Tuesday, July 28, 2009

ကြံ့ဖွံ့ ဦးဌေးဦး ဂျပန်သွားဖွယ်ရှိ

နန်းဒေဝီ အင်္ဂါနေ့၊ ဂျူလိုင်လ 28 ရက် 2009 ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ စစ် အစိုးရ ၏ ကြားခံ အဖွဲ့ တခုဖြစ် သော ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုး ရေး အသင်း ၏ အထွေ ထွေ အတွင်း ရေးမှုးဖြစ်သူ ဦးဌေးဦး သည် ဂျပန် နိုင်ငံသို့ အလည်အပတ် သွားရောက်ရန် စီစဉ် နေကြောင်း သတင်း ရပ်ကွက်များ အဆို အရ သိရသည်။

သြဂုတ်လ ဒုတိယပတ်အတွင်း သွားရောက်မည့် ၅ ရက်ကြာ ခရီးစဉ်မှာ အိမ်ရှင်နိုင်ငံဘက်မှ အတည်ပြုချက် စောင့်ဆိုင်းနေသေးကြောင်း သိရသည်။

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးလည်းဖြစ်သူ ဗိုလ်ချုပ်ဌေးဦးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာယကအဖြစ် ဆောင်ရွက်သော ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့တွင် ဦးဌေးဦး အဖြစ် ခံယူထားသည်။

“မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံကို မေးကြည့်တော့ အဲဒီခရီးစဉ်ကိစ္စ မဆုံးဖြတ်ရသေးပါဘူးလို့ ပြောပါတယ်” ဟု ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက အရာထမ်းတဦးက မဇ္ဈိမကို ဖြေကြားသည်။

အလည်အပတ်ခရီးစဉ်သည် လာမည့်သြဂုတ်လအတွင်း ဂျပန်နိုင်ငံတွင် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲအချိန်နှင့် တိုက်ဆိုင်နေသည်။

ထိုရွေးကောက်ပွဲတွင် လက်ရှိအာဏာရ ညွန့်ပေါင်းပါတီဖြစ်သည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ - Liberal Democratic Party (LDP) ကို အတိုက်အခံပါတီ ဂျပန်ဒီမိုကရက်တစ်ပါတီ (DPJ) က အနိုင်ရရှိလိမ့်မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန်လည်းဖြစ်သည်။

No comments: