာရေး ဝန်ကြီးဌာနက ပိတ်သိမ်းမည် ဖြစ်ကြောင်းကို သတိပေး အကြောင်းကြားစာ ထုတ်သွားမည်ဖြစ်ကာ လုပ်ငန်းလိုင်စင် မရှိသည့် ဆိုင်ခန်းများကို တရားရုံးမှတစ် ဆင့် ဆက်လက် ဆွေးနွေးမည်ဟု ဆိုသည်။ ယင်းအပြင် မေ ၁၁ရက်တွင် ဆိုင်ခန်းများ အပြီး အပ်နှံရန် နှင့် မြောက်ဒဂုံတွင် အစားထိုးပေးအပ် မည့်အကြောင်း ကိုလည်း အကြောင်းကြားပြီး ဖြစ်သည်ဟု ဦးကိုကိုလွင်က ပြောသည်။

ဇွဲကပင် ယူနိုက်တက်ဖက်စီက ကစားပွဲကြည့်စင်၊ နည်းပြနားနေဆောင်၊ အတိုခန်း၊ ရုံးခန်း၊ အိမ်သာ စသည်တို့ ဆောက်လုပ်သွားမည်ဖြစ်ရာ ဆိုင်ခန်းများကို ၂၀၁၄ ဒီဇင်ဘာတွင် တစ်ကြိမ်၊ ၂၀၁၅ ဇန်နဝါရီတွင် တစ်ကြိမ်၊ မတ်လတွင် တစ်ကြိမ် စာပို့ အကြောင်းကြားကာ ရွှေ့ခိုင်းခဲ့သည်။

နဝဒေး ဆိုင်ခန်းဖွင့်ကာ မုန့်ဟင်းခါးရောင်ချသူ ကိုသိန်းထွန်းက “သူတို့ပြောင်းရွှေ့ပေး တဲ့နေရာကို ကျွန်တော် တို့မနေပါဘူး။ ကျွန်တော်တို့က ဒီနေရာ ကိုပြောင်းရွှေ့ တုန်းက မစည်ကားသေးပေမယ့် အခုလို စည်ကားလာတော့မှ ပြောင်းရွှေ့ခိုင်းတယ်။ နောက်ပြီး မစည်ကားတဲ့ ဟိုနေရာမှာ နေခိုင်းပြီး စည်ကားလာခဲ့ရင်လည်း ထိုနည်းတူစွာ အနိုင်ကျင့်ဗိုလ်ကျမှာမို့လို့ မနေပါဘူး။ ကျွန်တော်ကတော့ ဒီနေရာကတော့ လုံးဝမပြောင်းဘူး။ ကျန်တဲ့သူတွေ ကတော့ ပြောင်းကောင်းပြောင်းလိမ့်မယ်။ ကျွန်တော်တို့ကတော့ ဥပဒေလမ်းကြောင်းအတိုင်း ရင်ဆိုင်ဖို့အသင့်ပဲ။ ကျွန်တော်တို့ဆိုင်ခန်းတွေက တစ်လကို ၃၀,၀၀၀ပေးရတယ်။ ” ဟု ၎င်းကပြောသည်။

မရမ်းကုန်းမြို့နယ်၊ အုတ်ပုံဆိပ်လမ်းရှိ နဝဒေးဆိုင်ခန်းများကို ၁၉၉၆ခုနှစ်တွင် စတင်ငှားရမ်းခဲ့ပြီး ယခု ဆိုင်ခန်းပေါင်း ၃၇ခန်း ရှိနေပြီ ဖြစ်သည်။

အနောက်ပိုင်းခရိုင်မှ စည်ပင်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးဝင်းချိုက “ ဇွဲကပင်ဖက်စီကို လွှဲပြောင်းပေးခဲ့စဉ်က အပြင်မှာရှိတဲ့ဆိုင်ခန်းနှင့်ပတ်သက် ပြီးဘာတွေကတိပေးခဲ့လဲ။ ဒီဆိုင်ရှင်ကိုရောတစ်ချိန်ချိန်မှာ ဖယ်ပေးရမယ်ဆိုတာပြောပြခဲ့သလားဆိုတဲ့ အချက်ပါပါလိမ့်မယ်။စာချုပ်ချုပ်တုန်းက ကတိတွေပေး ပြီး အခုမပြောင်းရွှေ့ဘူးဆိုရင် သူတို့ (ဆိုင်ခန်းပိုင်ရှင်များ) မှားတာပါ။ ဒါတွေအားလုံးကို ဘောလုံးကွင်းရဲ့ အဆင့်မြှင့်တင်ဖို့အတွက်ဆိုတာကို လက်ခံတယ်။


မူဝါဒအရက စားကွင်းပတ်ပတ်လည်မှာ ဆိုင်ခန်းတွေမရှိရဘူးဆိုရင် ဘယ်နှစ်နှစ်အတွင်း ပြောင်းရွှေ့ရမယ်ဆိုတဲ့ မူဝါဒထုတ်သင့်ပါတယ်။”ဟု ပြောသည်။

ဆိုင်ခန်းပိုင်ရှင်များကလည်း မဖယ်ရှားရေးအတွက် အသနားခံစာကို သမ္မတ၊ ပြည်သူ့လွှတ်တော် အပါအဝင် ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ ပြည်ထဲရေး ဝန်ကြီး ဌာန၊ လူ့အခွင့်အရေးကော်မရှင်တို့ထံ ဆိုင်ခန်းပိုင်ရှင် ၃၇ဦး လက်မှတ်ဖြင့် မတ်လ ၂၃ရက်က တင်ထားခဲ့သည်။

မရမ်းကုန်းမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် မရရှိ ခဲ့ပေ။

ယင်းဆိုင်ခန်းများသည် လွန်ခဲ့သည့် နှစ် ၂၀ ခန့်က စည်ပင် ဝန်ထမ်းများကို အစိုးရက ချပေးထားပြီး ၀န်ထမ်းများက အဆင့်ဆင့် လက်ဆင့်ကမ်းရောင်းစား ခဲ့ခြင်း ဖြစ်သည်ဟု ဆိုင်ခန်းပိုင်ရှင်များထံကသိရသည်

No comments: