Thursday, January 1, 2009

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ၂၂၄ နှစ်မြောက် ရခိုင် အချုပ်အချာ အာဏာ ကျဆုံးသည့်နေ့ အခန်းအနား ကျင်းပပြုလုပ်

Narinjara News

သျှင်ထွီးခိုင်(နိရဉ္စရာ) ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ရောက်ရှိနေသည့် ရခိုင် အမျိုးသားများက ၂၂၄ နှစ်မြှောက် ရခိုင်နိုင်ငံတော် အချုပ်အချာ အာဏာ ကျဆုံးသည့်နေ့ကို ဒက္ကားမြို့တော်တွင် ယနေ့ ကျင်းပ ပြုလုပ်ခဲ့ကြသည်။

အခန်းအနားသို့ နိုင်ငံရေးပါတီအဖွဲ့အစည်းများမှ ခေါင်းဆောင်များ ကျောင်းသား လူငယ်များနှင့် အမျိုးသမီးအဖွဲ့များမှ စုစုပေါင်း အင်အား ၅၀ ခန့် တက်ရောက်ခဲ့သည်။

အခန်းအနားကို နေ့လည် ၁ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရှေ့ဦးစွာ နှစ်ပေါင်း ၂၂၄ နှစ် အတွင်း ရခိုင် အမျိုးသား လွှတ်မြှောက်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြသော ရခိုင်အာဇာနည်များအား တမိနစ်ခန့် ငြိမ်သက်စွာ အလေးပြုပြီး ဂါရ၀ ပြုခဲ့ကြသည်။

၎င်းနောက် တက်ရောက်လာသူများအထဲမှာ ကိုကျော်မြသာ၊ ကိုအနီမောင်နှင့် ကိုခိုင်မြတ်ကျော်တို့မှ သဘာပတိများ အဖြစ် နေရာယူကြသည်။

သဘာပတိများ နေရာယူ၍ အပြီးတွင် သဘာပတိအသီးသီးမှ အဖွင့်အမှာ စကားများ ပြောကြားကြပြီး တက်ရောက် လာသူများမှလည်း ၁၇၈၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရခိုင်အမျိုးသားတို့၏ အချုပ်အချာ အာဏာကျဆုံးခဲ့ရပုံများကို ဟောပြောကြသည်။

သဘာပတိအဖြစ်ဆောင်ရွက်သူ ဝါရင်နိုင်ငံရေး သမား တဦးဖြစ်သူ ဦးကျော်မြသာက အခန်းအနားတွင် ယခုကဲ့သို့ ပြောသည်။

“ရခိုင်လူမျိုးတို့၏ ထီးနန်း အချုပ်အချာအာဏာ ကျဆုံးရပုံကို လေ့လာကြည့်မယ် ဆိုရင် အလွန် ၀မ်းနည်းစရာ ကောင်းကြောင်း၊ ဗမာ ဘုရင်တပ်များ ရခိုင်ကို တောင်ကုတ်လမ်းမှ တဆင့် စတင် ၀င်ရောက်လာရာတွင် တပြည်စစ်ကို တဦးတည်း တိုက်၍ မနိုင်ကြောင်း၊ သို့အတွက် တောင်ကုတ်စား ကျားရီဝတ် ဗိုလ်ကျော်ထွီးမှ မြောက်ဦးနန်းကို စိုးစံသော မဟာသမတရာဇာအား စစ်ကူပို့ရန် တောင်းဆိုခဲ့ကြောင်း၊ သို့သော်လည်း ကျားရီဝတ် ဗိုလ်ကျော်ထွီးမှာ မြောက်ဦးထီနန်းကို ဆန့်ကျင်သူ ဖြစ်သည်ဟု ဆိုကာ မြောက်ဦးထီးနန်းမှ စစ်ကူ မပို့ခဲ့ကြောင်း၊ သို့တွင် တောင်ကုတ်စား ဗိုလ်ကျော်ထွီးမှာ ဗမာဘုရင် တပ်ကို စစ်မခံနိုင်၍ ဗမာဘုရင်တပ်များ ၀င်ရောက်လာပြီး နောက်ဆုံး မြောက်ဦးထီးနန်းကျခဲ့ရကြောင်း” စသဖြင့် ပြောကြားသည်။

၎င်းအပြင် အမျိုးသား သစ္စာဖေါက်ဆိုသည်မှာ မိမိ အမျိုးသားရေးကို မိမိအမျိုးသား အတွင်း မဖြေရှင်းဘဲ လူမျိုးခြားများကို ခေါ်၍ ဖြေရှင်းခြင်းသည် အမျိုးကို သစ္စာဖေါက်ဟု ခေါ်ခြင်း ဖြစ်ပြီး ငသံတွေနှင့် မောင်ထွန်းစံ၏ လုပ်ရပ်မှာ အမျိုးသား သစ္စာဖေါက် လုပ်ရပ် ဖြစ်ကြောင်း သူက ပြောကြားသည်။

ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးအနီမောင်ကလည်း “ရခိုင်တမျိုးသားလုံး သူ့ကျွန်ဘဝ ကျရောက်လာသည်မှာ နှစ်ပေါင်း ၂၀၀ ကျော်လာပြီးဖြစ်သော်လည်း ယခုတိုင် ရခိုင်အမျိုးသား များ စည်းလုံးမှုမရရှိနိုင်သေးကြောင်းနှင့် ယခုအချိန်တွင် ရခိုင်အမျိုးသား အဖွဲ့ အစည်းများ အားလုံး စည်းလုံးညီညွတ်သင့်ကြောင့်၊ ရခိုင်ပြည်အချုပ်အချာအာဏာ ပြန်လည်ရရှိရေးသည် ရခိုင်လူမျိုးတို့ အတွက် စည်းလုံးညီညွတ်ရေးသည် အဓိက ဖြစ်ကြောင်း” ပြောကြားသည်။

နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ်ဦးခိုင်မြတ်ကျော်မှလည်း “အတွင်းရန်သည် အပြင်ရန်ထက် ကြောက်စရာ ကောင်းကြောင်း၊ ရခိုင်အမျိုးသားအတွင်း ဖြစ်ပေါ်ခဲ့သော အတွင်းရန်ကြောင့် တိုင်းပြည် ပြိုကွဲပျက်စီးခဲ့ရခြင်း ဖြစ်သည်” ဟု ပြောကြားသည်။

ရခိုင့်နိုင်ငံတော် အချုပ်အချာ အာဏာကျဆုံးသည့် ၂၂၄ နှစ်ပြည့်နေ့အခမ်းအနားတွင် အဖွဲ့ အစည်း အသီးသီးမှ တက်ရောက်လာသော ကိုယ်စားလှယ်များကလည်း အသီးသီး အမှာစကားများ ပြောကြားခဲ့သည်။

အခန်းအနားတွင် အင်္ဂလိပ်၊ ရခိုင် နှစ်ဘာသာဖြင့် ရေးသား ရိုက်နှိပ်ထားသည့် “၂၂၄ နှစ်မြောက် ရခိုင်နိုင်ငံတော် အချုပ်အချာအာဏာ ကျဆုံးသည့်နေ့” ထုတ်ပြန်ကြေငြာချက် ကိုလည်း ဖြန့်ဝေခဲ့သည်။

အခမ်းအနားမှာ ညနေ ၅ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။


No comments: