နေ၀င်းအောင်
ကျနော့်နာမည် နေ၀င်းအောင်ပါ။ အခု ကျနော် ထိုင်းနိုင်ငံ စူရပ်ဌာနေရှိ KOH TAO ISLAND မှာ အလုပ်လုပ်ပါတယ်။ ကျနော်ပြောချင်တာက မြန်မာအလုပ်သမားတွေကို ရဲတွေက ခဏခဏဖမ်းပြီး ပိုက်ဆံတောင်းနေတဲ့အကြောင်းပါ။ ပိုက်ဆံမပေးနိုင်သူတွေကိုတော့ ဖမ်းပြီး မြန်မာပြည်ပြန်ပို့ပါတယ်။
ကျနော်တို့ကျွန်းမှာ အလုပ်သမားတ၀က်လောက်က အလုပ်လုပ်ခွင့် ယာယီမှတ်ပုံတင် (ဘတ်) လုပ်ထားကြပြီး ကျန်တ၀က်လောက်က မလုပ်ကျပါဘူး။ အဲဒါကိုသိတဲ့ ရဲတွေက မြန်မာအလုပ်သမားတွေကို ကားနဲ့ လိုက်ဖမ်းလေ့ရှိပါတယ်။ ဘတ်လုပ်ထားပြန်တော့လည်း အလုပ်သမားတွေကို ဘတ် ပေးမထားဘဲ သူဌေးတွေက သိမ်းထားပါတယ်။ ရဲတွေ ပွဲစားနဲ့ တချို့သူဌေးတွေ ပေါင်းပြီး လုပ်ကြတာလည်း ရှိပါတယ်။
လွန်ခဲ့တဲ့ တပတ်လောက်ကဆို မြန်မာအလုပ်သမား မင်္ဂလာဆောင်တခုမှာ ထိုင်းရဲတွေက အခွင့်ကောင်းယူပြီး ဘတ်မလုပ်တဲ့ မြန်မာတွေကို လာဖမ်းသွားပါတယ်။ မင်္ဂလာဆောင်တဲ့သူနှစ်ဦးက အသိရဲတယောက်ကို ဘတ် (၁) သောင်းပေးထားပြီး ဆောင်တာပါ။ အဲဒီရဲက ဘတ် (၁) သောင်းကို တယောက်တည်းယူပြီး ကျန်ရဲတွေကို ခွဲမပေးတော့ ကျန်ရဲတွေက ကားနဲ့လာပြီး ဘတ် (၃) သောင်း တောင်းပါတယ်။ မပေးနိုင်တော့ မင်္ဂလာဆောင်လာကြတဲ့ ဘတ်မရှိတဲ့ မြန်မာတွေကို ဖမ်းသွားတာ တော်တော်များများ ပါသွားပါတယ်။ မြန်အလုပ်သမားတွေကို ထိုင်းရဲတွေက နည်းမျိုးစုံနဲ့ဖမ်းတယ်၊ ငွေတောင်းတယ်ဆိုတာကို သိစေချင်လို့ ဒီစာကို ရေးလိုက်တာပါ။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကျနော်တို့ မြန်မာအလုပ်သမားတွေကို ကူညီတဲ့အသင်းအဖွဲ့တွေ သိအောင် ဖော်ပြပေးစေချင်ပါတယ် ခင်ဗျ။
No comments:
Post a Comment