Tuesday, April 6, 2010

နေရွှေသွေးအောင် ရေပက်မဏ္ဍပ် ဆောက်လုပ်

မင်းသက် | အင်္ဂါနေ့၊ ဧပြီလ ၀၆ ရက် ၂၀၁၀

ရန်ကုန် (မဇ္ဈိမ)။ ။ ဗိုလ်ချုပ်မှူးကြီးးသန်းရွှေ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင် ပါဝင်ရေပက်ကစားမည့် မဏ္ဍပ်ကြီးတခုကို ရန်ကုန်မြို့တွင် ဆောက်လုပ်နေပြီဖြစ်သည်။

အင်လျားကန်ဘောင်အနီး ပြည်လမ်းမပေါ်တွင် မက်စ်မြန်မာ ဆောက်လုပ်ရေးကုမ္ပဏီက အကျယ်ပေ ၅ဝဝ ခန့်ရှိ မဏ္ဍပ်ကို ဆောက်လုပ်နေပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်က လုံခြုံရေးတာဝန်ယူထားကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

အနီးနားတွင် အခြားမဏ္ဍပ် ဆောက်လုပ်ခွင့် တားမြစ်ထားကြောင်း လုံခြုံရေးသတင်းရပ်ကွက်တခုက ပြောသည်။

လာရောက်ရေကစားမည့် သူများအတွက် ကားရပ်နားရန် နေရာပါ စီစဉ်ထားပြီး ဒီဂျေများလည်း ပါဝင်ဖျော်ဖြေမည် ဖြစ်သည်။

မဏ္ဍပ်အရွယ်အစားနှင့် ပတ်သက်သည် ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ မြန်မာသင်္ကြန်မဏ္ဍပ်များအတွက် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် မညီဟု စည်ပင်အရာထမ်း တဦးက ပြောသည်။

တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တယက) က ထုတ်ပြန်ထားသော ရန်ကုန် စည်ပင်သာယာ နယ်နမိတ်အတွင်းရှိ မြို့နယ် ၃၃ ခုတွင် ဗဟိုမဏ္ဍပ်တခုစီသာ ဆောက်လုပ်ခွင့် ပြုထားပြီး အရွယ်အစားကို ပေ ၁၄ဝ အထိသာ ကန့်သတ်ထားသည်။

ဗဟိုမဏ္ဍပ်များ၏ အရွယ်အစားမှာ ဖျော်ဖြေရေးစင်မြင့် အကျယ် ပေ ၆ဝ၊ အနံ ၂၅ ပေ၊ အမြင့် ၆ ပေ၊ ဘေးတဖက် တချက်ရှိ ရေကစားမဏ္ဍပ်မှာ အကျယ် ပေ ၄ဝ၊ အနံ ၈ ပေ၊ အမြင့် ၅ ပေ စီ ရှိရမည်ဖြစ်သည်။

No comments: