Friday, July 31, 2009

ဒေါ်စုအမှု စိတ်ဝင်စားသူများ အင်းစိန်ထောင်အနီးစုရုံးခဲ့ကြ

NEJ / ၃၁ ဇူလိုင် ၂၀၀၉

ယနေ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည်ဆိုသည့်အတွက် ထောင်ဂဏန်းနီးပါး ပြည်သူ လူထု တို့သည် အင်းစိန်မြို့နယ်အတွင်း အင်းစိန်ထောင်ပတ်ဝန်းကျင်တွင် ဖြန့်ကြက်လာရောက်ကြကြောင်း ရန်ကုန်မြို့ခံ တဦးက ပြောသည်။


ပြည်သူများနှင့်အတူ သံဃာများလည်း ပါဝင်ကြကြောင်း အင်းစိန်ပန်းခြံအနီး နေသူတဦးက ပြောသည်။

“ဘုန်းကြီးတွေ ကျနော်တို့ဆိုင်မှာ လာထိုင်နေကြတယ်။ သူတို့မှာ ဖုန်းလည်း ပါတယ်။ ဘုန်းကြီးတွေက သူများတွေဆိုင်မှာလည်း ရှိတယ်ခင်ဗျ။ ကြည့်ရတာ အုပ်စုခွဲထားတာနဲ့တူတယ်” ဟု အင်းစိန်ပန်းခြံအနီး လက်ဖက်ရည်ဆိုင်ရှင်က ပြောသည်။

ရန်ကုန်မြို့အနှံ့နှင့် လှည်းတန်းမီးပွိုင့်တို့တွင် ယနေ့ လုံခြုံရေး တင်းကျပ်လျက်ရှိပြီး အင်းစိန်ပန်းခြံထောင့်တွင် ၀တ်စုံ အပြည့်ရဲများပါဝင်သည့် ရဲကား (၆) စီးက အသင့်နေရာယူထားသည်။

“ကျနော်တို့က တာဝန်ကျတဲ့သူတွေပါ။ အမိန့်တော့ပေးထားပါတယ်။ ဆန္ဒလာပြတဲ့ သူတွေ၊ စာရွက်ဝေတဲ့ သူတွေ၊ အဲဒါမျိုးတွေ ကို တွေ့တာနဲ့  မစစ်ဆေးဘဲ ဖမ်းဆီးရမှာပါ” ဟု အင်းစိန် ပန်းခြံထောင့်ရှိ တာဝန်ကျ ရဲတဦးက ခေတ်ပြိုင်သို့ ပြောသည်။

အင်းစိန်ခုံးကျော်တံတားသို့ မည်သူတဦးတယောက်မျှ မသွားရဟု အမိန့်ထုတ်ထားကာ ယနေ့တွင် အဆိုပါခုံးတံတား၌ ရဲများနေရာချထားရာ ယနေ့တွင် အမျိုးသမီးရဲအရာရှိများပါ နေရာယူ စစ်ဆေးခဲ့ကြသည်။

“စွမ်းအားရှင်တွေရဲ့ မိသားစုတွေကိုပါ ပြည်သူတွေကြားထဲမှာ နေရာချထားတယ်။ အဲဒီထဲမှာ အသက် (၅၀) ကျော်အရွယ် အမျိုးသမီးတွေ ပါတယ်” ဟု မျက်မြင်တွေ့ကြုံခဲ့သူများက ပြောသည်။

အင်းစိန်ပေါက်တောဝ မီးပွိုင့်အနီးတွင်လည်း စွမ်းအားရှင်နှင့် ကြံ့ဖွံ့များစွာရှိနေပြီး အမိန့်ချသည့် အစီအစဉ် ပြီးဆုံးသည်ကို စောင့်ဆိုင်းနေကြသော ပြည်သူကြားသို့ လာရောက်လှည့်ပတ်ကြည့်ရှုနေကြောင်း ကိုယ်တွေ့ကြုံခဲ့သူတဦးက ပြောသည်။

သံရုံးကားများ အစီအရီ ပြန်ထွက်လာသည့်အခါ စောင့်ဆိုင်းနေကြသော ပြည်သူတို့က ပေါက်တောဝမီးပွိုင့်တွင် စုရုံးသွားကြကာ မည်သို့အမိန့်ချမှတ်လိုက်သည်ကို သိချင်ဇောဖြင့် နားစွင့်နေခဲ့ကြပြီး အမှုကို သြဂုတ်လ (၁၁) ရက်နေ့ နံနက် (၁၀) နာရီသို့ ပြောင်းရွှေ့လိုက်သည်ဟု သိရသည့်အတွက် ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

No comments: