Tuesday, August 25, 2009

ဝန်ထမ်းများ နိုင်ငံရေးပါတီ ကင်းရှင်းရမည်၊ ကြံ့ဖွံ့ မပါ

ဟိန်းဇော် Tuesday, 25 August 2009

လာမည့် ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အစိုးဝန်ထမ်းများကို နိုင်ငံရေးပါတီနှင့် ကင်းရှင်းရန် နေပြည် တော် နှင့် ရန်ကုန်မြို့ရှိ ဌာနဆိုင်ရာများတွင် တရားဝင် စာ ထုတ်ပြန်ထားကြောင်း သိရသည်။

နေပြည်တော်ရှိအစိုးရရုံးများတွင်“ဝန်ထမ်းဟူသမျှ နိုင်ငံရေးပါတီကင်းရှင်းရမည်”ဆိုသောဆောင်ပုဒ်ကို ရုံးအဝင် အဝများတွင် ချိတ်ဆွဲထားပြီး ဆန့်ကျင်ဘက် မီဒီယာများကို နားမယောင်ကြရန် ညွှန်ကြားမှုများ ရှိကြောင်း နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးကပြောသည်။ ပြီးခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲ ကျင်းပစဉ်ကလည်း အစိုးရဝန်ထမ်းများ နိုင်ငံရေးပါတီများသို့ မဝင်ရောက်ရန်တားမြစ်ခဲ့သည်။

“ကျမတို့ ဌာနလူကြီးက သူ့လက်အောက်က ဝန်ထမ်းတွေ နိုင်ငံရေးပါတီတွေထဲ မဝင်ပါဘူးဆိုတာ အာမခံပြီး လက်မှတ်ထိုးထားရတယ်”ဟု အမှတ်(၁)စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်း တဦးကဆိုသည်။

သို့သော် ဝန်ထမ်းများပါဝင်ပြီး စစ်အစိုးရ၏ ကျောထောက်နောက်ခံဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ ဖြိုးရေးအသင်း(ကြံ့ဖွံ့)အနေဖြင့် ၂၀၁၀ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းလဲ မည် ဟု အတည် မပြုနိုင်သေးသော သတင်းများ ထွက်ပေါ်နေသည်။

ထိုကဲ့သို့နိုင်ငံရေးပါတီအဖြစ်အသွင်ပြောင်းလဲပါက ကြံ့ဖွံ့အသင်းသို့ ဝင်ရောက်ထားသော အစိုးရဝန်ထမ်းများကို နုတ်ထွက်ခွင့်ပြုပေးမည်ဖြစ်ကြောင်းလည်း စွမ်းအင်ဝန်ကြီး ဌာနမှ ဝန်ထမ်း တဦးက ဆိုသည်။

“ကျနော်တို့ဝန်ထမ်းတွေကို ကြံ့ခိုင်ရေးကနေထွက်ခိုင်းမယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ မိသားစုတွေကတော့ ကြံ့ခိုင် ရေးထဲ မဖြစ်မနေဝင်ရမယ်။ မကြာခင် စာထုတ်မယ်ကြားတယ်”ဟု ၎င်းက ပြောသည်။

ဝန်ထမ်းများကိုကြံ့ဖွံ့အသင်းမှနုတ်ထွက်ခွင့်ပြုသော်လည်း အသင်းဝင်စာရင်းများကို ဖျောက်ဖျက်မည်မဟုတ်ဘဲ ယခုရှိနေသောအသင်းဝင်အင်အားအတိုင်းသာ ရှိနေမည်ဖြစ်သည်ဟုလည်း ဆိုသည်။

၎င်းကြံ့ဖွံ့အသင်းမှကြီးမှူး၍ လာမည့်အောက်တိုဘာလတွင်၂၀၁၀ရွေးကောက်ပွဲကို ထောက်ခံသည့်အနေဖြင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန်စီစဉ်နေကြောင်းလည်း စစ်အစိုးရနှင့်နီးစပ်သော အသိုင်းအဝိုင်းမှသိရသည်။

ကြံ့ဖွံ့အသင်းသည် လူမှုရေး အသင်း ဖြစ်သည်ဟု ကြေညာထားသည်။ သို့သော်လည်း ၂၀၀၃ ခုနှစ်က စစ်ကိုင်း တိုင်း ဒီပဲယင်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း တိုက်ခိုက်ခံရမှု၊ ၂၀၀၇ ခုနှစ် ရဟန်းသံဃာများ ဦးဆောင်သည့် ဆန္ဒပြပွဲကို ဖြိုခွင်းမှု တို့တွင် ပါဝင်ပတ်သက်ခဲ့မှုများကြောင့် နာမည်ပျက်ရှိထားသည်။

စစ်အစိုးရက ကြံ့ဖွံ့အသင်းကို ၁၉၉၃ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။ စစ်အစိုးရ ခေါင်းဆောင်များ အားလုံးမှာ ကြံ့ဖွံ့အသင်း၏ နာယက အဖွဲ့ဝင်များ၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြသည်။ တရားဝင် ထုတ်ပြန် ချက်များအရ အသင်းဝင် ၂၄ သန်းရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် မတ်လ က ပြုလုပ်သည့် တပ်မတော်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ် ပြီးစီးသည့်အခါ အရပ်သား အစိုးရထံ အာဏာ အပ်နှင်းမည်ဟု ပြောကြားထားသည်။

No comments: