Friday, May 8, 2015

လေဖြတ်ထားသည့် အသက် ၇၃နှစ်အရွယ် အမျိုးသမီးကို အဓမ္မကျင့်ရန် ကြံစည်မှုကို အမျိုးသမီး ၃၀၀က ကန့်ကွက်ဆန္ဒပြမည်

ခင်မြတ်မြတ်ဝေ

လေဖြတ်ထားသည့် အသက်(၇၃)နှစ်အရွယ် အမျိုးသမီးအား တပ်မတော်သားတစ်ဦးက အဓ္မပြုကျင့်ရန် ကြိုးစားခဲ့ခြင်းကြောင့် ဗန်းမော်မြို့နယ်တွင် မေ ၁၃ရက်တွင် ဆန္ဒပြမည်ဟု ဗန်းမော်ခရိုင် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းမှ အတွင်းရေးမှူး ဦးနန်းဇိန်းတူးဂျာက မဇ္ဈိမကိုပြောသည်။

အမျိုးသမီးများကို အဓမ္မပြုကျင့်မှုကို မလိုလားကြောင်းကို ဗန်းမော်မြို့နယ်မှ အမျိုးသမီး အယောက် ၃၀၀က တရားဝင်ခွင့်ပြုမိန့်ဖြင့် ဆန္ဒပြမည်ဖြစ်သည်။

"အဲဒီနေ့က အဖွားကြီး အော်တဲ့အသံကို ကြားတယ်။ ဒုတိယတစ်ခါ တပ်သားအော်သံကြားတော့ ဘေးအိမ်က အိမ်သားနှစ်ယောက်က သွားကြည့်တော့ အဖွားကြီးကို လည်ပင်းညစ်ထားတယ်။ စစ်သားကအဖွားကြီး အပေါ်မှာ ရောက်နေတာ။ အဲဒါနဲ့ပတ်ဝန်းကျင်က လူတွေခေါ်ပြီး ဖမ်းရတယ်"ဟု ၎င်းကပြောသည်။

ထိုဖြစ်စဉ်မှာ ဧပြီ ၁၃ရက် ည ၇နာရီခွဲခန့်က မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး (ခမရ ၄၃၈)မှ တပ်သားဇော်မျိုးအေးအား မိုးမောက်မြို့နယ် ရဲစခန်းတွင် (ပ) ၃၂၀၁ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၅၆၊ ၃၇၆၊ ၅၁၁တို့ဖြင့် အမှုဖွင့်ထားခဲ့ပြီး အဆိုပါတပ်သားကို မိခင်တပ်ရင်းက ပြန်လည်ခေါ်ဆောင်သွားခဲ့သည်ဟု အရပ်ဘက် အဖွဲ့အစည်း ၆၅ဖွဲ့က ယင်းဖြစ်ရပ်အပေါ် ကန့်ကွက်ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအပြင် ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်ကာလအတွင်း ပြည်သူလူထုမှ ယုံကြည်မှု မပျက်ပြားစေရေး အတွက် အမျိုးသမီးများအား လက်နက်ကိုင်တပ်ဖွဲ့များမှ အကြမ်းဖက်မှုကို အဆုံးသတ်ရန် ၊ တပ်သာဇော်မျိုးအေးအား တရားဥပဒေနှင့်အညီ အရပ်ဘက်တရားရုံးတွင် ပွင့်လင်းမြင်သာ မှန်ကန်စွာ အရေးယူပေးရန် စသဖြင့် ပါရှိသည်။

အမှုတွင် ပါဝင် ပတ်သက်သူများသည် မျက်မြင်သက်သေများ၊ တရားလိုနှင့် သက်သေခံပစ္စည်းများအပါအဝင် ဒေသခံ ပြည်သူများ၏ လုံခြုံရေးအတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက အထူးစောင့်ရှောက်ပေးရန် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

No comments: