တင်ထက်ပိုင်
မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံ အခြေစိုက် Toyo-Thai ကုမ္ပဏီက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက် ရန် စီစဉ်နေမှုအပေါ် ဒေသခံ ထောင်ချီ၍ ကန့်ကွက် ဆန္ဒပြကြသည်။
မွန်ပြည်နယ် ရေးမြို့နယ် ဖာလိန်ဒေသရှိ အံဒင်ကျေးရွာအနီး၌ Toyo-Thai ကုမ္ပဏီက ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အား ပေးစက်ရုံ တည်ဆောက်ရန် ကြိုးပမ်းရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ စက်ရုံ၏ ဘေးထွက်ဆိုးကျိုးများကြောင်း ကျန်းမာရေး ထိ ခိုက်နိုင်ခြင်းတို့ကြောင့် ယင်းစီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံများက အံဒင်ကျေးရွာ ဘောလုံးကွင်းတွင် ယမန်နေ့ နံနက် ၆ နာရီမှ ၉ နာရီခန့်အထိ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
အံဒင်ရွာမှ လူငယ် အဖွဲ့ဝင်တဦး ဖြစ်သူ မိနီမာဦးက“ဒီစက်ရုံ စီမံကိန်းက ဒေသခံတွေအတွက် အရမ်း အန္တရာယ်များတယ်။ ကျန်းမာ ရေးတွေ၊ စီးပွားရေးတွေ၊ လူမှုရေးတွေ၊ ဘာသာ၊ သာသနာရေးတွေ အားလုံးကို ထိခိုက်နိုင်တယ်။ ဒီစီမံကိန်း စလုပ်မယ်ဆိုတဲ့ ၂၀၁၄ ခုနှစ်ကတည်းက MOU ထိုးတာတွေ၊ MOA ထိုးတာတွေ ဒေသခံတွေကို ဘာတခုမှ ပွင့်လင်း မြင်သာစွာ ချပြတာမရှိဘူး။ ဒါကြောင့် ဒီစီမံကိန်းပေါ်မှာ လုံးဝ အယုံအကြည် မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
Toyo-Thai ကုမ္ပဏီနှင့် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့က နားလည်မှု စာချွန်လွှာ(MOU) စာချုပ်ချုပ်ဆိုပြီး နောက် တဆင့်ဖြစ်သော လုပ်ငန်း သဘောတူ စာချုပ်(MOA) ကို ၂၀၁၅ ခုနှစ် ဧပြီလ ၉ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြသည့်အတွက် ယခုကဲ့သို့ လူထုဆန္ဒထုတ်ဖော်ပွဲ ကျင်းပရခြင်း ဖြစ်ကြောင်း ဆန္ဒပြသူများက ပြောပြသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် ဒေသခံများက“ကျောက်မီးသွေး စက်ရုံ အလိုမရှိ”၊ “ကျောက်မီးသွေး စက်ရုံ၊ စီမံကိန်း ရုပ်သိမ်းရေး တို့အရေး” “တို့ဒေသရဲ့ သဘာဝအလှ ကာကွယ်ကြ”၊ “ Toyo-Thai ကုမ္ပဏီ အလိုမရှိ၊ တို့ဒေသ မပျက်စီးရေး တို့အရေး” စသည့်အချက်များကို ကြွေးကြော် တောင်းဆိုခဲ့ကြသည်။
၂၀၁၄ ခုနှစ် ဧပြီလ ၂၅ ရက်က အံဒင်ဘုန်းကြီးကျောင်းတွင် Toyo-Thai ကုမ္ပဏီက ယင်းကျောက်မီးသွေး ဓာတ်အားပေး စက်ရုံအကြောင်း လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ် ဇွန်လ ၈ ရက်တွင် မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တဦးက အံဒင်ရွာသူ၊ ရွာသားများနှင့် တွေ့ဆုံ၍ စီမံကိန်းနှင့်ပတ်သက်သည့် သဘောထားခံယူပွဲတခု ကျင်းပခဲ့ရာ အစည်းအဝေး တက်ရောက် သူ ၂၁၆ ဦးအနက် စီမံကိန်းကို လက်ခံသူ ၄ ဦး၊ ကြားနေသူ ၆ ဦးနှင့် လက်မခံသူ ၂၀၆ ဦးရှိကြောင်း ဒေသခံများက ပြောသည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ရေအားလျှပ်စစ် စီမံကိန်းဌာနမှ ဒု ညွှန်ကြားရေးမှူးချုပ် ဦးအေးစန်းကမူ ယင်းစက်ရုံ တည်ဆောက်ရန် မြေနေရာအတွက် Toyo-Thai ကုမ္ပဏီကို အစိုးရက နေရာချထားပေးမည် မဟုတ်ဘဲ ကုမ္ပဏီမှ ကွင်းဆင်း ရှာယူရမည် ဖြစ်ကြောင်း၊ စက်ရုံတည်ဆောက်ပါက ဒေသခံများအတွက် ထိခိုက်နစ်နာမှု မရှိစေရန် တခြားနိုင်ငံများမှ စံချိန်စံညွှန်းများအတိုင်း ဆောင် ရွက်ကြောင်း၊ Toyo-Thai ကုမ္ပဏီက ဒေသခံပြည်သူတချို့ကို ဂျပန်နိုင်ငံသို့လည်း လေ့လာရေး ခေါ်ဆောင်ထားပြီး ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးအေးစန်းက“ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံပြီးမှ လုပ်မယ်။ အကျိုးတွေက ဘယ်လိုတွေ ရှိတယ်။ အပြစ်က ဘယ်လို၊ ဒါတွေကို ဘယ်လို ကုစားမယ် ဆိုတာတွေကို လုပ်ရတယ်။ အခု ဒါတွေ ပြီးသွားတဲ့ အတွက်ကြောင့်မို့လို့ နောက်တဆင့် အနေနဲ့ စီမံကိန်းကို အကောင်အထည် ဖော်နိုင်ဖို့အတွက် သဘောတူညီခြင်း ဖြစ်တယ်။ အဲဒါတွေကို သူတို့တွေ ဆက်ပြီး ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်” ဟုလည်း ပြောဆိုသည်။
ထို့အပြင်၂၀၁၄ ခုနှစ် ဇွန်လ ၁၃ ရက်က မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ မှတဆင့် မွန်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ လိပ်မူပြီး စက်ရုံစီမံကိန်းအား အလိုမရှိကြောင်း အစီရင်ခံစာ တစောင်ပေးပို့ခဲ့သည်ဟု သိရှိရသည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်တွင် ရေးမြို့နယ် လူမှုအကျိုးဆောင် အဖွဲ့အစည်း(Ye Social Society, YSS)မှ ဦးဆောင်ပြီး အံဒင်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအား ကန့်ကွက်သည့် လူထုဆန္ဒထုတ်ဖော်ပွဲတခုလည်း ပြုလုပ်ခဲ့သည်ဟု YSS အတွင်းရေးမှူး ကိုအောင်နိုင်ဝင်းက ပြောသည်။
ရေးမြို့မှ ခန့်မှန်းခြေ ၆ မိုင်ခန့် အကွာတွင် တည်ဆောက်ရန် ပြင်ဆင်နေသည့် ယင်းကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို Toyo-Thai ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံဖြင့် တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် စတင်တည်ဆောက်မည်ဟု ခန့်မှန်းထားပြီး ၄ နှစ်မှ ၆ နှစ်အတွင်း ကြာမြင့်နိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အား ၁၂၈၀၀ မီဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဟု Toyo- Thai ကုမ္ပဏီက ပြောသည်။
ရေးမြို့နယ် ဖာလိန်ဒေသတွင် ကျေးရွာအုပ်စု ၆ ခု ပါဝင်ပြီး အံဒင်ကျေးရွာသည် အိမ်ခြေ ၅၀၀ ခန့် ရှိပြီး ယခုလက်ရှိတွင် လျှပ်စစ်မီး မရရှိသည့်အတွက် ကျေးရွာကိုယ်ပိုင် မီးစက်များ၊ နေရောင်ခြည် စွမ်းအင်များဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:
Post a Comment