Thursday, January 8, 2009

ဗိုလ်ချုပ်မှူးကြီးအသိုင်းအ၀န်း ရေနံမှော်လုပ်ငန်းထိ လက်တံဖြန့်

မင်းနိုင်သူ/ ၈ ဇန်န၀ါရီ ၂၀၀၉

ပြင်ပလောင်စာဆီဈေးနှုန်းများ ကျဆင်းလာသည့်အပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစုနှင့် နီးစပ်သည့် အသိုင်းအ၀န်းကပါ ပြည်တွင်းရေနံမှော်များတွင် ၀င်ရောက်ခေါင်းပုံဖြတ်လာခြင်းကြောင့် ပြည်တွင်း ရေနံတွင်းလုပ်ငန်းရှင်များအနေဖြင့် အကျပ်အတည်းတွေ့လာကြပြီး အချို့မှာ လုပ်ငန်းပြောင်းရွှေ့ လုပ်ကိုင်နေကြရကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တယောက်လို့လည်း ပြောကြတယ်။ ဘယ်ဟာအမှန်ဆိုတာ မသိနိုင်ပေမယ့် အဲဒီသူတို့နဲ့ပတ်သက်တဲ့ ကုမ္ပဏီမှော်ထဲဝင်လာပြီး တွင်းပိုင်တွေဆီက တပေပါ (၅) ထောင်နှုန်း ကောက်နေတယ်ဗျာ။ အရင်ကလည်း ကုမ္ပဏီတခုကို ပေးနေကြရသေးတာ။ အခုတော့ နှစ်ခုလုံးကို ပေးရသလား။ မပေးရသလားဆိုတာကိုတော့ ရေနံဈေးတွေပြုတ်ကျပြီးကတည်းက ကိုယ့်တွင်းကိုတောင် သွားမကြည့်ဖြစ်လို့ သေချာမသိရသေးပေမယ့် မြေပိုင်ရှင်ပေးရတဲ့အပြင် သန်းရွှေအုပ်စုကိုပါပေးနေရလို့ ပြန်လာတဲ့ လုပ်ငန်းရှင်တွေ မကျေမနပ်ဖြစ်နေကြတယ်” ဟု ပခုက္ကူမြို့ခံ ရေနံတွင်းပိုင်ရှင်တဦးက ပြောသည်။

ကမ္ဘာ့လောင်စာဆီဈေးနှုန်းများ ကျဆင်းလာမှုနှင့်အတူ ပြည်တွင်းရေနံစိမ်းဈေးလည်း ကျဆင်းလျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့် အမြတ်အစွန်းမမှန်းဆနိုင်ဘဲ လုပ်ငန်းမရပ်ဆိုင်းရရုံသာ လုပ်နေကြရစဉ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအုပ်စုဟု ဒေသခံလုပ်ငန်းရှင်များအကြား သတင်းထွက်နေသော ကုမ္ပဏီ ၀င်ရောက်လာပြန်သောကြောင့် လုပ်ငန်းရှင်အချို့သည် ရွှေတွင်းတူးလုပ်ငန်းသို့ ပြောင်းရွှေ့ လုပ်ကိုင်နေကြကြောင်း မကွေးတိုင်းအတွင်းရှိ ဆူးဝင်းရေနံမှော်မှ လုပ်ငန်းရှင်က ဆိုသည်။

“နဂိုက ဒီဇယ်ဈေးနဲ့ ရွှေဈေးဆိုတာ နှစ်ချိုးတချိုးဗျာ။ ရွှေမှော်ပိုင်ရှင်တယောက်ဟာ ရွှေတကျပ်သားရရင် ဒီဇယ်ဖိုးအဖြစ် (၅) မူးသားပေးရတယ်။ သူတို့ရွှေလုပ်ငန်းကလည်း ဒီဇယ်သုံးလုပ်ကြရတာကိုး။ အရင်က ဒီဇယ်ဈေးက အမြဲတမ်း ရွှေဈေးရဲ့ တ၀က်လိုဖြစ်နေတာပေါ့။ အဲ…အခုကျတော့ ရွှေတကျပ်သားကို ငါးသိန်းနှစ်သောင်းကျော်ရှိပေမယ့် ကျနော်တို့ ဒီဇယ်က တသိန်းတသောင်းပဲရှိတော့ လေးချိုးတချိုးလောက် ဖြစ်သွားတာပေါ့။ အဲလိုကွာခြားသွားတော့ ဘာပဲဖြစ်ဖြစ် ရေနံထက်စာရင် ရွှေကလုပ်ပျော်တယ်ဆိုပြီး တချို့လည်း ရွှေလုပ်ငန်းဘက် ပြောင်းကုန်ကြတယ်။ တချို့ကလည်း မြေစုပေးရ၊ သန်းရွှေအုပ်စုပေးရနဲ့ဆိုတော့ စိတ်ပျက်ပြီး လုပ်ငန်းရပ်ပစ်လိုက်ကြတယ်” ဟု ၎င်းက ထပ်မံရှင်းလင်းပြောဆိုသည်။

ရေနံတွင်းပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာမြေပိုင်ရှင် တောင်သူကို မြေစုအဖြစ် ၎င်းတို့ပိုင် လယ်ယာမြေတွင် ရေနံရှာဖွေခြင်းအတွက် ရေနံ (၇) ပေပါ ရရှိပါက တပေပါပေးဆောင်ကြရသည့်အပြင် အာဏာပိုင်များထံမှ လုပ်ကိုင်ခွင့်ရယူထားသော ကုမ္ပဏီသို့လည်း ငွေကြေးပေးဆောင်ကြရသည်။ အဆိုပါကုမ္ပဏီများအနေဖြင့် စမ်းသပ်တူးဖော်မှုပင်မပြုဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်များ တူးဖော်ရရှိထားသော ရေနံများကိုသာ ဈေးနှိမ်ဝယ်ယူမှု ပြုနေကြခြင်းဖြစ်သည်။

“မိုက်ကြေးခွဲတာပေါ့ဗျာ။ ကျနော်တို့ကတော့ မိုက်ကြေးခွဲခံနေရတယ်လို့ပဲ ပြောချင်တယ်။ သူတို့ဆီမှာရောင်းရင် တပေပါ သုံးသောင်းတဲ့ဗျာ။ ချက်ဖို ရှိတဲ့ ကျောက္ကာမှာက တပေပါ ရှစ်သောင်းလောက်ပေါက်တယ်။ သူတို့ဆီမရောင်းဘဲ ကျောက္ကာတက်ရောင်းတဲ့ တွင်းပိုင်တွေဆီက တပေပါ ငါးထောင် အလွတ်တောင်းတယ်” ဟု တွင်းပိုင်က ပြောဆိုသည်။

အာဏာပိုင်များထံနှင့် ပူးပေါင်းလုပ်ကိုင်နေသော ကုမ္ပဏီများသည် ငွေမပေးဘဲ ကျောက္ကာတက်ရောင်းသော တွင်းပိုင်များအား ဒေသခံအာဏာပိုင်များထံ တိုင်ကြားကာ ဖမ်းဆီမှုများပြုလုပ်လျက်ရှိပြီး ငွေပေးပြီး ထွက်ခွာသူများသည်လည်း မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှ အာဏာပိုင်များထံ တပေပါ ကျပ်နှစ်ထောင်နှုန်းပေးဆောင်နေကြရသည်သာဖြစ်ကြောင်း လုပ်ငန်းရှင်များက အခိုင်အမာဆိုသည်။

“ကျနော်တို့ တိုင်းနှစ်တိုင်းကို ပေးနေရတာဗျာ။ မကွေးကရေနံထွက်ပြီး စစ်ကိုင်းတိုင်းဘက်ကိုပို့ ရေနံချက်ရတာဆိုတော့ နှစ်ဘက်လုံးက အာဏာပိုင်တွေကို ပေးနေရတယ်။ ရွာကအထွက်မှာလည်း ရွာထွက်ကြေးဆိုပြီး ပေးကြရပြန်တယ်။ ဗဟင်းရွာအထွက်မှာလည်း ဂိတ်ကျရဲတွေကို တပေပါ ငါးရာပေးကြရတယ်။ ရေနံဈေးကောင်းနေတုန်းက မထောင်းသာပေမယ့် ရေနံဈေးကသာ ကျသွားတာ မောင်မင်းကြီးသားများ တောင်းတဲ့ နှုန်းကတော့ ကျမသွားဘူးဗျ” ဟု ဆူးဝင်းတွင်းပိုင်က ၄င်းတို့ ကြုံတွေ့နေရသော အခက်အခဲကို ပြောသည်။

နအဖစစ်အစိုးရသည် ၎င်းတို့ ကြွေးကြော်နေသော စီးပွားရေးဦးတည်ချက် (၄) ရပ်ဆိုသည့်အထဲတွင် နိုင်ငံတော်၏ စီးပွားရေးတရပ်လုံးကို ဖန်တီးနိုင်မှု စွမ်းအားသည် တိုင်းရင်းသားပြည်သူများလက်ဝယ်တွင်ရှိရေးဟု ထည့်သွင်းထားသော်လည်း လက်တွေ့တွင်မူ နအဖအစိုးရအဖွဲ့နှင့် ၎င်းတို့နှင့် ပတ်သက်သော လုပ်ငန်းရှင်အချို့ သည်သာ နိုင်ငံ၏ သယံဇာတပစ္စည်းများကို အလိုရှိသလို ရောင်းချခွင့်ရကြသည်။

No comments: