Wednesday, January 7, 2009

အနှစ်သာရပျက်၊ တန်ဖိုးမဲ့လာသော သမိုင်းဝင်နေ့



ရုံးပိတ်ရက်မို့ စောစောမထသေးဘဲ အိပ်ရာထဲနှပ်နေသော ကိုမျိုးတယောက် လမ်းထဲက ရ၀တ ရုံးမှ လော်စပီကာအော်သံက နားထဲ ကန့်လန့်ဝင်လာသဖြင့် ဒေါသထောင်းထောင်း ထသွားသည်။

"လမ်းထဲမှကား …. ကလေးငယ်များအပြေး … ခေတ္တ အပြင်ထွက်ပေးပါရန်…."။ အိပ်ချင်မူးတူးစိတ်တို့ မပြေသေးသဖြင့် ဘာအော်သွားမှန်း သဲသဲကွဲကွဲ မကြားရ။ နောက်တခေါက် ထပ်အော်ပြန်သည်ကို သေချာနားစိုက်ထောင်ကြည့်မှ …

"လမ်းထဲမှ ကားပိုင်ရှင်များခင်ဗျား၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးငယ်များ အပြေးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပမည်ဖြစ်ပါ၍ ခေတ္တ အပြင်ထွက်ပေးပါရန် မေတ္တာရပ်ခံ နှိုးဆော်အပ်ပါသည် ခင်ဗျား"။ သဲသဲကွဲကွဲ ကြားရတော့မှ ဒေါသအမျက်တို့က ပို၍ ထောင်းထောင်းထလာတော့သည်။ ကားရွှေ့ပေးရမှာကြောင့် မဟုတ်။ သူ့မှာ ကားဆို၍ ကလေးကစားစရာကားပင် မရှိသောကြောင့် ဒီကိစ္စက ပြဿနာမဟုတ်။ ဒီနေ့က ၆၁ နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲ နှစ်ပတ်လည်နေ့၊ ပုံမှန် ရုံးပိတ်ရက် တနင်္ဂနွေနေ့နှင့် အစိုးရမှတ်တမ်းဝင် ရုံးပိတ်ရက်က လာထပ်နေ၍ စိတ်ညစ်ရသည့်အထဲ ဒီလိုမျိုး ပေါက်တတ်ကရ လုပ်နေကြသူတွေကြောင့် ဒေါသထွက်ရခြင်းဖြစ်သည်။

ဒီလို သမိုင်းဝင်မော်ကွန်းတင် နေ့ထူးနေ့မြတ်တွေ ရောက်လာတိုင်း ကိုမျိုး စိတ်တိုဒေါသထွက်ခဲ့ရတာ အနှစ် ၂၀ ရှိခဲ့ပေပြီ။ ပြည်ထောင်စု တိုင်းရင်းသားတရပ်လုံး တန်ဖိုးထားရမည့် အမျိုးသားရေး လက္ခဏာရပ်တွေကို တန်ဖိုးသေးသိမ်အောင် လုပ်ပုံများက ဖျက်ဆီးကာ၊ သမိုင်းတွင်ဖြစ်ရပ်များ အဖြစ်မှနေ၍ ဖျောက်ဖျက်လာသည့် စစ်အစိုးရ၏ လုပ်ရပ်များက ကြာလေ ခက်လေ။

အခုလည်းကြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ လမ်းပိတ်ပြီးလုပ်မယ့် အားကစားပြိုင်ပွဲများ၊ ကလေးတွေ စိတ်ထဲ ဒါကြီးက ကြာလာရင် အရိုးစွဲတော့မည်။

လွတ်လပ်ရေးနေ့၏ အမှန်တကယ် ပြည့်ဝလှသော အနှစ်သာရနှင့် သမိုင်းမော်ကွန်းဝင် အဖြစ်တို့က ကြာလေ မှုံရီေ၀၀ါးလာလေ ဖြစ်နေသည်။ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားရေး လက္ခဏာများ ထွန်းကားရေး တဖွဖွပြောနေကြသော သူများသည် ဤ နေ့ထူးနေ့မြတ်များကိုဖြင့် ညစာစားပွဲတရပ် ခင်းကျင်းရုံမျှသာ တန်ဖိုးထားတော့သည်။

တိုင်းနှင့်ပြည်နယ်အနှံ့ ကျင်းပကြသည့် လွတ်လပ်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားများကလည်း ကျင်းပသည်ဆိုရုံမျှသာ။ ဘာအနှစ်သာရ၊ ဘာအဓိပ္ပာယ်မှ မပါတော့ပေ။

သမိုင်းဝင် လွတ်လပ်ရေးနေ့အကြောင်း စဉ်းစားရင်း သူတို့ ငယ်ငယ်က နွှဲခဲ့ကြုံခဲ့၊ ဖြတ်သန်းခဲ့ရသော လွတ်လပ်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားများကို ပြန်မြင်ယောင်သတိရလာမိသည်။

မူလတန်း ကျောင်းသားအရွယ်ကဆိုလျှင် လွတ်လပ်ရေးနေ့ ကျောင်းပိတ်ရက် မတိုင်ခင် နေ့တွင် ကျောင်းခန်းမထဲမှာ ဆရာဆရာမများက လွတ်လပ်ရေးနေ့ ပေါ်ပေါက်လာပုံ၊ လွတ်လပ်ရေးကို မည်သို့ ရယူခဲ့ရပုံတွေကို စိတ်ဝင်စားဖွယ် ပြောပြခဲ့ကြသည်။ နောက်နေ့ လွတ်လပ်ရေးနေ့မှာ မြို့နယ်ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရေးပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲတွေ မြို့နယ်ခန်းမမှာ လုပ်သလို အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲတွေကို မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့ကြသည်များကို သတိတရ လွမ်းမိတော့သည်။ အထက်တန်း ကျောင်းသားအရွယ်၊ တက္ကသိုလ် ကျောင်းသားအရွယ်တွေမှာလည်း ဤသို့ပင် ဖြတ်သန်းခဲ့ကြရသည်။ အခု သူ့အသက် ၄၀ နား နီးလာချိန်တွင်တော့ နောင်လာနောက်သား ကလေးငယ်များ သူတို့တုန်းကလို မကြုံဖူး၊ မခံစားရဖူးတော့သည်မှာ စနစ်ဆိုးအောက် ရောက်နေ၍သာဟု ရင်နာနာနှင့် ဆိုရပေတော့မည်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်များဖြင့် ဇန်န၀ါရီလ ၄ ရက်နေ့က ထွက်လာသည့် သတင်းဂျာနယ်တစောင်ပါ "အမှတ်တရ လွတ်လပ်ရေး အတွေးအမြင်" ဆိုသည့် ခေါင်းစဉ်အောက်တွင် လွတ်လပ်ရေးအပေါ် အမြင်များ၊ အတွေ့အကြုံများကို ဆွေးနွေးထားသည်များ ဖတ်ရသည်မှာ စိတ်မကောင်းစရာပေ။ ၉ ဦး၏ အမြင်များတွင် အများလေးစားခဲ့ရသည့် စာရေးဆရာကြီး ၂ ဦးက ပြောသွားသည့် စကားများက မှတ်သားစရာမပါဘဲ စိတ်မကောင်းဖြစ်စရာသာ ကျန်ခဲ့သည်။ ဤလို သမိုင်းကို သိမီသူ ဆရာကြီးများပင် လွတ်လပ်ရေးနေ့ထူးအပေါ် ပေါ့ပေါ့မြင်တော့လျှင် နောင်လာနောက်သား လူငယ်များအဖို့မူကား မတွေးဝံ့တော့ပေ။

"ဟေး - ပြေး ပြေး ပြေးထား .."၊ ညာသံပေးအော်ဟစ်သံများ ကြားရတော့မှ အတွေးစ ရှည်နေသော ကိုမျိုးတယောက် သတိပြန်ဝင်လာသည်။ ၀ရံတာထွက်ကြည့်တော့ လွတ်လပ်ရေးအရသာ အပြည့်အ၀ ခံစားနေကြသော လမ်းထဲမှ လူကြီးနှင့် ကလေး တပြုံကြီးကို တွေ့လေတော့သည်။ ခါတိုင်းဆို လမ်းထဲမှာ ပြည့်နေသော ကားတန်းက တစီးမှ မရှိတော့။ မဖယ်ပေးလျှင်လည်း ကိုယ့်တမင်း ကိုယ်စားပြီးသူများ သောက်မြင်ကတ်ခံရမှာမို့ ဖယ်ပေးကြရခြင်းဖြစ်မည်။ လမ်းထိပ် အ၀င်အထွက်တွေမှာလည်း ၀ါးလုံးတန်းတွေနှင့် လမ်းပိတ်ထားလေသည်။

လူကြီးတွေက တရုန်းရုန်း၊ ကလေးတွေက တ၀ုန်းဝုန်းနှင့် ထင်တိုင်း သောင်းကျန်းနေကြသော လွတ်လပ်ရေး နေ့ထူးနေ့မြတ်ကြီးပင်။ (ကျား) သက်ငယ် အပြေးပြိုင်ပွဲ၊ (မ) သက်ငယ် အပြေးပြိုင်ပွဲ၊ ထုပ်စည်းတိုးပွဲ၊ ဂိုးကျဉ်းဘောလုံးကန်ပွဲ၊ မုန့်စားပြိုင်ပွဲများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး လွတ်လပ်ရေး ပျော်ပွဲကြီး ဆင်နွှဲနေကြသည်။ ကိုယ့်သားသမီးကို အားပေးနေကြသော မိဘတွေထဲတွင် လွန်ခဲ့သော နှစ် ၆၀ ကျော်က လွတ်လပ်ရေးအောင်ပွဲ၏ တကယ့်အနှစ်သာရ အမှန်ကို ပြန်ပြောင်းပြောပြသူ ဘယ်နှဦးများ ရှိလေမည်လဲ၊ ကိုမျိုးစိတ်ထဲ အတွေးစ ၀င်မိသည်။

လွတ်လပ်ရေးရခဲ့သည့် သမိုင်းဝင်နေ့ဖြစ်သော ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်မတိုင်ခင် နှစ်ပေါင်း ၁၀၀ ကတည်းက ကိုလိုနီနယ်ချဲ့ လက်အောက်မှ လွတ်မြောက်ရေး၊ ဖက်ဆစ် စနစ်ဆိုးအောက်မှ လွတ်မြောက်ရေးအတွက် ဘိုးဘေးဘီဘင်တို့ အသက်သွေးချွေး မြောက်မြားစွာ ရင်းနှီးပေးဆပ်ကာ တိုက်ပွဲဝင်ရယူခဲ့ရခြင်း ဖြစ်သည်။ မျိုးဆက် တဆက်ထဲမဟုတ်၊ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်း အမွေယူကာ တိုက်ယူရင်း တောင်းခဲ့ရသော လွတ်လပ်ရေးပါ။ 'ရော့' 'အင့်' နှင့် လွယ်လွယ်ရလာခဲ့သော လွတ်လပ်ရေးမဟုတ်ပေ။ ဤမျှ တန်ဖိုးကြီးမားလှသော အနှစ်သာရ ပြည့်ဝလှသည့် သမိုင်းမော်ကွန်းဝင် နေ့တနေ့သည် တဖြေးဖြေး တန်ဖိုးမဲ့လာသော အနေအထားအား ကိုမျိုးတယောက် အမှန်ပင် ၀မ်းနည်းနာကြည်း ဒေါသဖြစ်ရတော့သည်။


မင်းအောင်နိုင်

1 comment:

Myo Win Zaw said...

မှန်တယ်ဗျာ လွတ်လပ်ရေးဆိုတဲ့ သမိုင်းဝင်နေ့တောင် တန်ဖိုးမဲ့လုပ်ကြတယ်