သတင်းထောက် ဟန်တင်အောင်
၂၀၁၀ ရွေးကောက်ပွဲဥပဒေ မထွက်သေးသည့်အတွက် ပါတီအရေအတွက် မည်မျှယှဉ်ပြိုင်ခွင့် ရှိမည်ကို အတိအကျ မသိရသေးသော်လည်း နောက်ထပ် ပါတီတခု နှစ်ခု ထွက်လာနိုင် သည့်အပြင် အန်အယ်လ်ဒီလည်း ပါနိုင်သည်ဆိုပြီး ပြည်တွင်းဂျာနယ်တခုနှင့်တွေ့ဆုံရာတွင် တစညပါတီ ပြောခွင့်ရပုဂ္ဂိုလ်က မကြာခင်ရက်ပိုင်းအတွင်း ပြောခဲ့သည်။
စစ်အစိုးရနှင့် ရင်းနှီးသည်ဟု လူသိများသည့် ရန်ကုန်တိုင်းမ်ဂျာနယ်နှင့် တွေ့ဆုံရာတွင် တစညပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ကြီးက ယင်းသို့ ပြောခဲ့ခြင်းဖြစ်သည်။
မြန်မာစစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ပြည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီကြီး (၃) ခုသာ
ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်ဟု ၂၀၀၇ ခုနှစ် ဧပြီလတွင် ထိုင်းဝန်ကြီးချုပ်စမတ်က သတင်းထောက်များကို ပြောခဲ့သည်။
မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၏ ၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ၂၀၁၀ ပြည့်နှစ် မြန်မာစစ်အစိုးရ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီကြီး (၃) ခုသာ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် စမတ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရမည့် နိုင်ငံရေးပါတီကြီး (၃) ခုမှာ မည်သည့် ပါတီများဖြစ်သည်၊ အန်အယ်လ်ဒီပါတီ ယှဉ်ပြိုင်ခွင့် ရှိမရှိ ဆိုသည်ကိုမူ ထိုင်းဝန်ကြီးချုပ်က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်း မရှိပေ။
သို့သော် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီကြီး သုံးလေးခုသာ ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်ပြီး ၉၀ ရွေးကောက်ပွဲမှာကဲ့သို့ ပါတီ အများအပြား ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရှိမည် မဟုတ်ဟု အစောပိုင်းတွင် တစညပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ကြီးက အာအက်ဖ်အေသို့ ပြောခဲ့သည်။
ရန်ကုန် တစညပါတီ သတင်းစာရှင်းလင်းပွဲတွင်လည်း ကြံ့ဖွံ့ကို နိုင်ငံရေးပါတီ အသွင်ပြောင်း မည်ဟု ဦးခင်မောင်ကြီးက ပြောခဲ့သည့်အတွက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တစညပါတီနှင့် ကြံ့ဖွံ့တို့ သေချာပေါက် ပါဝင်နိုင်မည်ဟု ယူဆစရာရှိသည်။
ထိုပြောဆိုချက်များကို ချုပ်ကြည့်လျှင် မြန်မာစစ်အစိုးရသည် တစညပါတီ ဦးခင်မောင်ကြီးနှင့် ထိုင်းဝန်ကြီးချုပ် စမတ်တို့ကို အသုံးချပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ခွင့်ရမည့် ပါတီအရေ အတွက်အပေါ် အတိုက်အခံဘက်က မည်သို့ တုံ့ပြန်မည်၊ ပြည်သူတွေ မည်သို့တုံ့ပြန်မည်ကို သိအောင် သွေးတိုးစမ်းခြင်း ဖြစ်သည်ဟု ရန်ကုန် နိုင်ငံရေးအကဲခတ်များက နားလည်နေကြသည်။
ရွေးကောက်ပွဲဝင်ခွင့်ရမည့် ပါတီအရေအတွက်နှင့် ပတ်သက်ပြီး ယခုအချိန်ထိ အန်အယ်လ်ဒီအပါအ၀င် မည်သည့်အဖွဲ့အစည်းကမျှ မကျေနပ်ကြောင်း တုံ့ပြန်ခြင်းမရှိသေးပေ။
ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီဝင်ရောက်ယှဉ်ပြိုင်မည်ဆိုလျှင်ပင် အန်အယ်လ်ဒီ၊ တစည၊ ကြံ့ဖွံ့အပြင် စစ်အစိုးရခေါင်းခေါက်ရွေးထားသည့် တသီးပုဂ္ဂလ အမတ်တချို့ ပါနိုင်သည်ဟု ယူဆစရာရှိသော်လည်း အမှန်တကယ်မှာ တစညနှင့် ကြံ့ဖွံ့ပါတီတို့သည် မည်သည့်ပါတီများနှင့် မဟာမိတ်ဖွဲ့မလဲဆိုသည့်အချက်ကို စစ်အစိုးရက မြှုပ်ကွက်လုပ်ထားသည်။
ကချင်လက်နက်ကိုင် အပစ်အခတ်ရပ်စဲရေးအဖွဲ့များက ပါတီထောင်ရန် စိုင်းပြင်းနေခြင်းမှာ လည်း စစ်အစိုးရ၏ သြဇာမကင်းဟု တိုင်းရင်းသားခေါင်းဆောင်အချို့က ယူဆသည်။ ညီလာခံတက်ခဲ့သည့် တိုင်းရင်းသားအဖွဲ့များနှင့် ပတ်သက်သည့် ပါတီများဖွဲ့ဖြစ်လျှင် ထိုပါတီများသည် တစည သို့မဟုတ် ကြံ့ဖွံပါတီများနှင့် မဟာမိတ်ဖွဲ့နိုင်စရာရှိသည်ဟု ရန်ကုန်စာနယ်ဇင်းသမားအချို့က မှန်းထားသည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ တစည အရေးနိမ့်ခဲ့ခြင်းသည် မဟာမိတ်မဖွဲ့ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု တစည ဦးခင်မောင်ကြီးက နိုင်ငံခြား သတင်းထောက်အချို့ကို ပြောခဲ့သည်။ ထို့ကြောင့် တစညပါတီက မဟာမိတ်ဖွဲ့ရန် သေချာနေသော်လည်း မည်သည့်ပါတီတွေနှင့် မဟာမိတ်ဖွဲ့မည်မှာ အတိအကျ မသိရသေးပေ။ မြန်မာစစ်အစိုးရအနေဖြင့် ကြံ့ဖွံကို နိုင်ငံရေးပါတီအဖြစ် ပြောင်းရန် တရားဝင် မကြေညာသေးသော်လည်း တစညပါတီကိုမူ ပြည်တွင်း၌ လွတ်လပ်စွာ စည်းရုံးခွင့်ပေးထားသည်ဟု ခေတ်ပြိုင်က စုံစမ်းသိရသည်။ ယခုတခေါက်တွင် တစညပါတီ သေချာပေါက် နိုင်ရမည်ဟု ပါတီခေါင်းဆောင် ဗိုလ်ချုပ်ထွန်းရီက မွန်ပြည်နယ် စည်းရုံးရေးခရီးစဉ်များတွင် ပြောခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။
အထူးသဖြင့် စစ်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် အဖွဲ့အစည်းများက ထောင်သည့်ပါတီမှန်သမျှ တစည သို့မဟုတ် ကြံ့ဖွံ့ပါတီများနှင့် မဟာမိတ်ဖွဲ့နိုင်စရာ ရှိသည့်အတွက် ၂၀၁၀ ရွေးကောက်ပွဲဝင်မည့် ပါတီအရေအတွက် နည်းနိုင်သော်လည်း တစည သို့မဟုတ် ကြံ့ဖွံ့ပါတီများမှာ ကြီးမားသည့် မဟာမိတ်အုပ်စုများ ဖြစ်လာနိုင်သည်ဟု တွက်ကြသည်။
No comments:
Post a Comment