Saturday, May 9, 2015

မြေလွတ် မြေရိုင်းများပေါ် ကျူးကျော်စိုက်ပျိုးခြင်းကို တားမြစ်

သီတာအောင်

ကယား(ကရင်နီ)ပြည်နယ် ကြေးတိုင်းနှင့် မြေစာရင်းဦးစီးဌာနက မြေလွတ်၊ မြေရိုင်းများပေါ်တွင် ကျူးလွန်စိုက်ပျိုး နေခြင်းကို ရပ်တန့်ရန် တားမြစ်ချက် ထုတ်ပြန်လိုက်သည်။

မတ် ၃၀ ရက်က ဘော်လခဲမြို့နယ် စောလုံကျေးရွာမှ တောင်သူတစ်ဦးက တောင်ယာ လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်နေမှုကို ၁၄ ရက်အတွင်း ရပ်တန့်ရန် တားမြစ်လိုက်ခြင်း လည်း ဖြစ်သည်။

သစ်တောပြုန်းတီးစေမည့် ရွှေ့ပြောင်းတောင်ယာ လုပ်ငန်းကို တားမြစ်ပိတ်ပင် လိုက်ခြင်း ဖြစ်သည်။

“ရွှေ့ပြောင်းတောင်ယာက ဘယ်လိုပြောမလဲ တောတအားနဲ့ ပြုန်းတီးတယ်၊ တောပြုန်းတီးတဲ့ ခါကျ တော့ ရွှေပြောင်းတောင်ယာ စနစ်ကနေ အမြဲတမ်း ယာစနစ်ကို သူတို့ပြောင်းခိုင်းစေချင်တာပေါ့နော်၊ ဒါကြောင့်ကုန်းမြင့်လယ်ယာ ဆိုပြီးတော့ သူတို့လုပ်ပေးတာပေါ့” ဟု လွိုင်ကော်ခရိုင် မြေစာရင်း ဦးစီးဌာန ဒုဦးစီးမှူး ဦးဇော်လွင်ထွန်းက ပြောသည်။

မြေလွတ်မြေရိုင်းများကို ယာမြေ၊ လယ်မြေများအဖြစ် အစိုးရက ဖော်ထုတ်ပေး နေမှုများ ရှိနေသကဲ့သို့ မြေယာဥပဒေနည်းလမ်းအရ မြေလွတ်မြေရိုင်းပေါ်တွင် ယာမြေထပ်မံ တိုးချဲ့မည်ဆိုပါက သက်ဆိုင်ရာ ကျေးရွာ၊ မြို့နယ်၊ ပြည်နယ် အဆင့်ဆင့်သို့ လျှောက်ထားနိုင်သည်ဟု သူက ပြောသည်။

မြို့နယ်မြေစာရင်းရုံးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများရှိ ပုံစံ(၁) လျှောက်လွှာ များဖြင့် လျှောက်ထား ပါက သက်ဆိုင်ရာ မြေစာရင်းဌာန ဝန်ထမ်းများက ကွင်းဆင်းတိုင်းတာကာ အထက်သို့ တင်ပြပြီး အမြဲစိုက်ပျိုးနိုင်သည့်ယာအဖြစ် ပုံစံ (၇) ထုတ်ပေးသွားမည် ဖြစ်သည်။

အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) တို့ အပစ်အခတ်ရပ်စဲထားသည့် ကာလတွင် ကျေးလက်ဒေသရှိ တောင်သူ အများစုသည် တောင်ယာလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ရန် ကြိုးစားလာသည်ဟု စောလုံရွာကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘိုးရယ်က ပြောသည်။

“အကယ်၍ အတည်တကယ်ပိတ်မယ်ဆိုလျှင် ကျွန်တော်တို့ ပြည်သူတွေ ဘယ်လိုလုပ်စားတော့မလဲ မသိဘူး။ အဲလိုပိတ်ထားတာကို ပြန်ဖွင့်ခိုင်းစေချင်တာပေါ့နော်” ဟု ဦးဘိုးရယ်က ပြောသည်။

ယခင်က တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် တောင်ယာများသို့ သွားရောက်ရန် ဒေသခံများက ကြောက်လန့်ခဲ့သည့်အတွက် တောင်ယာဧကမှာ အနည်းငယ်သာရှိခဲ့ပြီး အပစ်ရပ်စဲပြီးနောက် တောင်ယာတိုးချဲ့ရန် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြခြင်း ဖြစ်သည်။

No comments: