Saturday, May 15, 2010

ပြည်ခိုင်ဖြိုး ခေါင်းဆောင် ၀န်ကြီးချုပ် ဦးသိန်းစိန် စစ်တွေသို့ ရောက်ရှိ

Narinjara News

ပြည်ခိုင်ဖြိုး ခေါင်းဆောင် ၀န်ကြီးချုပ် ဦးသိန်းစိန်သည် ရထားလမ်းပိုင်း တခုကို ဖွင့်လှစ်ရန်အတွက် ယနေ့တွင် စစ်တွေမြို့သို့ ရောက်ရှိလာကြောင်း သတင်း ရရှိသည်။

အစိုးရ၀န်ထမ်း တဦးက “ သူနဲ့ အတူ ၀န်ကြီး လေးငါး ယောက်လောက် ပါလာပါတယ်။ ပို့ဆောင် ဆက်သွယ်ရေး ၀န်ကြီး သိန်းဆွေလည်း ပါလာတယ်လို့ ကြားရပါတယ်။ သူတို့က ပုဏ္ဍားကျွန်း- စစ်တွေ - ယိုးတရုတ် ရထားလမ်းပိုင်းကို မနက်ဖြန်မှာ ဖွင့်လှစ်မယ်လို့ ကြားရပါတယ်” ဟု ပြောသည်။

ဝန်ကြီးချုပ်သိန်းစိန်သည် ဗိုလ်ချုပ်ကြီးဘ၀မှ အနားယူပြီး ယခုနှစ် ပြုလုပ်မည့် ရွှေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး ပါတီအား ဦးဆောင်ပြီး ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

“နောက်ထပ် အစီအစဉ်တွေလည်း ပါလာမှာပေါ့။ လောလောဆယ်တော့ သူတို့ ဘာလုပ်မယ် ဆိုတာ မသိရသေးဘူး။ ဒါပေမယ့် ရထားလမ်းဖွင့်ပွဲမှာ ဦးသိန်းစိန် မိန်းခွန်းပြောမယ်လို့ သိရပါတယ်။ မိန်းခွန်းပြောရင်တော့ ပြည်ခိုင်ဖြိုးကို မဲပေးဖို့ ရခိုင်ပြည်သူတွေကို စည်းရုံးရေး စကား ပြောနိုင်ပါတယ်” ဟု သူက ဆက်ပြောသည်။

သို့သော်လည်း ရွှေးကောက်ပွဲတွင် အင်အားသုံး ခြိမ်းခြောက်ခြင်း မရှိဘဲ တရားသဖြင့် လွတ်လပ်စွာ ကျင်းပမည် ဆိုပါက ကြံ့ဖွံ့ ပါတီ ရခိုင်ပြည်နယ်တွင် လုံးဝ အနိုင်မရရှိနိုင်ကြောင်း ရခိုင်နိုင်ငံရေး သမားများက ပြောသည်။

စစ်တွေ အပါအ၀င် ရခိုင်ပြည်နယ် အ၀ှန်းတွင် သောက်သုံးရေရှားပါးပြီး လူများ အတိဒုက္ခရောက်နေချိန်တွင် ရထားလမ်းကို အဖွင့်ပြပြီး ကြံ့ဖွံ့ အတွက် စည်းရုံးရေး လာလုပ်သော ၀န်ကြီးချုပ် သိန်းစိန် ခရီးစဉ် အပေါ် ရခိုင်လူထုက စိတ်ဝင်စားမူ နည်းပါးနေသည်ဟု သိရသည်။



No comments: