ကိုမင်းနိုင် (ပြည်တွင်းမှ အန်အယ်လ်ဒီကို ထောက်ခံအားပေးသူတဦး)
အန်တီစု ဒီစာကို ကျနော် ကြေကြေကွဲကွဲနဲ့ ရေးရတယ်ဆိုတာ ၀န်ခံပါရစေ။
အန်တီစုဟာ စစ်အာဏာရှင်တွေကို နှစ် (၂၀) လုံးလုံး မကြောက်မရွံ့ အန်တုခဲ့တဲ့ အာဇာနည် အမျိုးသမီးတယောက်ပါ။ ဗိုလ်ချုပ်သွေး၊ ဗိုလ်ချုပ်သတ္တိတွေ ကိန်းဝပ်ခဲ့သူမို့ မြန်မာတမျိုးသားလုံးက အန်တီစုကို ချစ်ခဲ့ကြတယ်၊ ယုံကြည်ခဲ့ကြတယ်၊ လေးစားခဲ့ကြတယ်၊ အန်တီစုဘေးမှာ ၀န်းရံခဲ့ကြပါတယ်။ ဒီမိုကရေစီရဲ့ မီးရှုးတန်ဆောင်အဖြစ် အန်တီစုကို မျှော်ခဲ့ကြပါတယ်။
အန်တီစုနဲ့ လက်တွဲပြီး ကျနော်တို့တတွေ မတရားတဲ့ အမိန့်အာဏာမှန်သမျှကို ဖီဆန်ခဲ့ကြတယ်။ အကြောင်းအမျိုးမျိုးပြပြီး အန်တီစုကို စစ်အာဏာရှင်တွေက ဖမ်းဆီးချုပ်နှောင်ခဲ့သလို ကျနော်တို့ အတိုက်အခံဘ၀တွေဟာ ညက်ညက်ကြေခဲ့ရပါတယ်။
တချို့ထောင်ထဲမှာသေပြီး တချို့လည်း မိသားစု ဘ၀တွေပျက်ခဲ့ရပါတယ်။ စစ်အာဏာရှင်တွေဟာ ဒီပဲယင်းမှာ အန်တီစုကို အသေသတ်ခဲ့ကြတယ်။ ကံကောင်းထောက်မစွာနဲ့ အသက်ဘေးမှ လွတ်မြောက်ခဲ့ရတယ်။ မြန်မာပြည်သူတွေအတွက်တော့ အဆိုးထဲက အကောင်းလို့ ပြောရမှာပေါ့။
မြန်မာ့သမိုင်းကို ပြန်စောင်းငဲ့ကြည့်ရင်လည်း ဒီလိုနဲ့ ကနောင်မင်းသားကြီး အသက်ဆုံးရှုံးခဲ့ရတယ်။ ဒီလိုနဲ့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရတယ်။ အန်တီစုသာ ထပ်ဆုံးရှုံးရရင်ဆိုတဲ့ အတွေးနဲ့ မြန်မာပြည်သူတွေ အိပ်မပျော်ခဲ့ကြပါဘူး။
စစ်အာဏာရှင်တွေ မလုပ်ရဲတာ ဘာမှမရှိပါဘူး။ အတိုက်အခံမပြောနဲ့ ဗိုလ်ချုပ်တင်ဦးတို့၊ ဗိုလ်ချုပ်ခင်ညွန့်တို့ကိုတောင် အမှုန့်ကြိတ်ပစ်ခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ၂၀၀၇ စက်တင်ဘာတုန်းကလည်း ရဟန်းသံဃာတော်တွေကို မညှာမတာ သတ်ဖြတ် ထောင်ချပစ်ခဲ့ကြတာပါပဲ။ တချို့သပိတ်ပိုက်ပြီး အဝေးပြေးခဲ့ရပါတယ်။
ကောက်ကျစ်စဉ်းလဲတဲ့ အာဏာရှင်တွေကို နိုင်ငံတကာ စံနှုန်းတွေနဲ့ ရင်ဆိုင်လို့မရပါဘူး။ မြန်မာပြည်မှာ မတရားတဲ့ အင်အားစုကြီးဟာ တဖြည်းဖြည်းနဲ့ ကြီးထွားလာနေပါတယ်။ ကမ္ဘာမှာရော လက်ရှိအာဏာရ အစိုးရတွေဟာ အတိုက်အခံတွေအပေါ်မှာ သက်ညှာကြလို့လားခင်ဗျား။
အန်တီစုက ကျနော်တို့ထက် ပိုခေါင်းကြီးပါတယ်။ ရွေးကောက်ပွဲကို မတရားလို့ ဝင်မပြိုင်ဘူးဆိုရင် ကျနော်တို့ဟာ ဒီမိုကရေစီနှင့် ပိုဝေးကွာသွားပါလိမ့်မယ်။ အန်အယ်လ်ဒီဟာလည်း ညက်ညက်ကြေသွားပါလိမ့်မယ်။
အန်အယ်လ်ဒီဟာ မြန်မာပြည်သူတွေအတွက် ကောက်ရိုးတမျှင်ပါ။ ရွေးကောက်ပွဲသွားမယ့်လမ်းကြောင်းပေါ်မှာ အန်အယ်လ်ဒီ မရှိတော့ရင် စစ်အာဏာရှင်တွေ ပိုပြီးအကြိုက်တွေ့သွားပါလိမ့်မယ်။ ပြိုင်ဘက်မရှိဘဲ ပန်းဝင်သွားပါလိမ့်မယ်။ ရွေးကောက်ပွဲကို ခါးခါးသီးသီး ငြင်းခဲ့ရင် အန်တီစုကတော့ အာဏာရှင်တွေကို ရဲရဲတောက် တော်လှန်ခဲ့တဲ့ အာဇာနည် အမျိုးသမီးအဖြစ် မော်ကွန်းဝင် သမိုင်းတင် ကျန်ရစ်ခဲ့မှာပါ။ ကျနော်တို့ မြန်မာပြည်သူတွေကတော့ ကမ္ဘာ့အလယ်မှာ မျက်နှာမွဲစွာနဲ့ အာဏာရှင်တွေ မောင်းနှင်တာကို ခံယူရင်း မျက်နှာငယ်နေကြရဦးမှာပါ။
အန်တီစု စဉ်းစားစေချင်ပါတယ်ခင်ဗျား။
No comments:
Post a Comment