Tuesday, May 4, 2010

ပေးကားပေး၏ မရပါ

ဝေလင်း
(နှစ် ၁၂၀ ပြည့် မေဒေးနေ့ အထူးဆောင်းပါး)

တရုတ်ပြည်က စက်မှုဇုန်အလုပ်သမားပြဿနာ

၁၉၇၈ ခုနှစ် (၁၁) ကြိမ်မြောက် ပါတီကွန်ဂရက်ကနေ တံခါးဖွင့် စီးပွားရေးပေါ်လစီ ချမှတ်ပေးပြီးတဲ့နောက် (ရှင်ကျန်း၊ ကျူဟိုင်းတုံး၊ ရှန်တုံး၊ စီမင်း) ဒေသက အထူးစီးပွားရေးဇုန် (၄) ခုကို ၁၉၈၀ ခုနှစ်မှာ စတင်ဖွင့်လှစ် နိုင်ခဲ့ကြပါတယ်။ ပဉ္စမမြောက် ဟိုင်နန်အထူးစီးပွားရေးဇုန်ကို ၁၉၈၁ ခုနှစ် မှာလည်းကောင်း၊ ကျန်စီးပွားရေးဇုန် အသီးသီးကို ယန်စီ၊ ပုလဲမြစ်ဝှမ်း ဒေသတွေမှာပါ ဆက်လက်တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့တာကြောင့် ၁၉၈၀-၁၉၉၅ ခုနှစ် ထုတ်လုပ်မှုတန်ဖိုးဟာ (၄၅၁.၈) ဘီလီယံယွမ်ကနေ (၅,၈၂၆) ဘီလီယံယွမ်အထိ မြင့်မားလာခဲ့ပါတယ်။ စီးပွားရေးတိုးတက်မှုနဲ့ထပ်တူ အစိုးရ၊ တိုင်းရင်းသား၊ နိုင်ငံခြားသားပိုင် စက်မှုဇုန်လုပ်ငန်းအသီးသီးက အလုပ်သမား ပြဿနာတွေလည်း နှစ်စဉ် (၁၀) ရာခိုင်နှုန်းမက လိုက်ပြီးတိုးလာခဲ့ပါတယ်။

ဈေးကွက်စီးပွားရေးတံခါးဖွင့်လိုက်ရင် လေကောင်းလေသန့်နဲ့အတူ ပြင်ပအနှောင့်အယှက် အညှီအဟောက် (ယင်ကောင်) တွေပါ ၀င်လာမယ်လို့ တရုတ်ခေါင်းဆောင်တွေက ထင်မှတ်ပြောဆိုခဲ့ပေမယ့် တကယ်ဖြစ်လာတာ သူတို့မျှော်လင့်မထားတဲ့ အခုလို ပြည်တွင်းက အလုပ်သမားဆူပူအုံကြွမှုတွေပါပဲ။ တရုတ်စီးပွားရေးတံခါး စဖွင့်တဲ့ ၁၉၈၇ ခုနှစ်အတွင်း လုပ်သားဆန္ဒပြမှုပေါင်း (၅,၆၀၀) ရှိရာကနေ ၁၉၉၁ ခုနှစ်မှာ (၁၀,၀၀၀)၊ ၂၀၀၀ ခုနှစ်မှာ (၄၀,၀၀၀)၊ ၂၀၀၁ ခုနှစ်ထဲမှာ (၁၅၄,၆၀၀ ခု)၊ ၂၀၀၉ ခုနှစ်မှာ အမှုပေါင်း (၃၀၀,၀၀၀) ကျော်အထိ (၅၃) ဆနီးပါး မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ ၂၀၀၆ ခုနှစ်မှာ (၁၂၆,၀၀၀) မှုသာရှိခဲ့တဲ့ အလုပ်သမားအငြင်းပွားမှုတွေကနေ ၂၀၀၉ ခုနှစ်အတွင်း အငြင်းပွားမှုပေါင်း (၃၁၇,၀၀၀) ခုထိ ဖြစ်လာခဲ့ပါတယ်။

ဒါဟာ အရင် ၂၀၀၈ ခုနှစ်ထက်ကို (၁၀.၈) ဆ ပမာဏ တိုးပွားလာခြင်းပါ။ အထူးသဖြင့် အိုဗာတိုင်ကြေး၊ လုပ်ငန်းခွင်အာမခံနဲ့ စီးပွားရေးထောက်ပံ့မှုတွေ မရတာအပြင် အလုပ်ချိန် ပိုအလုပ်ရဆုံး ဒေသတခုလည်းဖြစ်တဲ့ တရုတ်ပြည် ဒေါင်ဂွမ်း၊ တိန်ဆီးမြို့နယ်တရားရုံးမှာ အခြားတရားရုံးတွေ တနှစ်ဖြေရှင်းနေရတဲ့ (၄၅) မှု စံနှုန်းထက်ပိုပြီး တနှစ် အလုပ်သမားအမှုပေါင်း (၁,၀၀၀) လောက်အထိ ထူးထူးခြားခြား ဖြေရှင်းပေးနေရပါတယ်။ လစာမရတာ၊ ငွေလျှော့ပေးတာတွေလောက်ကိုသာ တရုတ်ပြည်မှာ အငြင်းပွားလေ့ရှိပြီး တခြားဥရောပလုပ်သားများလို အလုပ်သမားရပိုင်ခွင့်နဲ့ အခြေခံအခွင့်အရေးတွေအတွက် တောင်းဆိုလေ့မရှိကြပါဘူး။

အလုပ်သမားတို့ရဲ့ လွတ်လပ်ခွင့်

အလုပ်သမားသမဂ္ဂများ ဖြေရှင်းပေးလို့ အဆင်မပြေခဲ့တဲ့ ပြဿနာတွေကို ဒေသခံ အာဏာပိုင်တွေ တဖက်လှည့် ကူညီပေးနေတာမျိုးကိုလည်း တရုတ်ပြည်မှာ ထူးခြားစွာ တွေ့မြင်နိုင်ပါသေးတယ်။ ဒါကတော့ ကန့်သတ်ချက်ဘောင်အောက်မှာ စက်ရုံပိုင်ရှင်တွေဆီကနေ လုပ်သားအခွင့်အရေးများ တောင်းယူကြဖို့ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဆန္ဒပြခိုင်းနေတဲ့ကိစ္စပါ။ သူတို့မသိဘဲနဲ့တော့ လွတ်လပ်စွာ သွားဆန္ဒပြလို့ မရနိုင်ပါဘူး။ ဘယ်နေ့ ဘယ်နေရာမှာ ဆန္ဒပြကြဆိုတဲ့ ဒေသခံပုလိပ်အဖွဲ့ ခွင့်ပြုချက်နဲ့ ဆန္ဒပြလို့ရပါတယ်။ ဒီလို လွတ်လွတ်လပ်လပ် ဆန္ဒပြခွင့်တွေနဲ့အတူ ဖမ်းဆီးအရေးယူမှုတွေကလည်း တဖက်မှာ ရှိပြန်ပါသေးတယ်။ လုပ်သားနဲ့ အလုပ်ရှင်ကြား ဖြစ်သမျှ စက်မှုဇုန်ပြဿနာတွေအားလုံးကို ညှိနှိုင်းယူရေးနဲ့ အမှုကိစ္စတိုင်း (တခုတည်းသော) အလုပ်သမားသမဂ္ဂရဲ့ ဖြေရှင်းမှုကို ခံယူကြဖို့သာ အစိုးရက လိုလားပါတယ်။

လွတ်လပ်စွာ သတင်းဆက်သွယ်၊ ပြောဆို၊ စည်းရုံး၊ သပိတ်မှောက်ခွင့်စတဲ့ အခွင့်အရေးတွေကို တရုတ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ရေးထားပေမယ့် တကယ်တော့ အလုပ်သမားများ အချင်းချင်း သတင်းဆက်သွယ်ခွင့်ကို မန်နေဂျာက ကိုင်ထားတာ၊ လွတ်လပ်စွာ ပြောဆိုခွင့်မရတဲ့ အင်တာနက်ဆင်ဆာ၊ တခုတည်းသော တရုတ်အလုပ်သမားသမဂ္ဂကလွဲလို့ လွတ်လပ်စွာ ဖွဲ့စည်းခွင့်မရှိတဲ့ အလုပ်သမားအစည်းအရုံးများ အပါအ၀င် ကိစ္စအတော်များများ အစိုးရက ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် အာဏာပိုင်တွေ ခွင့်ပြုချက်အောက်က ထိုင်သပိတ်၊ လမ်းပိတ်ဆို့ တားသပိတ်တွေကိုပဲ တရားဝင်သဖွယ် လုပ်ခွင့်ရနေကြတဲ့ အလုပ်သမားဆန္ဒပြမှု (၁၀၀) အနက် (၄၇) ခုမှာ လုပ်သားဒါဇင်အချို့ကနေ အင်အား (၁၀,၀၀၀) လောက်အထိ ပါဝင်ဆန္ဒပြခဲ့ကြပြီး ဘာတခုမှ ကြိုတင်သတ်မှတ်ချက်မရှိဘဲ လုပ်ငန်းခွင်က ပစ္စည်းတွေပစ်ချ၊ ထ၊ တန်းမှောက်ခဲ့တဲ့ သပိတ်မျိုးတွေပါ။ ဘယ်မီဒီယာကမှ ဒီသတင်းတွေကို ရာနှုန်းပြည့် မဖော်ပြခဲ့ကြသလို တခုတည်းသော တရုတ်ပြည်လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ACFTU) ကလည်း ဘယ်သောအခါကမှ ဦးဆောင်သပိတ်မှောက်တာမျိုး မလုပ်ခဲ့ကြပါဘူး။

ဒေသတည်ငြိမ်ရေးကို ထိပါးလာရင် အထူးသဖြင့် အလုပ်သမားအခွင့်အရေးလှုပ်ရှားမှုမျိုးနဲ့ အခွင့်အရေးလှုပ်ရှားသူလို့ ယူဆရတဲ့သူတွေကို တရုတ်အစိုးရက မညှာမတာ နှိပ်ကွပ်လေ့ရှိတတ်ပါတယ်။ အလုပ်ပြုတ်ခဲ့တဲ့ မိတ်ဆွေတွေကို စည်းရုံးပြီး ၂၀၀၁ မှာ လုပ်သားအခွင့်အရေး ဆန္ဒပြခဲ့မိသူ (ဟိုင်နန်) ရေနံမြေလုပ်သားဟောင်း လီဂူးဟောင်ဟာ ၂၀၀၇ အောက်တိုဘာ (၃၁) ရက်နေ့မှာ အချုပ် (၁၅) ရက်၊ (၁၈) လကြာ ပြစ်ဒဏ်တွေနဲ့ ပြန်လည်ပညာပေးရေး အလုပ်စခန်းကို ပို့ဆောင်ခြင်းခံရသလို ဒေသဥပဒေပြုအဖွဲ့ဝင်ဟောင်း၊ စာရေးဆရာအသင်းဝင် ဇင်ကျိန်ယုဟာလည်း ဖေဖော်ဝါရီ (၁၅) ရက် ၂၀၀၇ ခုနှစ်တုန်းက (၂) နှစ်ခွဲ အပြစ်ပေးခံရပြီး အလုပ်ပြုတ်ခဲ့တဲ့အပြင် ဇီချွမ် ရေနံလုပ်သားတွေကို ကူညီမှု၊ လူဇောင်ဂျိန်ဘိုင် လျှပ်စစ်စက်ရုံအတွက် မြေနေရာအသိမ်းခံ လယ်သမားတွေကို အားပေးမှု၊ ယခင်ကလည်း ၂၀၀၁ ခုနှစ် လူဇောင် တက္ကစီကားဒရိုင်ဘာ အခွင့်အရေးအတွက် ပါဝင်မှု … စတဲ့ ပြစ်မှုအသီးသီးကြောင့် ထောင်ဒဏ်တနှစ် အပြစ်ထပ်ကျခဲ့ရပါတယ်။

ရှန်ဇန်း ဒဂုံဇီ ပုဂ္ဂလိကလုပ်ငန်းက အလုပ်သမားဌာန အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ ဟောင်ကျင်နန်ဟာ နိုဝင်ဘာ (၂၀) ရက် ၂၀၀၇ မှာ ဒေသစက်ရုံပိုင်ရှင် ဇောင်ဝေကျီရဲ့ တပည့်လူဆိုးတွေ တိုက်ခိုက်ခံရပြီး ကျောနဲ့ခြေမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။ ကာလရှည် စစ်မေးပြီး ၂၀၀၉ မေ (၁၈) ရက်နေ့ကျမှ စက်ရုံပိုင်ရှင်ကို ထောင်ဒဏ် (၄) နှစ်သာ အပြစ်ပေးပြီး အလုပ်သမားအခွင့်ရေးလှုပ်ရှားသူကိုတော့ ထောင်ဒဏ် (၅) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။

ဒီဖြစ်ရပ်တွေကို ကြည့်ရင် အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေအပေါ် တရုတ်အစိုးရပေးတဲ့ အပြစ်ဒဏ်တွေဟာ အလုပ်သမားလှုပ်ရှားမှုတခုဖြစ်လေတိုင်း မြန်မာနအဖတို့ရဲ့ ဆယ်စုနှစ် (၂) စု (၃) စုကြာ မတရား နှိပ်ကွပ် အပြစ်ပေးမှုတွေလောက် မပြင်းထန်ကြောင်း တွေ့ရမှာပါ။

တိုက်ပွဲဝင် သပိတ်ပုံစံများ

စက်မှုဇုန် သပိတ်ပေါင်း (၁၀၀) မှာ တားဆီးပိတ်ဆို့ သပိတ်အမျိုးအစား (၄၃) ရာခိုင်နှုန်းဖြစ်ပွားလေ့ရှိပြီး ဒီလိုပိတ်ဆို့မှုကို ဆန္ဒပြသူ (၁၇) ရာခိုင်နှုန်းက ဒုတိယဦးစားပေး ကျင့်သုံးပြီး ကျန် (၂၆) ရာခိုင်နှုန်းက ပထမဦးစားပေးအဖြစ် ကျင့်သုံးသင့်တယ်လို့ ယူဆထားကြပါတယ်။

ထိုင်သပိတ်အမျိုးအစား (၁၈) ရာခိုင်နှုန်းလောက်သာ တရုတ်စက်မှုဇုန်တွေမှာ ဖြစ်ပွားလေ့ရှိပြီး ဒီအထဲက (၆) ရာခိုင်နှုန်းဟာ သပိတ်ကို ထောက်ကူဖို့အတွက် လုပ်ကြတာပါ။ ၁၉၉၃ ခုနှစ်အတွင်း ထိုင်သပိတ်ပေါင်း (၁၀,၀၀၀) ကနေ ၂၀၀၃ ခုနှစ်မှာ (၆၀,၀၀၀) အထိ ဖြစ်ပွားခဲ့ကြောင်း ဆန္ဒပြသူအင်အားကလည်း (၇၃၀,၀၀၀) မှ (၃.၀၇) သန်းအထိ တိုးပွားလာခဲ့ကြောင်း သိရပါတယ်။

အာဏာပိုင်တွေဆီ ကိုယ်စားလှယ်စေလွှတ်တဲ့ တောင်းဆိုဆန္ဒပြသပိတ်မျိုးကို (၂၁) ရာခိုင်နှုန်း ပြုလုပ်တတ်ပြီး ဖျက်လိုဖျက်ဆီး အကြမ်းဖက်သပိတ်အမျိုးအစား (၅) ရာခိုင်နှုန်းသာ အလုပ်သမားတွေ ကျင့်သုံးလေ့ရှိတတ်ကြောင်း စီစစ်တွေ့ရှိရပါတယ်။ အရေးအခင်းဖြစ်တဲ့ နေရာကို တရုတ်ပုလိပ်တွေ အလျင်အမြန် စေလွှတ်ပြီး ၂၀၀၇ ခုနှစ် အရေးပေါ်ဖြေရှင်းနည်း ဥပဒေ ပုဒ်မ ၅၂ အရ နေရာက စွန့်ခွာဖို့ ဆော်သြတာ၊ အင်အားသုံးပြီး ၀င်ရောက်ဖြေရှင်းတာမျိုးအပြင် လူထုငြိမ်ဝပ်ပိပြားမှု ချိုးဖောက်ခြင်းဥပဒေ (သို့) အခြားရာဇ၀တ်ဥပဒေတွေ သုံးပြီး ဖမ်းဆီးအရေးယူခြင်းမျိုးတွေနဲ့ အာဏာပိုင်တွေဘက်က သပိတ်တွေကို ဖြိုခွဲတတ်ကြပါတယ်။

၂၀၀၇ ခုနှစ် သြဂုတ်လ (၈) ရက်နေ့ ဟူနန်ပြည်နယ် ဆင်တန် ကျောက်မီးသွေးတွင်းသပိတ်မှာ လုပ်သား (၈၀၀) ကျော်ကို လုံထိန်းအင်အား (၂၀၀) လောက်က အင်အားသုံး အတင်းဝင်ရှင်းခဲ့လို့ (၁) ယောက်သေ (၂၀) ကျော်ဒဏ်ရာရပြီး ပုလိပ်ကား (၂) စီး ပျက်ခဲ့ရတဲ့ အဖြစ်မျိုးလို ဆန္ဒပြမှုပေါင်း (၁၀၀) မှာ (၆၁) ခုကို ပုလိပ်တွေ ၀င်ရောက်ရှင်းလင်းလေ့ရှိပြီး ဒီအထဲက သပိတ် (၁၉) ခုကို အင်အားသုံး အကြမ်းဖက်တဲ့နည်း သုံးခဲ့တာမို့ နှစ်ဖက်ဒဏ်ရာရခဲ့ပါတယ်။

စီးပွားရေးပျက်ကပ်နဲ့ တရုတ်စက်မှုဇုန်များ

တရုတ်ပြည် စက်မှုစီးပွားရေးထုတ်လုပ်မှုဇုန် ဗဟိုချက်မဖြစ်တဲ့ ဂွမ်ဒေါင်းစက်မှုဇုန်တခုထဲမှာကို ၂၀၀၇ စက်တင်ဘာ/ အောက်တိုဘာ (၂) လအတွင်း စက်ရုံတွေပိတ်ပစ်ပြီး အလုပ်ရှင်ထွက်ပြေးမှုပေါင်း (၁၁၇) ခုဖြစ်ခဲ့ကြောင်း၊ လုပ်သား (၂၀၀,၀၀၀) လောက် လစာမရဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒီအထဲ ထင်ရှားတဲ့ Nicewell Ceramics (Gaungzhou plant) Lichang Shoe Industies factory in Panyu Chunyu၊ Textile factory in Wujaiang City၊ Jianrong Suitcase Factory in Donggun စတဲ့ စက်ရုံ (၃) ခုက (အီတလီ၊ တိုင်ဝမ်သား) နိုင်ငံခြားသားလုပ်ငန်းရှင်တွေ ထွက်ပြေးသွားလို့ လုပ်သားတွေ လုပ်ခ (၄) လစာမရတဲ့အဖြစ်၊ လစာငွေ (၂၀) ရာခိုင်နှုန်း၊ (၄၀) ရာခိုင်နှုန်းလောက်သာ ပြန်ရရှိခဲ့ကြတဲ့ ကိစ္စတွေဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် တိုင်းခြားသားပိုင်မဟုတ်တဲ့ အစိုးရပိုင်လုပ်ငန်းများ၊ အစိုးရဆီက လက်လွှဲယူလုပ်ကိုင်တဲ့ ပုဂ္ဂလိကလုပ်ငန်းများစွာထဲက လုပ်သားပြဿနာတပုံကြီး ကျန်ရှိနေပြန်ပါသေးတယ်။ တရုတ်အစိုးရ ပြည်သူ့ကွန်ဂရက်ကို တင်သွင်းတဲ့ အစီရင်ခံစာမှာ စက်မှုလုပ်ငန်းရှင်တွေ ဒေ၀ါလီခံရတယ်လို့ တဖက်က ပြောနေချိန်မှာကို တရုတ်ပြည်ပပို့ကုန်တန်ဖိုး နဂို (၂၄၆၆၁.၉) ဘီလီယံယွမ်ကနေ (၃၁၄၀၄.၅) ဘီလီယံယွမ်အထိ တိုးလာတာမို့ (၄၅.၄) ရာခိုင်နှုန်းတိုးလာကြောင်း လေ့လာသူတချို့က ထောက်ပြနေပါတယ်။ The True Cost of China’s Competitive Advatage: Penguin 2008 ကို ကိုးကားပြီး နိုင်ငံခြားဖြစ်တွေထက် အဖိုးလျှော့ပြီး ဈေးချိုချိုရောင်းချပေးနေတဲ့ တရုတ်လုပ် (၃၂) ဒေါ်လာတန် DVD ပြစက် ထုတ်လုပ်မှုတခုမှာ ပစ္စည်းတန်ဖိုး (၁၈) ဒေါ်လာနဲ့ ထုတ်လုပ်မှုတန်ဖိုး (၁၃) ဒေါ်လာ စုစုပေါင်း (၃၁) ဒေါ်လာသာကျပြီး ပစ္စည်းတခုတိုင်းမှာ အလုပ်ရှင်အတွက် (၁) ဒေါ်လာ အမြတ်ရနေကြောင်း၊ အလားတူ (၃၂.၅) ဒေါ်လာတန် ပစ္စည်းအပေါ်ကနေလည်း (၁.၅) ဒေါ်လာ အစွန်းထွက်မြတ်နေတာမို့ စီးပွားရေးကပ်ပျက်မှာ အလုပ်ရှင်တွေဘက်က ဒေ၀ါလီခံနိုင်ဖွယ်မရှိကြောင်း စောဒကတက်ထားပါတယ်။

ဆယ်စုနှစ်များအတွင်း ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုနဲ့အတူ အလုပ်ရှင်-အလုပ်သမား အငြင်းပွားမှုတွေကို တရုတ်အလုပ်သမားပြဿနာ စေ့စပ်ညှိနှိုင်းရေးကော်မတီ (LDAC) က ၁၉၉၅ ခုနှစ် အမှု (၄၇,၉၅၁) မှုကို ကိုင်တွယ်ဖြေရှင်းပေးခဲ့ရပြီး ၂၀၀၇ ခုနှစ်မှာ ဒါထက် (၇) ဆ ပမာဏ (၃၅၀,၁၈၂) မှု ဖြေရှင်းပေးခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ် အစိုးရရဲ့ ကန်ထရိုက်နဲ့ အလုပ်သမားပြဿနာ စေ့စပ်ညှိနှိုင်းဖျန်ဖြေပေးရေး လက်စွဲဥပဒေတွေ ထွက်လာပြီးတဲ့နောက်မှာလည်း ဒါထက် (၂) ဆ (ပြဿနာပေါင်း ၆၉၃,၀၀၀ ခု) ဖြစ်ပွားခဲ့ပါသေးတယ်။ နိုင်ငံခြားစက်မှုဇုန်အမျိုးအစားအသီးသီးက အလုပ်သမားအငြင်းပွားမှုတွေနဲ့ ထပ်တူ ကျောင်းဆရာ၊ တက္ကစီဒရိုင်ဘာ စတဲ့ သီးခြားအလွှာ အလုပ်သမားဆန္ဒပြမှု ပြဿနာတွေလည်း အများကြီး ကျန်နေပါသေးတယ်။ ၂၀၀၈-၂၀၀၉ ခုနှစ် စီးပွားပျက်ကပ်ကြောင့် ပို့ကုန်တွေပျက်ပြီး တရုပ်အလုပ်သမား သန်းဆယ်နဲ့ချီ အလုပ်လက်မဲ့ ဖြစ်ကုန်မယ့်အရေးမို့ ဒီလိုလက်စွဲဥပဒေတွေ သုံးပြီး ငြိမ်းချမ်းစွာ ပြဿနာဖြေရှင်းပေးနိုင်ရေးဟာ တရုတ်အစိုးရအတွက် ထိပ်တန်းဦးစားပေး ကိစ္စတခုပါ။

တရုတ် အလုပ်သမားပြဿနာ ဖြေရှင်းနည်း

အလုပ်သမားဆန္ဒပြမှုကို ဥပဒေအရ လုံးဝတားမြစ်ထားပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုကာလအတွင်း ၁၉၅၇ ခုနှစ်ကတည်းက ဖျက်သိမ်းထားပစ်ခဲ့တဲ့ စေ့စပ်ညှိနှိုင်းယူရေးဆိုတဲ့ စနစ်ကို အလုပ်သမားတွေနဲ့ ပြန်လည်မိတ်ဆက်ပေးခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ကုမ္ပဏီလုပ်သားပြဿနာများ လက်စွဲဥပဒေနဲ့ ၂၀၀၈ ခုနှစ် အလုပ်သမားကန်ထရိုက် လက်စွဲဥပဒေတွေကို ထုတ်ပြီး ကြိုးပမ်းဖြေရှင်းချက်တွေအပြင် ရွှေ့ပြောင်းလုပ်သား (၆၆) သန်း အပါအ၀င် အလုပ်သမားအဖွဲ့ဝင် (၂၀၉) သန်းကို ကိုယ်စားပြုထားတဲ့ တခုတည်းသော တရုတ်အလုပ်သမားသမဂ္ဂ (ACFTU) ကြိုးကိုင်ဖြေရှင်းမှုအောက်မှာ ဖြစ်ပေါ်လာသမျှ အလုပ်သမားအမှုများကို (၄) ဆင့်သော ဖြေရှင်းနည်းတွေနဲ့ အစိုးရက ဆက်ဖြေရှင်းခိုင်းနေပါတယ်။

ပထမအဆင့် အမှုဖြစ်လာရင် နှစ်ဖက်တွေ့ဆုံညှိနှိုင်း၊ နောက်တဆင့် ပြဿနာရဲ့ သော့ချက်ကို တွေ့အောင်အဖြေရှာ စေ့စပ်ယူကြ၊ ဒီလိုမျိုးမှ လုပ်မရရင် တတိယအဆင့်အနေနဲ့ ဒေသတရားရုံးကို တက်ဖြေရှင်း၊ နောက်ဆုံး ပြည်နယ်တရားရုံးမှာ ရင်ဆိုင်ပြီး ဆုံးဖြတ်မှုခံယူကြဆိုတဲ့ တဆင့်ချင်း ကျော်ဖြတ်ဖြေရှင်းတာမျိုးပါ။ ဒီနည်းဟာ တရုတ်တို့ရဲ့ ထုံးစံတခုဖြစ်တာမို့လည်း ကျေးလက်တိုင်း၊ စက်ရုံ၊ လုပ်ငန်းတိုင်းမှာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကော်မတီ အသီးသီး ဖွဲ့စည်းထားပါတယ်။ အလုပ်ရှင်နဲ့ နဂိုသဘောတူချက် (ကန်ထရိုက်) အခွင့်အရေးတွေ လုံးဝမရှိရှာသူ အလုပ်သမားတွေအတွက်တော့ စေ့စပ်ဖြေရှင်းနည်းဆိုတာ စာရွက်ပေါ်ရှိရုံသက်သက်မျှပါပဲ။ ၁၉၉၀ လောက်အထိသာ ဒီနည်းတွေနဲ့ အလုပ်ဖြစ်ခဲ့ပြီး နောက်ဥပဒေတရပ်လို အာဏာမရှိတာကြောင့် တစတစ မှေးမှိန်သွားခဲ့ပါတော့တယ်။

၁၉၉၀ ခုနှစ်မှာ အမှု (၇၂) ရာခိုင်နှုန်းကို ဖြေရှင်းပေးနိုင်ခဲ့ရာကနေ ၂၀၀၇ ခုနှစ်လည်းရောက်ရော (၁၉) ရာခိုင်နှုန်းလောက်ကိုသာ ဖြေရှင်းပေးနိုင်တော့ကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် မြို့နယ်တခုက စေ့စပ်အဖြေရှာပေးရေးအဖွဲ့ဟာ တခြားမြို့နယ်တွေကျော်ပြီး ၀န်နဲ့အားမမျှ အမှုတွေလိုက် ဖြေရှင်းနေရတာမျိုးလည်း ရှိပြန်ပါသေးတယ်။ ခရိုင်၊ မြို့နယ်၊ ပြည်နယ်အဆင့် တရားရုံးတွေကို စွဲတင်တဲ့ အလုပ်သမားအမှုတွေကလည်း ၂၀၀၂ ခုနှစ် (၈၄,၇၀၀) မှုကနေ ၂၀၀၆ ခုနှစ် (၁၂၆,၀၀၀) မှု၊ ၂၀၀၈ ခုနှစ်မှာ (၂၈၆,၂၂၀) မှု စသဖြင့် မြင့်တက်လာတာမို့ ၂၀၀၈/၂၀၀၉ ခုနှစ်ဟာ ၂၀၀၇ ထက် (၉၄) ရာခိုင်နှုန်း တိုးလာကြောင်း တရုတ်ပြည်သူ့ကွန်ရယက် အစီရင်ခံစာမှာ အတိအကျ ဖော်ပြထားပါတယ်။

၂၀၀၈ ခုနှစ် ဇူလိုင် (၃၀) ရက်နေ့မှာ ဟူနန်ခရိုင် ဇင်ဖန်းမြို့က မော်တော်ယာဉ်အလုပ်ရုံ အလုပ်သမား (၂၈) ဦးဟာ သူတို့လုပ်ခငွေနဲ့ အိုဗာတိုင်ကြေး ယွမ် (၃၄,၁၄၂) ရဖို့ ဒေသဆိုင်ရာ အလုပ်သမားအကြံပေးအဖွဲ့ အကူညီပေးရေးဌာနကို ဆက်စပ်ခဲ့ပါတယ်။ တရုတ်အလုပ်သမား ဥပဒေ အပိုဒ် (၅၀) နဲ့ (၇၂) အရ ဒီကိစ္စကို (၁၀) ရက်အတွင်း ဖြေရှင်းပေးခဲ့သလို အလုပ်သမား (၂၁) ဦးရဲ့လစာ (၃၃,၈၆၅) ယွမ်အစား ဥပဒေအပိုဒ် (၈၂) အရ နှစ်ဆ (၆၉,၂၃၈ ယွမ်) တိုးရရှိခဲ့ပြီး အလုပ်ရှင်ကိုလည်း (၂၀၀၈ ခုနှစ် အလုပ်သမားကန်ထရိုက် အက်ဥပဒေအရ) အလုပ်သမားကန်ထရိုက်မှာ လက်မှတ်ရေးထိုးမထားတဲ့ အပြစ်ဒဏ်နဲ့ နောင် အလုပ်သမား-အလုပ်ရှင် ဆက်ဆံရေးတွေမှာ ပါဝင်ဆက်စပ်သွားဖို့ ညွှန်ကြားပေးနိုင်ခဲ့ကြောင်း တွေ့ရပါတယ်။ အလုပ်မဖြစ်ပေမယ့် အလုပ်သမားတွေအပေါ်မှာ တရုတ်အစိုးရ လျစ်လျူရှုမနေခဲ့ကြောင်းကို ဒီလိုကိစ္စတချို့မှာ တွေ့မြင်နိုင်ပါတယ်။ ဖြစ်ရိုးဖြစ်စဉ် အလုပ်သမားအမှုတွေမဟုတ်ဘဲ အစိုးရကိုယ်တိုင် ၀င်ရောက်ဖြေရှင်းပေးရတဲ့ အခြားထူးထူးခြားခြား ပြဿနာတချို့လည်း တရုတ်ပြည်မှာ ရှိနေပြန်ပါသေးတယ်။

ချုံကင်း ပြန်ပေးဆွဲခံ အကျဉ်းသားအလုပ်သမားများအရေး

၂၀၀၇ ဇွန် (၁၇) ရက်နေ့မှာ တရုတ်ပြည်အလယ်ပိုင်း နေရာအနှံ့က တရားမ၀င် မိုင်းသတ္တုတွင်း၊ အုတ်လုပ်ငန်းမျိုးစုံကို တရုတ်ရဲတပ်ဖွဲ့ဝင် (၃၅,၀၀၀) ၀င်ရောက်စီးနင်း ဖော်ထုတ်ခဲ့မှုကြောင့် အတင်းအကျပ် ပြန်ပေးဆွဲ အလုပ်စေခိုင်းခံရသူ အသက် (၈) နှစ်အရွယ်နှင့် အခြားကလေး (၃၈) ဦး အပါအ၀င် အလုပ်သမား (၅၄၈) ဦးကို ကယ်တင်နိုင်ခဲ့ကြပါတယ်။ သမ္မတဟူဂျင်တောင် ကိုယ်တိုင်က ဒီလိုစစ်ဆင်ရေးဝင်ဖို့ စေလွှတ်လိုက်တာဖြစ်ပြီး ရှန်စီတောင်ပိုင်းဒေသအတွင်းမှာ တရားမ၀င် မိုင်းတွင်းနဲ့ အုတ်လုပ်ငန်းတွေ ထောင်နဲ့ချီ ရှိနေခဲ့ပါတယ်။ လူမှောင်ခိုတွေဆီကနေ ကလေးတွေ ၀ယ်ပြီး ကျေးရွာကွန်မြူနစ်ပါတီ အကြီးအကဲတွေ အကူအညီနဲ့ စက်ရုံထူထောင်ထားသူ၊ အုတ်လုပ်ငန်းများရဲ့ ရှေ့ဆောင်၊ ရှန်စီပြည်နယ် ဟုန်တောင်းမြို့နေ ဟန်တင်ဟင် (၄၂) နှစ်ကို တရုတ်အစိုးရကိုယ်တိုင် ဖမ်းဝရမ်းထုတ်ကာ ဆုငွေ ယွမ် နှစ်သောင်း (ပေါင် ၁,၃၃၀) ထုတ်ပြန်ပေးခဲ့တာမို့လည်း ရှန်စီနယ်အတွင်းမှာ လူပေါင်း (၃၈) ဦးကို ဆက်အရေးယူနိုင်ခဲ့သလို ကျန်လူ (၁၂၀) လောက်က ရှောင်တိမ်းနေဆဲပါ။

တရုတ် စက်မှုဇုန်အလုပ်သမားဥပဒေအသစ်

တရုတ်အစိုးရအနေနဲ့ အလုပ်သမားအကျိုးအတွက် ၁၉၉၂ ခုနှစ် အလုပ်သမားသမဂ္ဂဥပဒေ၊ ၁၉၉၅ အလုပ်သမားဥပဒေအသစ်၊ ၂၀၀၈ ခုနှစ် လုပ်ငန်းများတိုးတက်ရေးနဲ့ အလုပ်သမားကန်ထရိုက်ဥပဒေ … စတဲ့ အလုပ်သမားဥပဒေ အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။ ၂၀၀၆ ခုနှစ် ဇွန် (၂၆) ရက်နေ့ကတည်းက မဖွံ့ဖြိုးသေးတဲ့ အနောက်နဲ့ ကမ်းရိုးတန်း အရှေ့ဘက်ဒေသတွေအတွက် ချမှတ်ပေးခဲ့ပြီး ၂၀၀၈ ဇွန်လမှာစပြီး အသက်ဝင် အာဏာတည်မယ့် တရုတ်စက်မှုဇုန်လုပ်သားကန်ထရိုက် ဥပဒေအသစ်မှာ တရုတ်အလုပ်သမားတိုင်းအတွက် တလ စုစုပေါင်း အလုပ်ချိန် (၄၀) နာရီ သတ်မှတ်ချက်ထားပါတယ်။ ဥရောပက စံနှုန်းတွေထက်ကို (၄) နာရီ လျော့နေသေးပေမယ့် တရုတ်ပြည်က အခြားဒေသတွေမှာ တပတ် နာရီ (၅၀) လောက် လုပ်နေရဆဲပါ။ အလုပ်သမားတွေကိုယ်တိုင်ကလည်း တပတ် နာရီ (၅၀-၆၀) ကျော် လုပ်ခွင့်ရဖို့ တောင်းဆိုနေဆဲဖြစ်တာမို့ ဒါဟာ အလုပ်သမားဘ၀တွေနဲ့ အတော်ကြီး ကွာခြားနေတဲ့ ဥပဒေတခုပါပဲ။

ဒီလိုလက်တွေ့မဆန်တဲ့ ဥပဒေတွေဟာ တရုတ်ပြည်တွင်း အလုပ်သမားသမဂ္ဂတွေ ဖွင့်ခွင့်မရတာကို အစားထိုးတာပဲလို့ နိုင်ငံတကာအလုပ်သမားသမဂ္ဂက ပြောပြီး ရေရှည်မှာ အလုပ်မဖြစ်နိုင်ပါဘူးလို့ ယူဆနေတယ်။ ကုမ္ပဏီတွေဘက်ကတော့ အလုပ်သမားရဲ့ အလုပ်ချိန် လျှော့ချလိုက်ရင် ကုန်ကျစရိတ်တွေ ထပ်တက်လာမှာမို့ လုပ်ငန်းတွေ ရွေှ့ပြောင်းဖို့ပဲ စဉ်းစားနေကြရပါပြီ်။ နိုင်ငံခြားကုမ္ပဏီတွေက တရုတ်ပြည်တွင်း စက်မှုဇုန်တွေကို စိတ်ဝင်စားခြင်းဟာ လုပ်ခလျော့နည်းတဲ့ ကိစ္စတခုသက်သက်မဟုတ်ဘဲ အကျိုးအမြတ်ရှိမှု၊ လုပ်ငန်းထိရောက်မှုတွေကြောင့်ဖြစ်ပါတယ်။ အခုလို အလုပ်သမားဥပဒေကိုသာ ပြင်ဆင်မယ်ဆိုရင် အခြားနိုင်ငံ (အိန္ဒိယ၊ ပါကစ္စတန် အရှေ့တောင်အာရှ) တွေဘက်ကို စက်မှုဇုန်လုပ်ငန်းတွေ ရွှေ့ပြောင်းသွားပါလိမ့်မယ်လို့ ပြောနေကြပါပြီ်။ ဥပဒေအသစ်တွေထုတ်ပြီး ဘယ်လိုပဲလုပ်ပေးသည်ဖြစ်စေ ပိုထိရောက်မလာတဲ့အပြင် စက်မှုဇုန်လုပ်ငန်းတွေပါ သွားထိခိုက်မယ့် အခြေမျိုးကို ဆိုက်ခဲ့ပါပြီ။


ဖွဲ့စည်းပုံဥပဒေအရ အလုပ်သမားဆန္ဒပြခွင့် လုံးဝမရှိတဲ့ တရုတ်ပြည်က ပုလဲမြစ်ဝကျွန်းပေါ်ဒေသ စက်ရုံတွေမှာ အလုပ်သမား ထောင်ကျော်ပါဝင်တဲ့ သပိတ်တွေ နေ့စဉ် ဖြစ်နေခဲ့ကျမို့လည်း အခုလိုမျိုး ဥပဒေတွေသာရှိပြီး အလုပ်သမားအခွင့်အရေးအတွက် အမှန်တကယ် အကာအကွယ်ပေးမယ့် အင်အားစုတွေ မရှိဘူးပါလို့ လုပ်သားထုက ယုံကြည်နေကြပါတယ်။ အစိုးရ လုပ်ပေးနိုင်တာထက်ကို တရုတ်အလုပ်သမား လိုအပ်ချက်တွေ ကြီးမားနေတာမို့လည်း တရုတ်ပြည်က စက်မှုဇုန်အလုပ်သမားအခွင့်အရေးဆိုတာဟာ ဆင့်ပါးစပ် နှမ်းပက်တဲ့ ကိစ္စမျိုးလိုပါပဲ။

လက်ရှိ စီးပွားရေး၊ လူမှုရေး အခြေအနေ တွေနဲ့ ကိုက်ညီအောင် ဖြေရှင်း ပေးနိုင်တဲ့ အလုပ်သမား ဥပဒေ အသစ်တွေနဲ့အတူ ပြဿနာ တွေကို ဖြေရှင်းပေးနိုင်မယ့် အလုပ်သမားတရားရုံးများ ပေါ်ပေါက်ရေး၊ အလုပ်သမားအကျိုးအတွက် တကယ်လိုက်ပါဆောင်ရွက်ပေးမယ့် စစ်မှန်ပြီး အလုပ်သမားတွေကိုယ်တိုင် ရွေးချယ်ခွင့်ရတဲ့ အလုပ်သမားသမဂ္ဂတွေ ထပ်မံဖွဲ့စည်းခွင့်ရရှိရေးအတွက် တရုတ်စက်မှုဇုန် အလုပ်သမားအများစု မျှော်လင့်နေကြဆဲ၊ ဆက်လက်တိုက်ပွဲဝင်နေကြဆဲဖြစ်ကြောင်းပါ။ ။



No comments: