Saturday, January 10, 2009

သန်းခေါင်ထက် ညဥ့်မနက်တော့တဲ့ ညငှက်ကလေးတွေ

အောင်သက်ဝိုင်း

ရန်ကုန်မြို့ ဗိုလ်ချူပ်အောင်ဆန်း လမ်းမနဲ့ ပန်းဆိုးတန်း ခုံးကျော် တံတား ဘေးမှာရှိတဲ့ ရွှေဂုန် ရုပ်ရှင်ရုံရှေ့မှာ ရုပ်ရှင် ကြည့်မယ့် သူတွေ၊ လမ်းသွား လမ်းလာတွေ၊ ဈေးသည်တွေနဲ့ ရှုပ်ယှက်ခတ် နေပါတယ်။

ဒီကနေ့ဟာ တနင်္ဂနွေနေ့ ဖြစ်တာကြောင့် ရွှေဂုန် ရုပ်ရှင်ရုံမှာ ပြသနေတဲ့ အိန္ဒိယ ဘောလိဝုဒ် ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖို့ လက်မှတ် ၀ယ်သူတွေ၊ ရုပ်ရှင်ရုံထဲဝင်ဖို့ စောင့်ဆိုင်းနေတဲ့ သူတွေ ခါတိုင်းထက် များပြားပြီး လူအုပ်ကြီးက ရာဂဏန်းကျော် အရေအတွက် ရှိပါတယ်။


လူအုပ်ကြီးထဲမှာ အဖြူရောင် တီရှပ်အကျီင်္၊ အပြာနုရောင် ဂျင်းစကပ်တိုကို ၀တ်ဆင်ထားပြီး ဆံပင်ဂုတ်ဝဲနဲ့ အသက်၂၀ ကျော်အရွယ် မိန်းကလေးငယ် တဦးလည်း ပါဝင်ပါတယ်။ မိတ်ကပ် ခပ်ပါးပါး လိမ်းခြယ်ထားတဲ့ သူမက အဖြူဘက်သန်း အသားအရေရှိပြီး သူမရဲ့ မျက်လုံးတွေက လူအုပ်ကြီးထဲ စိုက်ကြည့်ရင်း မရပ်မနား လှုပ်ရှားနေပါတယ်။ သူမပုံစံက ပျောက်ဆုံးသွားတဲ့ လူတဦးကို သည်းကြီးမည်းကြီး ရှာဖွေနေတဲ့ ပုံစံပါပဲ။ သူမရုပ်ရည် အလှကြီး မဟုတ်ပေမယ့် သာမန်ကြည့် ပျော်ရှုပျော် ရုပ်ဆင်း ရူပကာမျိုး သူမ ပိုင်ဆိုင်ထားတာပါ။

တကယ်တော့ သူမဟာ ရုပ်ရှင်ကြည့်မယ့် သူတယောက် မဟုတ်သလို၊ လူပျောက်လို့ ရှာနေတာလည်း မဟုတ်ပါဘူး။ အမှန်တကယ် သူမရှာနေတာကတော့ တခဏတာ အပျော်လိုချင်တဲ့ ဖောက်သည် အမျိုးသားတွေပါပဲ။

သူမနာမည်က ငယ်ထွေး (ခေါ်) ငယ်လေး ဖြစ်ပြီး ဗိုလ်ချူပ်အောင်ဆန်း လမ်းမတလျှောက်က ရုပ်ရှင်ရုံ အောက်တွေမှာ လှုပ်ရှားကျက်စား နေတဲ့ ပြည့်တန်ဆာ မလေးတဦးပါ။

"တလျှော့ ၃၀၀၀ ပါကိုကြီး။ တနာရီဆိုရင် ငယ်လေးကို ၅၀၀၀ ပဲပေးပါ"လို့ သူမက ကျနော့်ကို ခပ်ချွဲချွဲ အသံနဲ့ ပြောတယ်။ သူမရဲ့ အကြည့်တွေက ရင်ခုန်စရာ ကောင်းသလို သူမရဲ့ အသံကလည်း ယောက်ျားသား တဦးအတွက် လိင်စိတ် နိုးကြွစေမှာ အသေအချာပါပဲ။

သူမပြောတဲ့ ဈေးနှုန်းက အရင်တခါကျနော် ရောက်ခဲ့စဉ် တုန်းကထက် (ညမွှေးပန်း ဆောင်းပါး ရေးခဲ့စဉ်က တလျှော့ ၄၅၀၀ ကျပ်) အတော့်ကို သက်သာနေပါတယ်။ သူမနဲ့ ကျနော် ဈေးစကား သဘောတူညီပြီးခဲ့တဲ့ နောက်မှာတော့ ကျနော်တို့ နှစ်ဦး ရန်ကုန်မြို့ ဗိုလ်ဆွန်ပက် လမ်းထဲက အအေးခန်း တည်းခိုရိပ်သာ တခုဆီ ဦးတည်သွားကြပါတယ်။

အချိန်က နေ့လယ် ၁၂ နာရီ ၃၀ ကျော်။ အထပ်မြင့် တိုက်ကြီးတခုရဲ့ ပထမထပ်ကို တည်းခိုခန်း ဖွင့်ထားတဲ့ တိုက်ခန်းကို ကျနော်ရောက်တော့ တည်းခိုခန်း ၀န်ထမ်းတွေက သူမကို အားရ၀မ်းသာ ကြိုဆိုကြတယ်။

သူမ နောက်က လိုက်လာတဲ့ ကျနော့်ကိုလည်း မသိမသာ လှမ်းအကဲခတ်ကြတယ်။ သူမကတော့ အောင်နိုင်သူကြီး တယောက်လို ပြုံးပျော်လို့။

“ငယ်လေးကတော့ ဒီနေ့ ဈေးဦးပေါက်သွားပြီ” လို့ ရယ်ကျဲကျဲနဲ့ တည်းခိုခန်း ၀န်ထမ်း အမျိုးသားကြီး တဦးက လှမ်းအော်ပြောသံက ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာတယ်။ သူမက ဒီတည်းခိုခန်းက လွှတ်ထားတဲ့ ပြည့်တန်ဆာလား၊ ဒါမှမဟုတ် ဒီတည်းခိုခန်းမှာ သူမ ဖောက်သည်တွေနဲ့ အမြဲလာနေတာလား စတဲ့ မေးခွန်းပေါင်း မြောက်မြားစွာ ကျနော့် အတွေးထဲ မေးနေမိတယ်။ သေချာတာ တခုကတော့ သူမဟာ တည်းခိုခန်း ၀န်ထမ်းတွေနဲ့ ဆွေမျိုး သားချင်းပမာ အလွန် ရင်းနှီးလွန်း လှတယ် ဆိုတာပါပဲ။

တနာရီစာ တည်းခိုဖို့ အခန်းခ ၂၀၀၀ ရှင်းပေးပြီးချိန်မှာ တည်းခိုခန်း ၀န်ထမ်း အမျိုးသားက ကျနော့်လက်ထဲကို သေးငယ်တဲ့ အထုပ်လေး တထုပ် အတင်း ထိုးထည့်ပေးတယ်။ ရွှေဝါရောင်ရှိတဲ့ ဒီအထုပ်လေးကို သေချာကြည့်လိုက်တော့ အဖော် ကွန်ဒုံဖြစ်နေတာကို သိလိုက်ရတယ်။ အဲဒီနောက် တည်းခိုခန်း ၀န်ထမ်းအမျိုးသားက ကျနော့်ကို စပ်ဖြီးဖြီးမျက်နှာနဲ့ စကားတခွန်း လှမ်းပြောပါတယ်။

"လိုတာရှိရင် အခန်းထဲကနေ ဘဲလ်တီး ခေါ်လိုက်ပါ။ ဘီယာ၊ ဆေးလိပ်၊ ရေသန့်ဘူး၊ ကြိုက်တာ ၀ယ်ခိုင်းလို့ ရတယ်"လို့ ၀န်ထမ်းအမျိုးသားက ပြောတယ်။

ပျော်ပါးချင်တဲ့ အမျိုးသားတွေ အတွက် တည်းခိုခန်းရဲ့ ၀န်ဆောင်မှုတွေက ဟာကွက်မရှိ အလွန် စနစ်ကျလွန်းလှသလို တည်းခိုသူအပေါ် အစစအရာရာ ဂရုစိုက်မှု ကလည်း ချီးကျူးစရာ ကောင်းလှပါတယ်။

"ဘာကြောင့်မှန်း မသိဘူး။ ဖောက်သည် ရှာရတာ အတော် ခက်လာတယ်။ အရင်ဆို တနေ့ဖောက်သည် ၇ ဦး၊ ၈ ဦး အနည်းဆုံး ရပေမယ့် ခုနောက်ပိုင်းတော့ တနေ့ ဖောက်သည် ၁ ဦး၊ ၂ ဦး လောက်ပဲရတယ်"လို့ ငယ်လေးက ကျနော့်ကို ရှင်းပြတယ်။

သူမနဲ့အတူ အလုပ်လုပ်နေတဲ့ မိန်းကလေး အတော် များများလည်း ၂၀၀၈ ခုနှစ် နိုဝင်ဘာ လလယ်လောက်ကစလို့ ဖောက်သည် ရှားလာတဲ့အတွက် ဈေးမေးတဲ့ ဖောက်သည်တိုင်းကို အလွတ်မပေးဘဲ ညှိနှိုင်းဈေးနှုန်းနဲ့ အလုပ်ဖြစ်အောင် လုပ်ဆောင်ရတယ်လို့ သူမက ပြောတယ်။

"အရင်တုန်းက ပုံမှန်ဝင်ငွေချည်းပဲ တနေ့ နှစ်သောင်းနဲ့ သုံးသောင်းကြား ရတယ်။ ဒီနှစ် မုန်တိုင်းတိုက်ပြီး ကတည်းက ၀င်ငွေကျလာတာ၊ နိုဝင်ဘာ လလောက်ကစပြီး အလုပ် အတော်ပါးသွားတယ်။ အခုတော့ ဖောက်သည်ရတဲ့ ရက်လည်း ရှိတယ်။ မရတဲ့ ရက်လည်း ရှိတယ်။ တခါတလေ ထမင်းဖိုး ၂၀၀၀ လောက် ရလည်း မနည်းဘူးဆိုပြီး အလုပ် မဖြစ်ဖြစ်အောင် လုပ်ရတယ်"လို့ ငယ်လေးက ဆိုတယ်။

အခုလက်ရှိ အခြေအနေမှာ တနေ့ တသောင်းရဖို့ မနည်း ရုန်းကန်နေရတယ်လို့ ငယ်လေးက ဆက်ပြောပါတယ်။

"၀င်ငွေက ပုံမှန် မရှိတော့ဘူး။ ဒီနေ့ တသောင်း ကျော်လောက် ရပေမယ့် မနက်ဖြန် ရချင်မှရတာ။ ငွေမရဘဲ အိမ်ပြန် သွားရတဲ့ ရက်တွေက များတယ်"လို့ ငယ်လေးရဲ့ သူငယ်ချင်း သူဇာဆိုတဲ့ အသက်၂၅ နှစ်ကျော်ရှိ မိန်းကလေးကလည်း ဆိုပါတယ်။

သူဇာက ၀င်ငွေပုံမှန် မရှိတဲ့အတွက် စားဝတ်နေရေး ခက်ခဲလွန်းလို့ အဆမတန် အတိုးနှုန်းနဲ့ ငွေချေးငှားရတယ်လို့လည်း ပြောပါတယ်။

"ပန်းဆိုးတန်း ခုံးကျော် တံတားအောက်က ကွမ်းယာဆိုင်ဖွင့်တဲ့ အမျိုးသမီးကြီး တဦးဆီကနေ တသိန်းကို အတိုးနှုန်း သုံးသောင်းနှုန်း ချေးရတယ်။ ၁၅ ရက်အတွင်း တနေ့ နည်းနည်း အရစ်ကျ ပြန်ဆပ်ရတာ။ ငယ်လေးက တလ တခါ ပုံမှန် ပင်နယ်ဆလင် ထိုးတယ်၊ အကြောဆေး သွင်းတယ်။ ဒါပေမယ့် ခုနောက်ပိုင်း ဆေးဖိုးမရှိလို့ ဆေးခန်းတောင် မသွားဖြစ်တော့ဘူး"လို့ ငယ်လေးက ကျနော့်ကို သေသေချာချာ ရှင်းပြတယ်။

ဒီလို ဖောက်သည် ရှားပါးလာရတာဟာ လူတွေဆီမှာ ၀င်ငွေနည်းလာ တာကြောင့်လို့ ထင်တဲ့အကြောင်း၊ ဒါပေမယ့် ဘာကြောင့် ၀င်ငွေနည်းသွားရသလဲ ဆိုတာကိုတော့ သူမသိတဲ့ အကြောင်း သူဇာကလည်း ပြောပါတယ်။

ကမ္ဘာလုံး ဆိုင်ရာ ငွေကြေး ပြဿနာကြောင့် စီးပွားရေး ကြပ်တည်းပြီး လူတွေ ၀င်ငွေနည်းလာတယ် ဆိုတာကို သူမတို့ သိရှိနားလည်ခြင်း မရှိကြပါဘူး။ ကမ္ဘာ့စီးပွားရေး အကြပ်အတည်းကြောင့် ရန်ကုန်မြို့တော်က ပြည့်တန်ဆာတွေ ၀င်ငွေရလမ်း ခက်လာသလို လိင်ဖျော်ဖြေရေး လုပ်ငန်းတွေနဲ့ စီးပွားရှာနေတဲ့ ညကလပ်၊ တည်းခိုခန်း၊ ကာရာ အိုကေဆိုင်နဲ့ အနှိပ်ခန်းတွေလည်း စီးပွားရေး ကျဆင်းနေတယ်လို့ ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းက စုံစမ်းသိရှိရပါတယ်။

"တည်းခိုခန်းတွေ တော်တော်များများ သိပ်အလုပ် မဖြစ်ကြဘူး။ ညစဉ် အခန်းပြည့် ဧည့်သည်ရှိတဲ့ တည်းခိုခန်းတွေလည်း ခု ခြောက်တီး ခြောက်ကပ်ပဲ။ စနေ၊ တနင်္ဂနွေလို ရက်မျိုး ဆိုတာ ရှိသမျှ အခန်းတွေ ပြည့်ပြီး တည်းခိုမယ့် ဧည့်သည်တွေ တန်းစီနေရမှာ။ ခုတော့ လုံးလုံးကို လူမရှိဘူး"လို့ မရမ်းကုန်းမြို့နယ် ရှစ်မိုင် လမ်းဆုံအနီးမှာ တည်းခိုခန်း ဖွင့်လှစ်ထားတဲ့ အသက် ၄၀ ကျော်အရွယ် စီးပွားရေး သမားတဦးက ပြောတယ်။

အခန်းပေါင်း၂၀ ကျော်ရှိတဲ့ သူ့ရဲ့ တည်းခိုခန်းက စီးပွားရေး ကောင်းစဉ်ကာလက နေ့စဉ် ကျပ်၂ သိန်းနဲ့ ၅ သိန်း အကြား ၀င်ငွေရှိခဲ့ပေမယ့် အခုအခါမှာတော့ ရှစ်သောင်းနဲ့ တသိန်း အကြားသာ ၀င်ငွေရှိတော့တယ်လို့ သူက ဆိုတယ်။

"အခန်းခက ရိုးရိုးခန်းကို ၅၀၀၀၊ အဲယားကွန်း ဆိုရင် ၇၀၀၀၊ နာရီနဲ့ တည်းမယ်ဆိုရင် တနာရီ ၃၀၀၀၊ လူက ပါးတော့ ဈေးလျှော့ဖို့ စဉ်းစားနေတယ်"လို့ အဲဒီ စီးပွားရေး လုပ်ငန်းရှင်က ပြောပြတယ်။

တည်းခိုခန်းတွေ အပြင် ကာရာအိုကေ ဆိုင်တွေမှာလည်း စီးပွားရေး အလွန်အမင်း ကျဆင်းနေတဲ့ အတွက် ကာရာအိုကေ ဆိုင်တွေမှာ အလုပ်လုပ်တဲ့ မိန်းကလေး အရေအတွက်တွေ လျှော့ချနေတယ်လို့ သိရပါတယ်။

"၀င်ငွေ နည်းသွားတယ်။ နာဂစ် မတိုင်မီက ဆိုင်မှာ တနေ့ကို ၈ သိန်းဖိုးလောက် ၀င်ငွေရှိတယ်။ လက်ရှိမှာတော့ တနေ့ တသိန်း လောက်ပဲ အလုပ်ဖြစ်တယ်။ ဒါတောင် ပုံမှန်မရဘူး"လို့ လှိုင်မြို့နယ် သမိုင်းလမ်းဆုံ အနီးမှာ ဖွင့်လှစ်ထားတဲ့ 258 ကာရာအိုကေ ဆိုင်ဝန်ထမ်းတဦးက ပြောတယ်။

258 ကာရာအိုကေဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက်၂၃ နှစ်အရွယ် အမျိုးသမီးကလည်း ဆိုင်ဝင်ငွေ မကောင်းတဲ့ အတွက် ဆိုင်မှာ အလုပ်လုပ်နေတဲ့ မိန်းကလေးတွေလည်း အဆင်မပြေ ဖြစ်နေတယ်လို့ ပြောတယ်။

"ဆိုင်က လခ တလ ၂ သောင်းပဲပေးတာ။ ဧည့်သည် ဆီကရတဲ့ မုန့်ဖိုးနဲ့ ရပ်တည် နေရတာဆိုတော့ ရေရှည်ဆိုရင် ဘယ်လိုမှ ဆက်မလုပ်နိုင်ဘူး။ ပိုင်ရှင်ကလည်း အလုပ်ပါးလို့ လူလျှော့မယ်လို့ ကြားတယ်"လို့ 258 ဆိုင်က အမျိုးသမီးက ရှင်းပြတယ်။

ကာရာအိုကေ သီချင်းဆိုနိုင်တဲ့ အခန်းကျယ် ၉ ခန်းရှိပြီး အလုပ်လုပ်တဲ့ မိန်းကလေး ၂၀ ကျော် အပါအ၀င် ၀န်ထမ်း ပေါင်း ၃၀ ကျော်ရှိတဲ့ အတွက် လစဉ် ၀န်ထမ်းလစာ အသုံးစရိတ် ကြီးနေတဲ့အတွက် လုပ်ငန်းကို လျှော့ချသွားဖို့ ရှိတယ်လို့ 258 ကာရာအိုကေ ဆိုင်ပိုင်ရှင်နဲ့ နီးစပ်သူတဦးက ပြောတယ်။

ရန်ကုန် ၀န်းကျင်မှာ ရှိတဲ့ ကာရာအိုကေဆိုင် အတော်များများကလည်း 258 ကာရာအိုကေ ဆိုင်လို အခြေအနေမျိုး ကြုံတွေ့နေရတယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် အနှိပ်ခန်းတွေလည်း ကာရာအိုကေဆိုင်တွေလို အခြေအနေမျိုး ကြုံတွေ့နေရတယ်လို့ ရန်ကုန် လမ်းမတော်မြို့နယ် ၀ါးတန်းလမ်းမှာရှိတဲ့ အနှိပ်ခန်းတွေမှာ အလုပ်လုပ်တဲ့ အမျိုးသမီးတွေက ပြောပြပါတယ်။

"အနှိပ်ခန်းကို သွားကြတာက ကားပွဲစားတွေ အများစုလေ။ အခု ကားအရောင်းအ၀ယ် ကလည်း လုံးဝလုံးဝ မဖြစ်တော့ ကားပွဲစားတွေလည်း အနှိပ်ခန်း မပြောနဲ့ ထမင်းဖိုးနဲ့ လက်ဖက်ရည်ဖိုးတောင် အနိုင်နိုင်ပဲ"လို့ ဟံသာဝတီ ကားပွဲစားတန်းက အသက် ၄၃ နှစ်အရွယ် ကားပွဲစားတဦးက ဆိုပါတယ်။

အနှိပ်ခန်းမှာ အလုပ်လုပ်တဲ့ အမျိုးသမီး တဦးအနေနဲ့ အလုပ်ကောင်းစဉ်ကာလက တလ၀င်ငွေ ၂ သိန်း နီးပါး ရှိပေမယ့် အခုတော့ ရှစ်သောင်းလောက်ပဲ ရကြတော့တယ်လို့ အနှိပ်ခန်း အလုပ်သမတွေက ပြောတယ်။

ရန်ကုန်မြို့ရဲ့ နာမည်ကျော် ညကလပ်တွေဖြစ်တဲ့ ဒဂုံမြို့နယ် အတွင်းက ပိုင်အိုးနီးယားနဲ့ သိမ်ကြီးဈေးအနီးက ညကလပ်တွေမှာလည်း လူနည်းပါးနေတယ်လို့ အဲဒီမှာ အလုပ်လုပ်တဲ့ လူငယ် အမျိုးသား ၀န်ထမ်းတွေက ဆိုကြပါတယ်။

"အရင်တုန်းကဆို ကလပ်က ဆင်းလာတဲ့ ကောင်မလေးတွေက TAXI ဌားစီးတယ်။TAXI ခအပြင် မုန့်ဖိုးဆိုပြီး ပေးလေ့ရှိတယ်။ ခုတော့ ကားဌားမယ့် လူလည်းမရှိ။ ဌားပြန်တော့လည်း ဈေးဆစ်နေတာနဲ့ အလုပ်မဖြစ်တော့ဘူး။ လုံးဝ အဆင်မပြေဘူး"ဟု ပိုင်အိုးနီးယား ကလပ်ရှေ့မှာ ညပိုင်း TAXI ဂိတ်ထိုးတဲ့ ဒရိုင်ဘာတဦးက ပြောတယ်။

ရန်ကုန်မြို့က တည်းခိုခန်းတွေ၊ ကာရာအိုကေ ဆိုင်တွေ၊ အနှိပ်ခန်းတွေ အများစုကတော့ ဈေးနှုန်းလျှော့ချပြီး ဖောက်သည် များလာအောင် လုပ်ခြင်းအားဖြင့် စီးပွားပျက်ကပ်ကို ကျော်လွှားကြမယ်လို့ ဆိုကြပါတယ်။

ရန်ကုန်မြို့လယ် ရုပ်ရှင်ရုံတွေမှာ သွားလာ ကျက်စားနေတဲ့ ငယ်လေးကတော့ သူမအနေနဲ့ ဖောက်သည် ရှာရတာ ခက်ခဲပေမယ့် ရတဲ့ဖောက်သည်တိုင်းကို စိတ်တိုင်းကျ ၀န်ဆောင်မှုပေးခြင်းအားဖြင့် နောက်တကြိမ် သူမဆီ ပြန်လာချင်အောင် ဆွဲဆောင်တဲ့ နည်းလမ်းကို အသုံးပြုမယ်လို့ ပြောပါတယ်။

"ကိုယ်နဲ့ တခါတွေ့ပြီးတဲ့ သူတိုင်း နောက်တကြိမ် ကိုယ့်ဆီပြန်မလာဘဲ မနေနိုင်အောင် ၀န်ဆောင်မှုပေးမယ်ဆိုရင် ဖောက်သည် မရှားနိုင်တော့ဘူး"လို့ ငယ်ထွေးက သူမရဲ့ အစီအစဉ်ကို ပြောပြသွားတယ်။ ။


No comments: