နိုင်နိုင်ဇော်
ဧရာဝတီတိုင်း ညောင်တုန်းမြို့တွင် တည်ဆောက်လျက်ရှိသည့် ညောင်တုန်းပုဂ္ဂလိက တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများကို အစိုးရဝန်ထမ်း၊ ဒေသခံ ပြည်သူများနှင့် အခြားသော ပုဂ္ဂလိက အဖွဲ့အစည်းဟူ၍ အုပ်စု သုံးစုခွဲ ရောင်းချကာ နိုင်ငံ့ဝန်ထမ်းများကို ဦးစားပေး ရောင်းချမည်ဟု မြန်မာ့အခြေခံ အဆောက်အအုံ လုပ်ငန်းစု(The Infrastructure of Myanmar Groups) တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
တန်ဖိုးနည်းတိုက်ခန်း ၂,၅၀၀ ကျော် ပါဝင်မည့် ယင်းစီမံကိန်း တည်ဆောက်မှု လုပ်ငန်းများ စတင်လုပ် ဆောင်နေသကဲ့သို့ တိုက်ခမ်းကြိုပွိုင့် ရောင်းချမှုများကိုလည်း လက်ခံနေပြီဟု အဆိုပါ ကုမ္ပဏီ၏ ဈေးကွက်နှင့် ရင်းနှီးမြှုပ်နှံမှု ဒါရိုက်တာ ဦးသန်းဦးက ပြောသည်။
“တိုက်ခန်းတွေကို ကြိုပွိုင့်ကော၊ အရစ်ကျစနစ်နဲ့ကော ရောင်းပေးတယ်။ ဒါပေမယ့် အစိုးရ ဝန်ထမ်းတွေကို ၄၀ ရာခိုင်နှုန်း၊ ဒေသခံ ပြည်သူ ၃၀ ရာခိုင်နှုန်း၊ ကျန် ၃၀ ကို ကုမ္ပဏီက ပြင်ပ ဘယ်အဖွဲ့အစည်း၊ ပုဂ္ဂလိကကို မဆို ရောင်းချပေးသွားမှာပါ”ဟု ပြောသည်။
ထိုကဲ့သို့ ဝေစုခွဲ ရောင်းချပေးသော်လည်း တိုက်ခန်းတန်ဖိုး ပြောင်းလဲခြင်းမရှိဘဲ လက်ငင်း ဝယ်ယူသူနှင့် ကာလရှည်၊ ကာလလတ် ဝယ်ယူမှု သက်တမ်းအလိုက်သာ ဈေးနှုန်းခွဲခြားထားသည် ဟုလည်း ဆိုသည်။
နှစ် ၂၀ ကာလရှည်ဖြင့် ဝယ်ယူသူများအတွက် တစ်လ ကျပ်ငါးသောင်းနှုန်း ပေးအပ်ရမည်ဖြစ်ပြီး နှစ် ၃၀ ကာလရှည် ဝယ်ယူသူများအတွက် တစ်လ ကျပ်သုံးသောင်း သတ်မှတ်ထားသည်။ တိုင်းဒေသကြီး အစိုးရသတ်မှတ်သည့် အစိုးရဘဏ်သို့ လစဉ် ငွေပေးသွင်းရမည်ဟုလည်း ယင်းကုမ္ပဏီက ပြောသည်။
ငွေပေးချေမှု နှစ်နှစ်ပြည့်သူများအား တိုက်ခန်း အပ်နှံမည်ဖြစ်ပြီး ကျန်ငွေအား ဘဏ်မှတစ်ဆင့် လစဉ် ကောက်ယူသွားမည်ဟုလည်း ကုမ္ပဏီ တာဝန်ရှိသူက ရှင်းပြသည်။ လက်ငင်းငွေပေးချေ ဝယ်ယူသူများကို တိုက်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၈၀ ကျော်ဖြင့် ရောင်းချပေးသည်။
ညောင်တုန်းမြို့နယ်ရှိ ဒေသခံလယ်သမားဦးသိန်းဌေးက“ လက်ငင်းဝယ်သူ သိန်း ၈၀ က အရမ်းဈေး ချိုတယ်လို့ ပြောလို့ မရပေမယ့် နှစ် ၃၀ အရစ်ကျကတော့ ပုံမှန်ဝင်ငွေရှိတဲ့ လူတွေဝယ်နိုင် မှာပါ”ဟု ပြောသည်။
ယင်းတန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ဈေးဝယ်စင်တာနှင့် သားငါးဈေးများ ပါဝင်မည့် စီးပွားရေးဇုန်၊ ဆေးရုံ၊ ကျောင်း၊ အားကစားကွင်းနှင့် ဓမ္မာရုံများ ပါဝင်မည့် လူနေဇုန်အဖြစ် တည်ဆောက်နေသည်။ လာမည့် ၂၀၁၇ မေတွင် လုပ်ငန်းတည်ဆောက်မှု အပြီးသတ်မည်ဟုလည်း အဆိုပါ ကုမ္ပဏီက ပြောသည်။
No comments:
Post a Comment