Tuesday, May 18, 2010

ရာဇ၀င်ထဲမှာ တို့ကို မထားခဲ့ကြပါနဲ့

ဝေလင်း

ဆန္ဒပြမှု တသီကြီး ဆက်တိုက်ဖြစ် ပွားပြီးနောက် ခေတ္တငြိမ် သက်နေ ခဲ့ရာကနေ ပြီးခဲ့တဲ့ အပတ်အတွင်း ဧပြီလ (၉) ရက်နေ့က တောင်ဒဂုံမြို့ နယ်အတွင်းရှိ အိုင်အိုဝမ်း အီလက် ထရောနစ် စက်ရုံမှာ (၂) နှစ်ကြာ မရရှိခဲ့တဲ့ ဘောနပ် ဆုကြေး ရရှိရေး ဆန္ဒပြမှု တခု ထပ်မံဖြစ် ပွားခဲ့ကြောင်း သိရပါတယ်။ တခြား အရေး တွေက ထိပ်တန်း တက်နေချိန်၊ အတာကူး သင်္ကြန် ချိန်လည်း နီးပြီမို့ အမှတ်မထင် ဖြစ်ပွားခဲ့တဲ့ ဒီဆန္ဒပြ မှုဟာ မကြာခင် ထပ်ပြီး ပေါ်လာ ဦးမယ့် အလုပ်သမား သပိတ် များစွာအတွက် တပ်လှန့် သံတချက် ဆိုရင်လည်း မမှားပါဘူး။ ၂၀၁၀ ခုနှစ် ဇန်န၀ါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လ တွေအတွင်း လှိုင်သာယာ စက်မှုဇုန်က မပြေ မလည်ဖြစ် မှုများအပေါ် စုံစမ်းရေး အစီရင်ခံစာ၊ ဖြေရှင်းချက် (သို့) နောင်လို အပ်မယ့် ဥပဒေ တစုံတရာ လေးမှ နအဖ တို့ဆီက ထွက်ပေါ်မလာခဲ့ကြပါ။

မေလ (၁) ရက်နေ့က အနှစ် (၁၂၀) မြောက် အလုပ်သမားနေ့မှာ စက်မှုဇုန်လုပ်သားများ အပါအ၀င် အခြားလုပ်သားအများစုအတွက် ထုတ်ပြန်ချက် (သို့) လုပ်သားဥပဒေအသစ် တစုံတရာ ထုတ်သင့်ပါလျက် ထွက်ပေါ်မလာခဲ့ခြင်းဟာ ဘ၀အခက်အခဲတွေ ဖြေရှင်းဖို့ အလုပ်သမားတွေ သပိတ်မှောက်ဆန္ဒပြကြဆိုတဲ့ လမ်ကြောင်းဆီကိုပဲ နအဖက တမင်တွန်းပို့ပေးနေသလိုလိုပါ။

အလုပ်သမားတွေအဖို့ ထိုက်သင့်တဲ့ ဥပဒေရေးဆိုင်ရာ အကာအကွယ်တွေ လုံးဝမရခဲ့ကြတာ န၀တတို့ တက်လာပြီးမှသည် အခု နအဖခေတ်တလျှောက်လုံးလိုလိုပါပဲ။ ဥပဒေစာအုပ်ထဲမှာနဲ့ တရားရုံးတွေပေါ်မှာသာ ဥပဒေ၊ ကျင့်ထုံးနဲ့ ပုဒ်မမျိုးစုံ (ဒါကလည်း အရင်ကိုလိုနီခေတ် အိန္ဒိယဆီက မှီငြမ်းထားတဲ့ ဥပဒေတွေသာ အများစု) ရှိပါလိမ့်မယ်။ လုပ်သားရပိုင်ခွင့်တွေကို အာမခံပြီး အထောက်အကူပြုပေးမယ့် (လုပ်သားအစည်းအရုံး၊ အလုပ်သမားခုံရုံး၊ လုပ်ငန်းစစ်ဆေးရေးအဖွဲ့) စတဲ့ အင်အားစုတွေ မဆလခေတ် ကုန်ကာနီး ကာလကတည်းက မရှိခဲ့တော့ပါဘူး။ လုပ်သားသက်သာချောင်ချိရေး၊ လူမှုဖူလုံရေး၊ အလုပ်သမားဆေးရုံ ဆေးပေးခန်းများအပြင် အလုပ်ရှင် အလုပ်သမား ၀ါဏိစ္စ တရားရုံးစနစ်တွေအားလုံး မဆလခေတ် အထွေထွေလာဘ်စားမှုတွေကြား လုံးဝကွယ်ပျောက်သွားခဲ့ကြပါပြီ။

၁၉၈၈ ခုနှစ်နောက်ပိုင်း တက်လာကြတဲ့ န၀တ၊ နအဖအစိုးရများ ကိုယ်တိုင်ကလည်း ဒီအလုပ်သမားကိစ္စတွေအပေါ်မှာ သိပ်ဂရုမစိုက်၊ အလေးမထားကြတော့ပါဘူး (အလုပ်သမားအရေးထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရာ အလုပ်သမားဝန်ကြီးကို ဆက်ဆံရေးဝန်ကြီးအဖြစ် ၂၀၀၇ ခုနှစ် နိုဝင်ဘာလအတွင်း တာဝန်ပြောင်းပေးခဲ့တာကိုပဲ ကြည့်ကြပါတော့)။

၂၀၀၈ ဖွဲ့စည်းပုံဥပဒေ အတည်မဖြစ်သေးတဲ့ အခုအချိန်မှာ ယခင် ၁၉၄၇/ ၁၉၇၄ ခု ဖွဲ့စည်းပုံဥပဒေထဲက အချက်တွေကို လိုရာဆွဲသုံးနေပေမယ့် ၁၉၇၄ ခုနှစ် ဥပဒေအခန်း (၂)၊ အပိုဒ် (၉) ပါ အလုပ်သမား လယ်သမားထုအပေါ် အခြေခံပြီး သူတို့အကျိုးကို ဦးထိပ်ထားဆောင်ရွက်ပေးမယ့် အစိုးရတရပ်ဖြစ်တယ် ဆိုတဲ့အချက်ကိုလည်း နအဖတို့ မေ့ချင်ယောင်ဆောင်နေခဲ့ကြပါတယ်။ လုပ်သားအခွင့်အရေးဟူသမျှကို သွားလေသူ မဆလစနစ်ကြီးနဲ့အတူ နအဖတို့က သမိုင်းမှာ တမင်ချန်ထားပစ်ခဲ့ကြပါပြီ။

၁၉၈၈ ခုနှစ်ကတည်းက စပြီးဖွင့်ခဲ့ကြတဲ့ ဈေးကွက်စီးပွားရေးတံခါးအပွင့်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို နအဖတို့ တပြိုင်တည်း ကမ်းလှမ်းခဲ့ကြပါတယ်။ ၁၉၈၉ ခုနှစ် မေ (၃၀) အမိန့်ကြေညာစာ အမှတ် ၁/၈၉ အရ မြန်မာပြည်တွင်း စိုက်ပျိုး၊ ငါးဖမ်း၊ သစ်တော၊ သတ္တု၊ ချည်ထည်၊ စက်မှုလုပ်ငန်း၊ တကိုယ်ရေသုံး/အိမ်သုံး ပစ္စည်းထုတ်လုပ်မှု၊ သယ်ပို့၊ ဆောက်လုပ်ရေး၊ ပျော့ဖတ်ထည်၊ သံ၊ စတီး၊ ကုန်သွယ်၊ ၀န်ဆောင် … စတဲ့ ကဏ္ဍစုံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ နိုင်ငံခြားသားများကို ဖိတ်ခေါ်ကမ်းလှမ်းခဲ့သလို နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ငြိမ်ဝပ်ပိပြားရေးကောင်စီ အမိန့်အမှတ် ၂၀/၉၀ အရ ပုဂ္ဂလိက စက်မှုလုပ်ငန်းများဥပဒေကို ၁၉၉၀ ခုနှစ် နိုဝင်ဘာ (၂၆) ရက်နေ့မှာ ထုတ်ပြန်ပေးခဲ့ပါတယ်။

ဥပဒေအရ လုပ်ငန်းရှင်တိုင်း …

၁။ သတ်မှတ်ထားတဲ့ မှတ်ပုံတင်ကြေးနဲ့ အခြားထမ်းဆောင်ရမယ့် အခွန်များ ပေးသွင်းရမည်။
၂။ မှတ်ပုံတင်စာချုပ်ပါ အချက်လက်နဲ့ သဘောထားများကို လက်ခံရမည်။
၃။ လုပ်ငန်းအမည်ဖြင့် ဆိုင်ရာ ဘဏ်မှာ ဘဏ်ငွေစာရင်းဖွင့်ပြီး လုပ်ငန်းကို ဖွဲ့စည်းရမည်။
၎။ လုပ်ငန်းတစုံလုံးနဲ့ အစီအစဉ်တွေကို အထက်ညွှန်ကြားချက်အရ ပြင်ဆင်ရမည်။
၅။ အထက်က စစ်ဆေးမှုကို ခံယူရမည်။
၆။ ညွှန်ကြားချက်အရသာ လုပ်ငန်းနေရာ၊ ပုံစံ ပြောင်းရွှေ့ခြင်း၊ လုပ်ငန်းငယ်များ ခွဲခြင်းတို့ကို လုပ်ရမည်။
၇။ ၀န်ကြီးဌာနနဲ့ ညွှန်ကြားရေးရုံးများက လိုအပ်သလို ထုတ်ပြန်သော အမိန့်ညွှန်ကြားချက်များကို လိုက်နာရမည်။
၈။ တည်ဆဲ တရားဥပဒေများကိုလည်း လေးစားလိုက်နာရမည်။

… စတဲ့ အစိုးရ ခြယ်လှယ်ချုပ်ကိုင်နိုင်ဖို့ အခွင့်အရေးများသာပါရှိပြီး လုပ်သားထုအပေါ် မည်သို့မည်ပုံ လုပ်ဆောင်ပေးရမည် ဆိုတာတွေ မပါလာခဲ့ပါဘူး။

တဘက်ကလည်း ဒီဥပဒေပုဒ်မ (၁၄) ထဲမှာ လုပ်ငန်းရှင်တိုင်း မြေ၊ ရေ၊ လျှပ်စစ်၊ ဆက်သွယ်၊ သယ်ပို့ … စတဲ့ လုပ်ငန်းလိုအပ်ချက်တွေ တင်ပြတောင်းခံနိုင်သည်။ ကင်းလွတ်ခွင့်နဲ့ အခွန်လျော့ပေါ့သက်ညှာမှု၊ လုပ်ငန်းအတွက် လိုအပ်သည့် ကုန်ကြမ်း၊ စက်ကရိယာ၊ အပိုပစ္စည်းများကို ပြည်တွင်းပြည်ပကနေ မှာယူနိုင်ခွင့် ရှိသည် … စတဲ့ မက်လုံးတွေသာ ပေးခဲ့ပေမယ့် လုပ်ငန်းအပေါ်မှာ အစိုးရဘက်က တာဝန်ခံမှုကို ဘာတခုမှ ထည့်ရေးမထားခဲ့ပါဘူး။ ဥပမာပြရရင် ၂၀၁၀ ခုနှစ်အစပိုင်း အစိုးရ၀န်ထမ်းတွေ ရှားပါးစရိတ် တိုးပေးတော့ စက်မှုဇုန်လုပ်သားများကိစ္စကို ထည့်မစဉ်းစားခဲ့ကြသလို စက်မှုဇုန်လုပ်ငန်းရှင်တွေနဲ့လည်း ညှိနှိုင်းခြဲ့ခင်းမရှိတာဟာ လှိုင်သာယာစက်မှုဇုန်သပိတ်တွေ ဖြစ်ပွားရခြင်း နောက်ကွယ်က အကြောင်းရင်းတခုဖြစ်ခဲ့သလို သပိတ်တွေ ဖြစ်လာပြန်တော့လည်း အစိုးရက တာဝန်မယူ ခေါင်းရှောင်တဲ့အပြင် အလုပ်ရှင်များကိုပဲ ဖိအားပေးခဲ့ပြန်ပါတယ်။

မြန်မာပြည် တနံတလျား စက်မှုဇုန်ပေါင်း (၈၂,၀၀၀ ) ဖွင့်လှစ်နိုင်ခဲ့တယ်လို့ နအဖတို့ ပြောနေချိန်မှာ တကယ့်စက်မှုဇုန်အစစ်က (၈,၄၆၃) ခုသာဖြစ်ကြောင်း သိရပါတယ်။ ဒီလိုစက်မှုဇုန်များက တက်လာတဲ့ ပြဿနာတွေ ဖြေရှင်းဖို့ နအဖအစိုးရမှာ လိုအပ်တဲ့ဥပဒေနဲ့ စီစဉ်ဖြေရှင်းမှုတွေ ရှိမရှိဆိုတာကို ဆက်ကြည့်ရအောင်ပါ။

နအဖ ထုတ်ပြန်တဲ့ ၁၉၉၅-၁၉၉၆ ခုနှစ် အစီရင်ခံစာအရ မြန်မာပြည်မှာ လုပ်သားဖူလုံရေးအဖွဲ့ပေါင်း (၂,၂၃၄) ဖွဲ့ရှိပြီး အဖွဲ့ဝင်ဦးရေ (၄၈၃,၂၈၃) ဦး ရှိကြောင်း၊ (၂) နှစ်အတွင်း လုပ်သားအငြင်းပွားမှု (၃၆၂) မှု (တနှစ်အမှု ၁၈၀ မျှ) နဲ့ နစ်နာကြေးအမှုပေါင်း (၃၂၁) မှု ဖြေရှင်းပေးနိုင်ခဲ့ကြောင်း သိရသလို လုပ်သား (၁၇၇) ဦးဟာ ကျပ်ငွေ ၁,၃၀၂,၀၅၀ (အမေရိကန်ဒေါ်လာ ၁,၈၃၃ ဒေါ်လာ ဖိုးလောက်) ပြန်ရခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ (၂) ရက်မှာ အလုပ်သမားအမှုတခုဖြစ်ပြီး ဒီအလုပ်သမားတဦးအတွက် အမေရိကန် တဒေါ်လာခွဲဖိုးလောက် နစ်နာကြေးငွေ ပြန်ရအောင် လုပ်ပေးနိုင်ခဲ့တာကိုများ လူကြားလို့မတော် အလွန်ရယ်စရာကောင်းတဲ့ စာရင်းဇယား အသေးအမွှားများနဲ့ ဖော်ပြခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ် နိုဝင်ဘာ (၃၀) မှာ နိုင်ငံပိုင်လုပ်ငန်းများနဲ့ ကုမ္မဏီလက်စွဲဥပဒေ ကို ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒါဟာ အရင် ကိုလိုနီခေတ် အိန္ဒိယအက်ဥပဒေတွေကနေ ဆင်းသက်လာတဲ့ ကုမ္ပဏီအက် (၁၉၁၄)၊ အထူးကုမ္ပဏီအက် (၁၉၅၀) တွေကို မဆန့်ကျင်ရင် ဆက်ပြီး အတည်ပြုပေးတဲ့ ဥပဒေပွားတခုမျှသာသာဖြစ်သလို လက်ရှိအခြေအနေကို ထင်ဟတ်ပြီး ခေတ်မီပြည့်စုံအောင် ရေးဆွဲလိုက်တဲ့ ဥပဒေသစ်တရပ်လည်း မဟုတ်ပါဘူး။ ဥပဒေသစ်အရ စက်ရုံများနဲ့ အထွေထွေလုပ်သား ဥပဒေစစ်ဆေးရေးဌာနတခု ထပ်ဖွဲ့ခဲ့ပြီး အဲဒီညွှန်ကြားရေးမှူးချုပ် လက်အောက်မှာ စက်ရုံများစစ်ဆေးရေးအတွက် အင်ဂျင်နီယာ/သိပ္ပံဘွဲ့ရ စစ်ဆေးရေးမှူး (၁၁) ဦး အကူ (၇) ဦးပါ ဌာနတခု၊ အထွေထွေလုပ်သား ဥပဒေစစ်ဆေးရေးမှူး (၃၆) ဦးနဲ့ အကူ (၂၃) ဦးပါ ဌာနတခု ဖွင့်လှစ်ခဲ့သလို တပြည်လုံးအတိုင်းအတာအရ ပြည်နယ်နဲ့တိုင်း (၅) ခု၊ ခရိုင် (၃၉) ခု၊ မြို့နယ် (၁၀) ခုမှာသာ ရုံး (၅၄) ရုံးလောက် ဖွင့်လှစ်ပြီး လုပ်ငန်းဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရမှာပါ။

အရင် မဆလခေတ်တုန်းကလည်း ၁၉၇၇ ခုနှစ် ပြည်သူ့ကောင်စီ အက်ဥပဒေ (၁၀၃) အရ ထပ်မံဖွဲ့စည်းလိုက်တဲ့ ၀ါဏိစ္စ ပဋိပက္ခဖြေရှင်းရေး ဖွဲ့စည်းပုံမှာ မြို့နယ်ကောင်စီ (၁) ဦး၊ အလုပ်သမားကောင်စီ (၁) ဦး၊ လယ်သမားကောင်စီ (၁) ဦး၊ သမ၀ါယမ (၁) ဦး၊ ပါတီရေးရာဆင်း (၁) ဦး ဆိုပြီး (၅) ဦးပါအဖွဲ့မှတဆင့် ပြဿနာဖြစ်တဲ့ စက်ရုံများ၊ လုပ်ငန်းများတည်ရှိရာ မြို့နယ်ကောင်စီ ကြီးကြပ်မှုအောက်က အလုပ်ရှင်/လုပ်သား နှစ်ဘက်ကြား ညှိနှိုင်းပေးခြင်း၊ ၀ါဏိစ္စကော်မတီ အယူခံဗဟိုရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာပါက ၁၉၆၄ ခုနှစ် ၀ါဏိစ္စ ပဋိပက္ခဖြေရှင်းရေး ပုဒ်မ (၁၁) အရ ပစ္စည်းသိမ်း၊ ဖမ်းဆီးတရားစွဲဆိုခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ၁၉၇၁ ဇန်န၀ါရီ (၁) ရက်နေ့ တိုးချဲ့ဥပဒေ ပုဒ်မ (၁၁) အရ လုပ်သားလစာငွေကို နောက်ကျပြီး တလကျော်မှ ပေးခဲ့ရင် (၅၀) ရာခိုင်နှုန်း အပိုဆောင်း တိုးပေးဖို့၊ နောက်ထပ် တလထပ်ကျော်တိုင်း (၁၀) ရာခိုင်နှုန်း တိုးနဲ့ (၂) လ ဆက်တိုက်ဖြစ်ခဲ့ရင် အလုပ်ရှင်တွေ တရားစွဲဆိုခြင်း ခံရမယ်လို့ ပြဋ္ဌာန်းခဲ့ကြဖူးပါတယ်။ မဆလတို့လိုမျိုး နအဖအစိုးရတို့ ကိုယ်တိုင်ဖြေရှင်းမပေးနိုင်လို့သာ ၂၀၀၇ -၂၀၀၈-၂၀၁၀ ခုနှစ်များအတွင်း စက်မှုဇုန်တွေမှာ လုပ်ခ၊ အချိန်ပို၊ နောက်ကျ လစာငွေနဲ့ ပတ်သက်ပြီး ပြဿနာတွေ ဆက်တိုက် ဖြစ်လာခဲ့ကြတာပဲမဟုတ်ပါလား။

နအဖတို့ခေတ်မှာ နောက်ထပ် ရှာမတွေ့နိုင်တဲ့ ကိစ္စတွေကတော့ အလုပ်သမားအခွင့်အရေးများပါ။ ၁၉၅၁ ခုနှစ် အလုပ်သမားအက်ဥပဒေ မူရင်းသဘောများကို မဆန့်ကျင်ဘဲ ၁၉၆၄ အလုပ်သမားဥပဒေပါ လူကြီးအလုပ်ချိန် (၈) နာရီနဲ့ ကလေးကို (၄) နာရီသာ ခိုင်းစေဖို့၊ (၅) နာရီကြာ တဆက်တည်း မခိုင်းစေဖို့ဆိုတဲ့ အချက်တွေအပြင်
ပုဒ်မ (၇၃) အချိန်ပိုလုပ်ခငွေ၊ ပုဒ်မ (၁၃) လုပ်ငန်းခွင်သန့််ရှင်းရေး၊ ပုဒ်မ (၂၁) သောက်ရေ၊ အိမ်သာ၊ ပုဒ်မ (၅၀) အမျိုးသမီးအလုပ်သမ (၅၀) ကျော်ခဲ့ရင် သူတို့ရဲ့ကလေးများအတွက် သီးသန့်နားနေခန်း … စတဲ့ အချက်တွေကိုကော ဒီကနေ့ လှိုင်သာယာစက်မှုဇုန်တွေမှာ ရနိုင်ကြပါတော့ရဲ့လား။

တဆက်တည်းမှာ ၁၉၅၄ ခုကို ဆက်ခံတဲ့ ၁၉၆၄ အက်ဥပဒေပုဒ်မ (၁) ပုဒ်မ (၅)၊ ပုဒ်မ (၈) တို့ပါ လုပ်သားတိုင်း အကျုံးဝင် ခံစားခွင့်ရှိတဲ့ လူမှုဖူလုံရေး အကျိုးခံစားခွင့်များအတွက် လစာရဲ့ (၃.၀၁) ရာခိုင်နှုန်းသော အာမခံငွေ (၅၈ ကျပ်စား အလုပ်သမားတဦးအနေနဲ့ တလလျှင် ၁ ကျပ် ၇၅ ပြားနှုန်း) ကို ထည့်ဝင်သွားဖို့လိုသလို ဒီလိုထည့်ဝင်ထားသူတိုင်းအတွက် ပုဒ်မ (၇) ပါ အခမဲ့ ဆေးကုသခွင့်၊ အလုပ်လက်မဲ့ ခံစားခွင့်၊ မီးဖွားစဉ် ခံစားခွင့်၊ အသုဘစရိတ် … စတာတွေအပြင် ယာယီ/အမြဲတမ်း မသန်မစွမ်း ခံစားခွင့် (လစာငွေရဲ့ ထက်ဝက်နှုန်း) နဲ့ ကျန်ရစ်သူ မိန်းမ/ကလေး ခံစားခွင့် မူရင်းလစာရဲ့ (၅/၃၀) နဲ့ (၈/၄၅) ကျပ် အချိုးနှုန်းဖြင့် … စတဲ့ အကျိုးခံစားခွင့်၊ အခွင့်အရေးများကို စက်မှုဇုန်တွေမှာ ရကြတာ မတွေ့ရတော့ပါဘူး။ ဒီလိုမျိုး အခြားအလုပ်သမားလျော်ကြေးဥပဒေ၊ လုပ်ငန်းဖျက်သိမ်းခြင်း ဒေ၀ါလီ အက်ဥပဒေများအရ သေဆုံးနစ်နာကြေးအဖြစ် လုပ်သားမူရင်းလစာရဲ့ (၃၆) ဆ ရတာ၊ ထိခိုက်မှုအဆင့်အလိုက် လျော်ကြေးရတာတွေအပြင် ၁၉၆၄ ခုနှစ်က ပေါ်တာလိုက်ရင်း သေဆုံးခဲ့ရသူအတွက်ပါ အလုပ်သမားလျော်ကြေးပေးခဲ့ရတဲ့ ထူးခြားဖွယ်အဖြစ်တွေကိုများ ပြောရရင် ဒီကနေ့ စက်မှုဇုန်လုပ်သားတွေအဖို့ သိပ်ပုံပြင်ဆန်နေလွန်းမယ်လို့ ထင်မိပါရဲ့။

၁၉၇၄ ဖွဲ့စည်းပုံထဲမှာ တကြောင်းလောက်သာ ရေးထားတဲ့ ဥပဒေ (အခန်း ၂ အပိုဒ် ၉ ပါ) စာသားနဲ့အတူ ဖွဲ့စည်းခွင့်ရလိုက်တဲ့ အလုပ်သမားအစည်းအရုံးများရဲ့ အာဏာစက်တချို့ကြောင့်သာ ဒီလိုခံစားခွင့်ရခဲ့ကြတာပါ။
အလုပ်သမားအစည်းအရုံးများ ဖွဲ့စည်းခြင်းကို မဆလခေတ်တလျှောက်လုံးလုပ်ခဲ့ရာမှာ ၁၉၆၃ ခုနှစ် လုပ်သားထု တွေ့ဆုံဆွေးနွေးပွဲကနေ ၁၉၆၈ ခုနှစ် ဗဟိုအလုပ်သမားကောင်စီ အဖွဲ့ဝင် (၃၅,၁၁၁) ဦးပါ အဖွဲ့၊ ၁၉၇၅ ခုနှစ်မှာ အလုပ်သမားကောင်စီ ဖွဲ့စည်းပုံ၊ ၁၉၇၆ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်း … စတာတွေ အသီးသီးလုပ်ဆောင်ခဲ့သလို တပြည်လုံး လုပ်သားဦးရေဟာ ၁၉၇၆ ခုနှစ် စာရင်းအရ (၁,၅၆၉,၇၇၅ ဦး) ၁၉၇၈ ခုနှစ် စာရင်းအရ လူပေါင်း (၁,၃၅၆,၄၅၆) ဦး ရှိခဲ့ပြီး ထူးခြားချက်တခုအနေနဲ့ မဆလခေတ်ပျက်ကာနီးမှာ အလုပ်သမားအစည်းအရုံးဝင်ဦးရေ (၂ သိန်းခန့်) လျော့နည်းခဲ့ခြင်းပါ။

အရင် မဆလခေတ်လက်ကျန် အလုပ်သမားဦးစီးဌာန၊ အလုပ်သမားရေးရာ … စတဲ့ အုပ်ချုပ်မှုပိုင်း ဖွဲ့စည်းပုံလောက်ကိုသာ နအဖတို့ ဆက်ခံကျင့်သုံးခဲ့ပြီး ကျန်တဲ့အပိုင်းတွေကို လျစ်လျူရှုခဲ့ကြလို့ လုပ်သားအစည်းအရုံးများ အားနည်းလာပြီး အစိုးရစက်ရုံနဲ့ စက်မှုဇုန်အတွင်း အလုပ်သမားတွေ တက်ကြွစွာ လှုပ်ရှားနိုင်ခြင်းမရှိတော့သလို စက်မှုဇုန်တွင်း ပြဿနာများကို လုပ်သားထုကိုယ်စားပြု တင်ပြတောင်းဆိုပေးနိုင်မယ့် ကိုယ်စားလှယ်တွေလည်း တဦးတယောက်မှ မရှိတော့ကြောင်း တွေ့ရပါတယ်။ မကြာသေးခင် ဇန်န၀ါရီနဲ့ ဧပြီလအတွင်း ရန်ကုန်-ပဲခူးလမ်းဘေးရှိ ချင်စုမေဖလားဝါး အထပ်သားစက်ရုံက လုပ်သား (၂) ဦး စက်ထဲလက်ပါပြီး ညာလက်တွေ ပြတ်ခဲ့ကြတာကို ကိုယ်စားပြုတင်ပြပေးမယ်သူ မရှိလို့ ဆေးဖိုးကလွဲပြီး တပြားတချပ်မှ နစ်နာကြေးမရသေးကြောင်း သိခဲ့ရတာ အလွန်ရင်နင့်စရာအဖြစ်ပါ။

အတိတ်က ရွှေထီးဆောင်းနိုင်ခဲ့တဲ့ ဘ၀မျိုး ပြန်မျှော်လင့်ဖို့ဆိုတာထက်ကို လက်ရှိလိုအပ်နေတဲ့ လုပ်ခ၊ အချိန်ပိုကြေး … စတဲ့ အခွင့်အရေးနဲ့ စားဝတ်နေရေး ပြေလည်ဖို့သာ စက်မှုဇုန်လုပ်သားတွေ အဓိကထား တွေးလေ့ရှိတတ်ကြပါတယ်။

အမှန်တကယ် ခံစားရရှိသင့်တဲ့အချက်တွေ လေ့လာစူးစမ်း ဆင့်ပွားပြီးနောက် ဆိုင်ရာကို တင်ပြတောင်းဆို တိုက်ပွဲဝင်ကြတဲ့ အခွင့်အရေးအခြေပြု တိုက်ပွဲမျိုး (right base)၊ တည်ဆဲဥပဒေအရ ဖွဲ့စည်းပေးထားတဲ့ အလုပ်သမား ဦးစီး၊ ရေးရာ၊ ၀န်ကြီးဌာန လုပ်ထုံးလုပ်နည်းများအရ အဆင့်အလိုက် စနစ်တကျ ဘောင်ဝင်အောင် ဖြတ်သန်းတင်ပြ တောင်းဆိုမှု လုပ်ထုံးလုပ်နည်း အခြေပြုတိုက်ပွဲများ (officially procedure base)၊ လုပ်သားဆိုင်ရာ ဥပဒေများပါ လုပ်သားထုအကျိုးပြု အချက်အလက်များအား စိစစ်ခြင်း လိုအပ်သည့်အချက်များ ထပ်မံဖြည့်စွက်စေခြင်း၊ ရရှိပြီးသား လုပ်သားဥပဒေပါ အချက်များကို အာမခံစေခြင်းတွေ ဖြစ်စေဖို့အတွက် တရားရေးဘောင်တွင်း ဥပဒေပြုတိုက်ပွဲ (legal base)၊ မိမိတို့ ခံစားနစ်နာချက်များကို ကိုယ်စားပြုထင်ဟပ်ပေးနိုင်မယ့် အဖွဲ့အစည်းများ လွတ်လပ်စွာ (စက်ရုံ တခုချင်းမှသည် အစည်းအရုံးကြီး အဆင့်သို့) ဖွဲ့စည်းခွင့်ရရှိရေး (association base) တိုက်ပွဲများကို တဆင့်ချင်းသော်လည်းကောင်း အခြေအနေပေးလာတဲ့အပေါ် သက်ဆိုင်ရာ အဆင့်လိုက်သော်လည်းကောင်း အကျိုးမြတ်ရှိရှိ တိုက်ပွဲဝင်ခြင်းဖြင့် နောင်လာမယ့် ဆန္ဒပြသပိတ် (strike base) တိုက်ပွဲများကို ၀ိုင်းရံပေးနိုင်ဖို့ လိုပါလိမ့်မယ်။

ထစ်ကနဲဖြစ်တာနဲ့ ထ ဆန္ဒပြကြတာမျိုးက နအဖတို့အကြိုက်ပါ။ ခေါင်းဆောင်လုပ်သူတချို့ကို ဖမ်းဆီး အလုပ်ထုတ်ပစ်လိုက်ရုံနဲ့ နောက်လူတွေကြောက်ပြီး ကာလတခု၊ အတိုင်းတာတရပ်အထိ ပြဿနာငြိမ်းအေးသွားစေ ကုန်တတ်တာမို့ ဒီလမ်းကြောင်းပေါ် ထပ်တလဲလဲ လျှောက်အောင်လည်း တမင်လမ်းဖွင့် ဟပေးထားတာပါ။ လုပ်သားတွေ တခြားလမ်း ရွေးသွားမှာကိုသာ နအဖတို့ စိုးရိမ်နေကြပါတယ်။

စက်မှုဇုန်သပိတ်ရဲ့ သင်ခန်းစာများစွာထဲမှာ အလုပ်သမားတို့ ဦးတည်ပစ်မှတ် မရွေးချယ်တတ်ခြင်းကလည်း အခရာကျတဲ့ အချက်တခု ဖြစ်နေခဲ့ပါတယ်။ နစ်နာမှုတွေကို အလုပ်ရှင် (အရင်းရှင်) တွေဆီ တင်ပြဆန္ဒတောင်းခံရုံနဲ့ ပြီးသွားလိမ့်မယ်လို့ သူတို့ထင်မှတ်မှားခဲ့ကြခြင်းပါ။ စက်မှုဇုန်တွေအတွင်း နအဖဗိုလ်ချုပ်နဲ့ ဆွေမျိုးမိသားစု အရင်းအနှီးများစွာ စီးဝင်နေရုံမက စက်ရုံဆုံးဖြတ်မှု အာဏာအရပ်ရပ်ကိုလည်း သူတို့က ကိုင်ထားကြပါတယ်။ ဒါကြောင့် စက်မှုဇုန်တွေကို လက်ရှိ ကြီးစိုးခြယ်လှယ်နေတာဟာ စက်ရုံပိုင်ရှင်၊ အရင်းရှင်တွေချည်းသက်သက်ပဲ မဟုတ်ကြောင်း၊ သူတို့နောက်ကွယ်မှာရှိနေတဲ့ စစ်ဗိုလ်ချုပ်များရဲ့ အကျိုးစီးပွားများနဲ့ ထပ်တူ မြင်နိုင်ဖွယ်မရှိသော ကိုယ်ပျောက်အာဏာများကိုလည်း အလုပ်သမားတို့ သိထားကြဖို့ လိုပါလိမ့်မယ်။

လုပ်သားအရေးသက်သက် တောင်းဆိုလာခဲ့ရင် လစာတိုးပေးမယ်ဆိုတဲ့ ကောလာဟလနဲ့ နအဖက အသာကလေး (၆) လကနေ တနှစ်လောက် အချိန်ဆွဲ ထိန်းထားတာမျိုး လုပ်တတ်ကြပါတယ်။ အခုလည်း ဧပြီလအကုန်မှာ လစာတွေ ထပ်တိုးမယ်လို့ နအဖတို့ သတင်းလွှင်ခဲ့ကြပြန်ပါပြီ။ ဒါ သူတို့သုံးနေကျ ဆေးမြီးတိုတခုမို့ အလုပ်သမားတွေ နားမယောင်သွားဖို့သာ အရေးကြီးပါတယ်။ တောင်းလိုက် တိုးလိုက် သံသရာကြီး ဆက်လည်နေရင် ရှေ့ရေးအတွက် တိကျတဲ့ အလုပ်သမားဘ၀ အာမခံချက်တွေ ဘာတစ်ခုမှ ဖြစ်မလာနိုင်ပါဘူး။ အဓိက ပစ်မှတ်ကို ရွေးချယ်တတ်ပါမှလည်း အောင်ပွဲကြုံတတ်ကြပါတယ်။

လုပ်သားထုအရေးနဲ့ နိုင်ငံရေးဆိုတာ ခေါင်းနဲ့ပန်း ပမာသာလျှင်ဖြစ်တယ် ဆိုတဲ့အချက်ကို အလုပ်သမားထုတရပ်လုံး အမြဲသတိချပ်ထားသင့်ကြကြောင်းပါ။ ။


No comments: