Tuesday, January 13, 2009

အစိုးရသစ် ဖွဲ့စည်းမည့် အစီအစဉ်အပေါ် သူတို့အမြင်

မဇ္ဈိမသတင်းဌာန

၂၀၀၉ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြည်ပအခြေစိုက် အစိုးရသစ်တရပ် ဖွဲ့စည်းမည်ဆိုသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ - NCUB ၏ အယူအဆနှင့် ပြည်ပ အဖွဲ့အစည်းများအကြား လက်ရှိ ညှိနှိုင်းဆောင်ရွက်မှုများ အပေါ် NCUB ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ - NCGUB နှင့် လေ့လာအကဲခတ်သူတို့ထံ မဇ္ဈိမသတင်းထောက် ဇာနည်နှင့် ဆော်လမွန်က ဆက်သွယ်မေးမြန်းထားချက်များနှင့် သတင်းပေးပို့ချက်ကို တင်ပြလိုက်ပါသည်။

ဦးဒေးဗစ် တာကပေါ
(အတွင်းရေးမှူး အဖွဲ့ဝင်)
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB)

(ဒု-ဥက္ကဋ္ဌ)
ကရင်အမျိုးသား အစည်းအရုံး (KNU)

နအဖက ၂၀၁၀ လုပ်မယ့်အစား ကျနော်တို့က ဖြစ်စေချင်တာက လူထုလှုပ်ရှားမှု၊ နောက်ပြီးတော့ နိုင်ငံရေး၊ သံတမန်ရေး၊ နောက် တိုက်ပွဲတွေအရ နအဖကို ပြုပြင်ပြောင်းလဲဖို့ပဲ။ နအဖက ၂၀၁၀ ရွေးကောက်ပွဲ လုပ်မယ့်အစား NLD က ပြောသလို ဖွဲ့စည်းပုံကို ပြန်ပြီးတော့ review လုပ်ဖို့ သို့မဟုတ်လည်း အသစ်ဆွဲဖို့။ အသစ်ဆွဲဖို့ဆိုရင်လည်း ၃ ပွင့်ဆိုင်ဆိုတာ စရမယ်။ မေလ ဆန္ဒခံယူပွဲနဲ့ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံဥပဒေက နအဖ အလိုကျ ရေးဆွဲထားပြီးတော့ အတင်းအဓမ္မနဲ့ အတည်ပြုထားတာ ဖြစ်တဲ့အတွက် နိုင်ငံတကာကလည်း လက်မခံဘူး။ ပြည်သူလူထုကလည်း လက်မခံဘူး။ အဲဒါကို နအဖက ရှေ့ဆက်ပြီးတော့ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် တိုင်းပြည်က ပိုပြီးတော့ အခြေအနေဆိုးလာမယ်။

အခြေအနေအရ ကျနော်တို့ လျော့လျော့ရဲရဲနဲ့ပဲ သွားလို့ရမလား ဒါမှမဟုတ် ပိုပြီးတော့ ကျစ်ကျစ်လစ်လစ်နဲ့ သွားကြမလား၊ အဲဒီပေါ်မှာ အခြေခံတယ်လေ။

လျော့လျော့ရဲရဲနဲ့ သွားရင်လည်း အရင်အတိုင်းပဲ ဖြစ်မှာပေါ့။ ကျစ်ကျစ်လစ်လစ်၊ ဒီမိုကရေစီကျကျ ဘောင်အတွင်းမှာ ပိုပြီးတော့ကျစ်လစ်တဲ့၊ ပိုပြီးတော့ခိုင်မာတဲ့၊ ညီညွတ်တဲ့ အဲဒီနည်းလမ်းနဲ့ သွားမယ်ဆိုရင်တော့ ပါလီမန်သဘောဆောင်တဲ့ အဖွဲ့အစည်းတရပ် ပေါ်လာရမယ်လေ။ အဲဒါပါ။

အဖွဲ့အစည်းတွေ ပါဝင်ဖို့က ကျနော်တို့ကတော့ အားလုံး လက်ခံမှပဲ၊ အားလုံးကို ကျနော်တို့ အကြောင်းကြားမယ်။ ပါမလား၊ မပါဘူးလား။ ပါချင်လည်း ရတယ်၊ မပါချင်လည်း ရတယ်။ အတိုက်အခံအနေနဲ့ ပါချင်လည်း ရတယ်။ သို့မဟုတ် အများစုသဘောထားကို ထောက်ခံတဲ့အနေနဲ့ လက်ခံလည်း၊ ပါရင်လည်း ရတယ်။ အခုကတော့ ခန့်မှန်းထားတာပဲ ရှိတယ်။ အခုက သဘောထားပဲ ရှိသေးတယ်။ အခုက အိုင်ဒီယာ အဆင့်ပဲ ရှိသေးတယ်။ အဲဒီ အိုင်ဒီယာကို အကောင်အထည်ဖော်တာကတော့ အမြန်ဆုံးကြိုးစားပြီးတော့ လုပ်သွားမှာပဲ။

ပါတဲ့အဖွဲ့တွေကတော့ NDF ပါမယ်။ နောက် DAB, MPU, NLD (LA) ဒေါက်တိုင်လေးတိုင်ပေါ့။ နောက်ပြီးတော့ ENC ပါလာနိုင်တယ်။ ENC တဖွဲ့လုံးပါရင် ကောင်းတယ်။ မပါနိုင်လည်း ENC အဖွဲ့ဝင်တွေအနေနဲ့ ပါလာနိုင်တယ်။ ကရင်နီတို့၊ ရှမ်းတို့ပေါ့ဗျာ။

စစ်အစိုးရအနေနဲ့ကတော့ သူ့ဘက်က ကျနော်တို့ကို တုံ့ပြန်မယ်ဆိုတာ အခုအခြေအနေထက် ဆိုးတာ မရှိတော့ဘူးဗျ။ သူက ဒီပုံစံမျိုးပဲ ဆက်သွားနေမှာပဲ။ တကယ်လို့ တရုတ်အားကိုးတို့၊ အိန္ဒိယအားကိုးတို့နဲ့ အတည်ပြုသွားဖို့ လုပ်တယ်ဆိုလည်း တမျိုးပေါ့ဗျာ။ ခြိမ်းခြောက်သင့်တန် ခြိမ်းခြောက်၊ ချော့တန်ချော့ပြီး ကျနော်တို့က လုပ်သွားမယ်ပေါ့။ ကျနော်တို့က အရင်ကလို ပျော့ပျော့ပြောင်းပြောင်းလေး လုပ်နေလို့ မရတော့ဘူး။

အဓိကကတော့ နအဖကလည်း သူ့လမ်း သူသွားတယ်ဆိုတော့ ကိုယ်ကလည်း ကိုယ့်လမ်း ကိုယ်လုပ်ရတော့မယ်လေ။ အရင်တုန်းကတော့ သုံးပွင့်ဆိုင်လေးများ ဖြစ်မလားဆိုပြီးတော့၊ နည်းနည်းချော့ပြီးတော့၊ မျောပြီးတော့ လိုက်တဲ့သဘော ရှိတယ်လေ။ အခုဟာ နအဖက သုံးပွင့်ဆိုင် မလုပ်တော့ဘူးဆိုတာ သေချာနေပြီ။ ဒီတော့ ကိုယ်ကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့၊ ကိုယ့်လမ်းနဲ့ ချော့နေဖို့ မလိုတော့ဘူးလေ။ သုံးပွင့်ဆိုင်လုပ်ဖို့လည်း တံခါးကလည်း ဖွင့်ထားပါတယ်။

ကိုယ်အကောင်ဆုံးဖြစ်မယ်လို့ ထင်တဲ့လမ်းကို ပိုပြီး ကျစ်ကျစ်လစ်လစ်၊ ခိုင်ခိုင်မာမာနဲ့သွားချင်တယ်ဆိုရင်တော့ အခုလိုရော့ရဲရဲ မဟာမိတ်တွေပုံစံနဲ့သွားလို့တော့မရဘူး ပိုပြီးကျစ်လစ်တဲ့ ခိုင်မာတဲ့ ပုံစံတစ်ခုနဲ့ သွားရမယ် အဲသည့်သဘောပါ။ All state holder ပေါ့ဗျာ။ တိုတိုနဲ့လိုရင်း ပြောမယ်ဆိုလို့ရှိရင် လက်နက်ကိုင်ရှိတဲ့ အဖွဲ့အစည်းတွေလည်း ပါမယ်ပေါ့ဗျာ။

နောက်ပြီးတော့ အစိုးရဖွဲ့မယ်ဆိုတဲ့သဘော ရှိတယ်။ အစိုးရဆိုရင် နယ်မြေရှိရမယ်၊ လူထုရှိရမယ်၊ တပ်ရှိရမယ်၊ ပါလီမန်ရှိရမယ်။ ဒါပေမဲ့ ကျနော်တို့ ပါလီမန်ကနေ အစိုးရကို သွားမယ်။ အဲဒီသဘောပါ။

အခုဟာက NCUB နဲ့ပဲ မလုံလောက်တော့ဘူးလို့ ကျနော်တို့ အဲဒီလို မြင်တယ်။ သူတို့က အမတ်တွေနဲ့ပဲ ဖွဲ့ချင်တယ်။ အခုလုပ်လာတာ အနှစ် ၂၀ ရှိပြီ။ မလုံလောက်ဘူးပေါ့ဗျာ။ ကျနော်က အဲလိုမြင်တယ်။ (အားမရဘူး၊ ပျော့ပြောင်းတယ်)။ အခုက ကြေညာချက်ထုတ်တဲ့ အဆင့်ပဲ ရှိသေးတာပါ။ NCUB ကနေ ဦးစီတဲ့သဘောတော့ ရှိမှာပေါ့။ ဒါပေမဲ့ NCUB ထဲမှာတော့ ဖြစ်ချင်မှ ဖြစ်မယ်လေ။ ဖော်ပြထားတဲ့ကိစ္စက ပါလီမန်သဘော ဆောင်တယ်။ အခုဟာက ပါလီမန်မဟုတ်ဘူး။ အခုအဖွဲ့အစည်းတွေက မဟာမိတ်၊ လျော့ရဲသော မဟာမိတ်တွေ ဖြစ်နေတာကိုး၊

NCGUB နဲ့ ထိတ်တိုက် ဖြစ်လာမလား

သူတို့အနေနဲ့ အတိုက်အခံဘက်မှာနေမလား၊ အစိုးရဘက်မှာနေမလား၊ အဲဒါတော့ ရှိတာပေါ့ဗျာ။ အစိုးတရပ်မှာ အတိုက်အခံကတော့ ရှိရပါမယ်။ အကယ်၍ အစိုးရအသစ်ဖွဲ့ရင် အဲဒီမှာ National Unity Party Government ဆိုတဲ့ အတွေးအခေါ်တွေ ရှိတယ်လေ။ အဲဒီအတွေးအခေါ်က အရင်ပုံစံလို လျော့ရဲရဲ မလုပ်မရှုပ်မပြုတ်ဆိုတဲ့ ပုံစံမျိုးနဲ့တော့ သွားလို့မရတော့ဘူးလေ။ ပြုတ်စရာရှိရင် ပြုတ်၊ လုပ်စရာရှိရင် လုပ်။ အဲဒီလိုပေါ့။

အဖွဲ့သစ်အပေါ် မျှော်လင့်ချက်

ကျနော်တို့အားလုံး ပါမယ်ပေါ့ဗျာ။ လူမျိုးကို ကိုယ်စားပြုတာလည်း ပါမယ်။ State ကိုယ်စားပြုတာလည်း ပါမယ်။ အဖွဲ့အစည်းကိုယ်စားပြုတဲ့၊ အားလုံးကျေနပ်တဲ့ အဖွဲ့အစည်းပေါ့။ အဲဒီမှာ ဒီမိုကရေစီ အခြေခံကျကျ လုပ်သွားမယ်။



ဒေါက်တာတင့်ဆွေ
(၀န်ကြီး)
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)

NCUB က အစိုးရသစ်တရပ် ဖွဲ့စည်းမယ့် အစီအစဉ်အပေါ် ဘယ်လိုမြင်ပါသလဲ။

ပြောရတာ နဲနဲခက်ပါတယ်။ တေ့တေ့ဆိုင်ဆိုင် တရားဝင် တိုင်ပင်ရသေးခြင်းတော့ မရှိသေးပါဘူး။ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေချင်တဲ့သဘောမျိုးကို ကျနော်တို့က မူအရ လက်ခံပြီးသားရှိတာ အမှန်ပါ။ ဒီထက်ပိုပြောဖို့ စောပါသေးတယ်။

စင်ပြိုင်အစိုးရ ၂ ရပ်ဖြစ်လာနိုင်လို့ ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်လဲရှင့်

နှစ်ဖွဲ့ဖြစ်တယ်ဆိုတာ ဘယ်လိုအဖွဲ့ဖြစ်ဖြစ် မကောင်းပါဘူး။ ဒေလီမှာ တယောက်က တခုလုပ်တာကို နောက်တယောက်က စင်ပြိုင်လိုက်လုပ်တဲ့အကျင့်မျိုး ဖျောက်ကြဖို့ နှစ်ပေါင်းများစွာ ကြိုးစားနေခဲ့တာမို့ ကျနော် အတော်မကြိုက်တဲ့၊ ကလေးဆန်တဲ့ နိုင်ငံရေးလုပ်ရပ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ တပ်ပေါင်းစုခေါင်းဆောင်များဟာ အတွေ့အကြုံရော၊ ၀ါအရပါ ရင့်ကျက်သူတွေ ဖြစ်ကြပါတယ်။

အခုလို ဖြစ်လာလို့ စည်းလုံးမှု ပြိုကွဲသွားမယ်လို့ ပြောနေကြတာကို ဘယ်လိုသဘောရလဲရှင့်

စည်းလုံးမှုကို ထိခိုက်တာမှန်သမျှ အားလုံးက ရှောင်ရမှာပါ။ ဒီထက် စည်းရုံးအောင်၊ ညီညွတ်အောင် လုပ်ကြဖို့ လူတိုင်းက ပြောနေ၊ ရေးနေချိန်ပါ။ ကျနော်တို့က နမူနာမပြနိုင်ရင် ကျနော်တို့ထက် ညံ့မယ့်သူ ရှိမှာမဟုတ်တော့ပါ။ NCGUB အနေနဲ့ကတော့ စည်းလုံးညီညွတ်ရေး ထိပါးမယ်ဆိုရင် ကိုယ့်အရှိ လက္ခဏာလေးတွေ ဖြစ်ပါစေ။ Sacrifice လုပ်မှာပါ။ မှန်တယ်ထင်တဲ့ နိုင်ငံရေးရပ်တည်ချက်ကိုတော့ စွန့်မှာမဟုတ်ပါဘူး။

NCUB က ဖွဲ့မယ့် အစိုးရမှာ လက်နက်ကိုင်တပ်ပါ ပါလာမယ်ဆိုတော့ ဒါကို ဘယ်လိုသဘောရလဲရှင့်

လက်နက်ကိုင်တပ်ဖြစ်ဖြစ်၊ လုံခြုံရေးအစီအမံဖြစ်ဖြစ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ လိုအပ်တာအမှန်ပါ။ ၂၀ နှစ်တာ သင်ခန်းစာက "နည်းလမ်းအစုံနဲ့ လူတိုင်းက ပါဝင်ကြိုးပမ်းရမယ်။ သူများ အားမကိုးနဲ့" ဆိုတာ ဖြစ်ပါတယ်။ တခုရှိတာက လုပ်ချင်တာနဲ့ လုပ်လို့ရတာ ထပ်တူမကျတတ်ပါဘူး။ တွက်စရာတွေ၊ ကြည့်စရာတွေ၊ ထောက်စရာတွေကို ချိန်ဆဖို့ လိုပါတယ်။ ၀န်ကြီးဌာနအမည်မပါဘဲ လုပ်နိုင်တာရှိသလား၊ ကြည့်ဖို့ သင့်ပါတယ်။ အစိုးရတရပ်နဲ့ တပ်ကို တွဲလိုက်ရင် ကနေ့လို အခင်းအကျင်းမှာ အတော်ကို တွက်စရာ၊ ကြည့်စရာ၊ ထောက်စရာတွေ များပါတယ်။ ကျနော်တို့ အစိုးရထဲမှာ အခုထိ တပ်မပါခဲ့သေးတာ အဲဒါကြောင့်ပါ။

NCUB က NCGUB နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောတော့ အခု ညှိနှိုင်းဆောင်ရွက်မှုအပိုင်းက ဘယ်လိုရှိလဲရှင့်။

NCUB နဲ့ NCGUB တို့က အမြဲလိုလို ထိစပ်နေတာပါ။ ၀န်ကြီးတာဝန်ရှိသူတဦးက သဘာပတိအဖွဲ့ဝင်ပါ။ စကတည်းကဆိုပါတော့။ နောက်ဆုံးကြေညာချက်မှာတော့ ညှိနှိုင်းဆောင်ရွက်မှုအပိုင်းက မပြည့်စုံလိုက်ဘူး ထင်ပါတယ်။



ဦးခွန်မားကိုဘန်း
(ဒု-ဥက္ကဋ္ဌ)
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB)

NCUB က DAB, MPU, NDF, NLD (LA) ဆိုတဲ့ တပ်ပေါင်းစု ၄ ဖွဲ့နဲ့ ဖွဲ့စည်းထားတယ်။ သူရဲ့မူမှာ နိုင်ငံရေးမူ ချမှတ်တဲ့နေရာမှာ သူ့ရဲ့ ဒီ ထောက် ၄ ထောက်ကနေပြီးတော့ ပါဝင်ဆက်စပ်ညှိနှိုင်းကြပြီးမှသာ ချမှတ်လို့ ရမယ်ဆိုတာ မူချမှတ်ထားပါတယ်။

ကျနော်က NCUB ထောက် ၄ ထောက်ရဲ့ ဥက္ကဋ္ဌ ၄ ဦး အနက်က MPU ထောက်မှာ ဒု ဥက္ကဋ္ဌ နေရာမှာ ပါပါတယ်။ အခု ကြေညာချက်နဲ့ ပတ်သက်လို့ ကြိုတင်ညှိနှိုင်းမှု မသိလိုက်ပါဘူး။ ကြေညာချက် ထုတ်ပြန်လိုက်မှ သိရပါတယ်။ အခုလိုပြောလို့ ဒါကို ဆန့်ကျင်တယ်လို့တော့ မသတ်မှတ်စေချင်ပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် တပ်ပေါင်းစုရဲ့ မူအရတော့ ညှိနှိုင်းသင့်တယ်လို့ တင်ပြလိုပါတယ်။

ဒီလိုဖွဲ့ရင် ဘယ်လိုဖြစ်လာမယ်ဆိုတဲ့နေရာမှာ အဲဒီလို ဖွဲ့နိုင်ဖို့အတွက်က NCUB တပ်ပေါင်းစု ထောက် ၄ ထောက်မှာ အသေအချာ၊ အကျေအလည် ညှိနှိုင်းသဘောတူညီမှုကို ရရှိမှသာ၊ နောက်ပြီးတော့ ဒါတင်မကဘူး၊ တိုင်းရင်းသားအင်အားစု အဖွဲ့အစည်းနဲ့လည်း အကျေအလည် ညှိနှိုင်းမှု ယူရမှာ ရှိတယ်။ နောက်ပြီးတော့ ဒီ့အပြင်မှာ ပြည်တွင်းအင်အားစုနဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် နားလည်မှု လုပ်ဆောင်သွားဖို့ လိုအပ်တယ်။

နောက်ပြီးတော့ နိုင်ငံတကာက ဒီမိုကရေစီ အားပေးတဲ့ နိုင်ငံတွေကိုလည်း ဘာကြောင့် ဒီလိုလုပ်ရလဲ ဆိုတာကိုလည်း သူတို့ကိုလည်း ဒီအပေါ်မှာ အလန့်တဖြန့် မဖြစ်ဖို့နဲ့ နားလည်မှု ရှိရှိနဲ့ စဉ်းစားသင့်တယ်။

လောလောဆယ်မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကြိုတင် ဝေဖန်သုံးသပ်တာတွေ မလုပ်လိုပါဘူး။



ကိုဝင်းမင်း
(မြန်မာ့အရေး လေ့လာသူ)

အရင်တခု ရှိပြီးသားမှာ နောက်တခု ပေါ်လာမယ်ဆိုရင်တော့ ပြောရမယ်ဆိုရင်တော့ စိုးရိမ်စရာတော့ အမှန်ပါပဲ။ အတိုက်အခံ အသိုင်းအ၀ိုင်းမှာ ဒီလိုဖြစ်နေတယ်ဆိုတာ အထူးသဖြင့်ကတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ စိုးရိမ်စရာတွေ ဖြစ်လာပါမယ်။

သူတို့ (နအဖ) အနေနဲ့ကတော့ မညီညွှတ်အောင် ပိုပြီး ဖြစ်စေချင်တဲ့ သဘောမျိုး ရှိတာပေါ့နော်။ မြန်မာအစိုးရရဲ့ သဘာဝကတော့ တဖက်လှည့်နည်းမျိုးနဲ့ အုပ်ချုပ်လေ့ရှိတာကိုး။ နောက် ရှိသမျှအဖွဲ့တွေ ခွဲပြီးတော့ သူက အားနည်းသွားအောင် လုပ်ခြင်းအားဖြင့် သူက အုပ်ချုပ်တာဆိုတော့ ညီညွှတ်ရေးကွဲပြားမှုကို သူက လိုလားတာပေါ့။

၂၀၁၀ မှာ နအဖက ရွေးကောက်ပွဲလုပ်ပြီးလို့ရှိရင် နိုင်ငံတကာက ထောက်ခံမှု ရအောင်လို့ သူက ကြိုးစားမှာကိုး။ အဲဒါကို တန်ပြန်တဲ့အနေနဲ့ စင်ပြိုင်အစိုးရကို ဖွဲ့ပြီးတော့ နိုင်ငံတကာမှာ လက်ရှိ မြန်မာအစိုးရကို မထောက်ခံဖို့ အဲဒီအတွက် သူတို့က ရည်ရွယ်ပြီးတော့ ဖွဲ့တယ်ဆိုရင်တော့ ကျနော်ထင်တယ် အချိန်ကာလ အားဖြင့်ဆိုရင် မှန်တဲ့သဘောကို ဆောင်တယ်ပေါ့နော်။

No comments: