အောင်ထက်/ ၆ ဧပြီ ၂ဝ၁ဝ
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးမြို့နယ်တို့ရှိ ကြံ့ဖွံ့အသင်းဝင်များထဲမှ သီးသန့်အမာခံအင်အားစုများကို ရွေးချယ်စုဆောင်းနေကြောင်း သိရသည်။
ရွေးချယ်ပြီးသူတို့၏ ကိုယ်ရေးမှတ်တမ်းများကို ယခုရက်ပိုင်းအတွင်း မြို့နယ်ကြံ့ဖွံ့ရုံးသို့ တင်ပြနေရသော်လည်း မည်သည့်အတွက်ကြောင့် ယင်းသို့ အမာခံ ကြံ့ဖွံ့အင်အားစာရင်း စုဆောင်းခိုင်းသည်ကိုမူ မြို့နယ်က တစုံတရာပြောဆိုခြင်း မရှိကြောင်း ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒနောကျေးရွာမှ ကြံ့ဖွံ့လူငယ်တဦးက ပြောသည်။
ကော့မှူးမြို့နယ်၊ ဆင်ခြံကျေးရွာမှ ကြံ့ဖွံ့အသင်းဝင်တဦးကလည်း “တရွာကို ကြံ့ဖွံ့အမာခံ (၅) ဦး မြို့နယ်ကို တင်ပြရတယ်။ အဲဒီ (၅) ဦးကနေ (၁) ဦးကို ကြံ့ဖွံ့ (၁၀) ဦးနှုန်း ထပ်မံစုဆောင်းပေးဖို့ မြို့နယ်က ပြန်ညွှန်ကြားတယ်။ ဒီတော့ တရွာကို ကြံ့ဖွံ့ အမာခံ (၅၅) ဦး ဖြစ်သွားတယ်” ဟု ရှင်းပြသည်။
ကျေးရွာတရွာတွင် ကြံ့ဖွံ့အင်အား ရာချီ၍ရှိပြီး ကော့မှူးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်အပါအ၀င် ကျေးရွာ (၅၄) ရွာရှိကာ ကွမ်းခြံကုန်း၊ တွံတေးမြို့နယ်တို့တွင် ကျေးရွာ အရေအတွက် ပိုများသည်ဟု သိရသည်။
တွံတေးမြို့နယ်၊ ကျိုက်သလဲကျေးရွာ ကြံ့ဖွံ့လူငယ်တဦးကမူ “မြို့နယ်ကြံ့ဖွံ့စည်းရုံးရေးမှူးက ခေါ်တယ်ဆိုလို့ လိုက်လာတာ။ ဟိုရောက်တော့ ကော်လာကတုံးနဲ့ တိုက်ပုံအင်္ကျီလဲဝတ်ပြီး ဓာတ်ပုံအရိုက်ခံရတယ်။ ကိုယ်ရေးမှတ်တမ်း ဖြည့်ရတယ်။ ဘာကြောင့် ဖြည့်ရတယ်ဆိုတာတော့ မသိရဘူး” ဟု ဆိုသည်။
အကြောင်းပြချက် ရေရေရာရာ မသိရသော အဆိုပါ အပြုအမူအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ အသွင်ပြောင်းပါတီအတွက် ပါတီဝင်အင်အား စုဆောင်းခြင်း ဖြစ်နိုင်သကဲ့သို့ စွမ်းအားရှင်များအဖြစ် အဓမ္မသွတ်သွင်းခြင်းလည်း ဖြစ်နိုင်သည်ဟု ကြံ့ဖွံ့လူငယ်အချို့က ယူဆကြသည်။
ဒေသခံအများစုကမူ “ခေါင်းဆောင်ပိုင်း ကြံ့ဖွံ့မြို့နယ်စည်းတွေသာ တက်ကြွနေကြတာပါ။ အောက်ခြေအသင်းဝင်တွေက သာမန် ရေလိုက်ငါးလိုက်ပါပဲ” ဟု ပြောကြသည်။
ရန်ကုန် တောင်ပိုင်းခရိုင်ရှိ ကျေးလက်ဒေသများတွင် ကြံ့ဖွံ့အသင်းဝင်များ တိုးချဲ့ဖွဲ့စည်းခြင်း၊ စစ်သင်တန်းများ ပေးခြင်းနှင့် ယခုကဲ့သို့ ကြံ့ဖွံ့အမာခံအင်အားစုများ ရွေးချယ်ခြင်းတို့ကို စီမံချက်အသွင် စနစ်တကျ ပြုလုပ်လေ့ရှိသည်ဟု သိရသည်။
No comments:
Post a Comment