မင်းဆက်ခိုင်(နိရဉ္စရာ) ရွှေဝါရောင်တော်လှန်ရေး ၂ နှစ် ပြည့်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဆန္ဒပြပွဲတခုကို ရဟန်းတော်များက ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဒက္ကားမြို့တွင် ယနေ့ပြုလုပ်ခဲ့ကြသည်။အဆိုပါ ဆန္ဒပြပွဲ အခမ်းအနားကို သာသနာ့ဥသျှောင် အပြည်ပြည် ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်(ဘင်္ဂလားဒေ့ခ်ျ ဌာနခွဲ) မှ ဦးဆောင်ပြီး ဒက္ကားမြို့ရှိ တရားရုံးချုပ်ရုံး(Dhaka Press Club) ရှေ့တွင် နံနက် ၁၀နာရီမှ ၁၂ နာရီ အထိ ၂ နာရီ ကြာ တောင်းဆို ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြပွဲတွင် ဦးဆောင် ပါဝင်သူ တဦးဖြစ်သူ သာသနာ့ ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် (ဘင်္ဂလာဒေ့ခ်ျ ဌာန ခွဲ)မှ စည်းရုံး ရေးမှူး အရှင်ဦးခေမိန္ဒက ဆန္ဒပြ တောင်းဆို ရခြင်းနှင့် ပတ်သက်ပြီး ယခုကဲ့သို့ မိန့်ကြားသည်။
“ဦးဇင်းတို့ဒီနေ့ ရွှေဝါရောင် တော်လှန်ရေး ၂နှစ်မြောက် နှစ်ပတ်လည် နေ့မှာ ၂၀၀၇ စက်တင်ဘာ လတွင်းက ရွှေဝါရောင် တော်လှန် ရေး မှာ သွေးမြေ ကျခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေကို အောက်မေ့ သတိရတဲ့ အနေနဲ့ပြုလုပ်သလို တခြား တဘက်မှာ လည်း ရွှေဝါရောင် တော်လှန်ရေးမှာ ဦးဆောင် ပါဝင်ခဲ့ သူတွေ ဖြစ်တဲ့ အရှင်ဦးဂမ္ဘီရ၊ အရှင်ဦးဣသရိယနဲ့ ရွှေဝါရောင် တော်လှန်ရေး အတွင်း ဖမ်းဆီးခံခဲ့ရတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ နောက်ပြီးတော့ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေး အကျဉ်း သား တွေ အားလုံး အမြန်ဆုံး လွှတ်ပေးဖို့ အတွက် တောင်းဆို ဆန္ဒပြရခြင်းဖြစ်ပါတယ်။”
ဆန္ဒပြပွဲအခမ်းအနားတွင် သံဃာတော်များအပါအဝင် ရခိုင် အတိုက်ခံ အင်အားစုများ စုစုပေါင်း ၄၀ခန့် ပါဝင်ခဲ့ပြီး ဒေသခံ သတင်းထောက် အများအပြားလည်း လာရောက် သတင်းယူခဲ့ကြသည်။အရှင်ဦးခေမိန္ဒမှ“ ဦးဇင်းတို့အနေနဲ့ နအဖစစ်အုပ်စုကို လုံးဝ လက်မခံဘူး။ အရပ်သားအစိုးရတင်မြောက်ဖို့ အတွက်လည်း ဦးဇင်းတို့ တောင်းဆိုပါတယ်။ နောက်ပြီးတော့ လာမယ့်၂၀၁၀ ရွှေးကောက်ပွဲကိုလည်း လုံးဝလက်မခံသလို အလိုလည်းမရှိပါဘူး။” ဟု ဆက်လက်မိန့်ကြားသည်။
သာသနာ့ဥသျှောင် အပြည်ပြည်ဆိုရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် (ဘင်္ဂလားဒေ့ခ်ျဌာနခွဲ) မှ ၂၆/၉/၂၀၀၈ ရက်နေ့ နေ့စွဲဖြင့် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်ချက်နှစ်စောင်ကိုလည်း ဆန္ဒပြပွဲတွင် ပါဝင်သူများ၊ သတင်းထောက်များနှင့် ဒေသခံပြည်သူ များအကြားတွင် ဖြန့်ဝေခဲ့ကြသည်။
No comments:
Post a Comment