Sunday, March 29, 2009

နအဖ စစ်အစိုးရ လက်အောက် ရခိုင်ပြည်နယ်တွင် “ဖါလမ်း” များ အထူးတိုးပွားလာ

Narinjara News

နအဖ စစ်အစိုးရ လက်အောက်တွင် ရခိုင်ပြည်နယ် အ၀န်းတွင် “ဖါလမ်း”များ အထူး တိုးပွားလာ သည်ဟု ခရီးသည် တဦးက ပြောသည်။

သူက “ဖါလမ်းဆိုလို့ တမျိုးတော့ မတွေးပါနဲ့။ လမ်းတွေကို အသစ်ပြန် မလုပ်ဘဲ ဖါပြီး အသုံးပြုနေ တဲ့အတွက် “ဖါလမ်း” လို့ လူတွေက ခေါ်တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ လမ်းဟူသမျှ လမ်းခင်းကျောက် တွေနဲ့ ရောမွေထားတဲ့ ကတ္တရာစေး တွေကို ဖါပြီး အသုံးပြုတဲ့ လမ်းတွေသာ များပါတယ်။ အသစ် လုပ်တာ တလမ်းမှ မရှိဘူး။ ဒါကြောင်း ရခိုင်ပြည်နယ်မှာ ဖါလမ်းတွေ တိုးပွားလာတယ်လို့ ပြောရတာ ပါ” ဟု ပြောသည်။

၁၆ မိုင်သာ အကွာအဝေးရှိသော ရခိုင်ပြည်နယ်တွင် အဓိက အချက်အချာကျသော ဘူးသီးတောင်-မောင်တောကားလမ်းမှာ မိုးတွင်းက ရေတိုက်စားမူကြောင့် အကြီးအကျယ် ပျက်စီးခဲ့သော်လည်း ပြန်လည် ကတ္တရာခင်းခြင်း မပြုလုပ်ဘဲ ကွက်ကြား ကွက်ကြား ဖါထေးပြီး အသုံးပြုနေသဖြင့် လူအများက ဘူးသီးတောင် မောင်တောလမ်းကို “ဖါလမ်း” ဟု ခေါ်ဆိုနေကြသည်။

အလားတူ စစ်တွေမြို့တွင် လမ်းများ ပျက်စီးနေသော်လည်း မြို့နယ် စည်ပင်သာယာမှ လမ်းများကို အသစ် ကတ္တရာများ ခင်းခြင်း မရှိဘဲ ပေါက်သွာသော လမ်းများကို ကတ္တရာဖြင့် ဖါပြီး အသုံးပြုနေသဖြင့် စစ်တွေမှ လမ်းများမှာလည်း “ဖါလမ်း”များ ဖြစ်နေကြသည်ဟု သိရသည်။

အဆိုပါ ခရီးသည်က “ဘူးသီးတောင်-မောင်တောကားလမ်းက လမ်းဟောင်းဆိုတော့ လမ်းပေါက်တာကို ဖါထေး အသုံး ပြုနေသေး ဆိုတော့ တော်ပါသေးတယ်။ စစ်တွေ-ရန်ကုန် ကားလမ်းက ဖါထေးဖို့ထား ဘာမှ မပြင်ဘဲ ပစ်ထားတဲ့ အတွက် ကိုယ်ဝန်ဆောင် မိခင် တွေ ဘတ်စ်ကားနဲ့ မသွား မလာနိုင်တဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။” ဟု ပြောဆိုသွားခဲ့သည်။

No comments: