မိညို (နိရဉ္စရာ)
ရန်ကုန်တိုင်း သုံးခွမြို့နယ် အတွင်းရှိ ကျေးရွာ အုပ်စုများတွင် သောက်သုံးရေ အခက်အခဲ ကျရောက် နေကြသဖြင့် သံလျင် အခြေစိုက် “ ဂရုဏာလက်” လူမူ အကျိုးပြု အဖွဲ့မှ ရေသန့်ဘူးများ သွားရောက် ပေးဝေ လှူဒါန်း ခဲ့ကြသည်ဟု အကျိုးပြု လူငယ် တဦးက ပြောသည်။
“ကျွန်တော်တို့ မနေ့က သောက်ရေ သန့်ဘူးကြီး ၈၀၀ ကို သုံးခွမြို့နယ်ရှိ ကျေးရွာ ၅ ရွာသို့ သွားရောက်ပီး တအိမ်ကို (၂) လီတာဘူး တစ်ဘူးကျစီ လှူဒါန်းခဲ့ပါတယ်။”
ဂရုဏာလက်မှ သွားရောက် ရေလှူဒါန်းခဲ့သော ကျေးရွာ ၅ ရွာမှာ ရွှေမကျီးတော (အိမ်ခြေ ၇၀)၊ တောစွန်းကန် (အိမ်ခြေ ၉၀)၊ ကျွဲ ခိုးကန် (အိမ်ခြေ ၁၀၀)၊ သဲကွဲကျေးရွာ (အိမ်ခြေ ၈၀) နှင့် သဲကုန်း(အိမ်ခြေ ၆၅) တို့ ဖြစ်ကြသည်။
“ရွာသားတွေက ခုလို ရေအခက်အခဲ ကြုံနေရတဲ့ အချိန်မှာ ရေလာလှူတော့ သူတို့ အရမ်း ၀မ်းသာပီး ကျေးဇူးတင်လို့ မဆုံးကြပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင် သွားဝေပေးပါတယ်။ ခက်တာက ကျေးရွာအုပ်စု အေးချမ်းသာယာရေးနဲ့ ဖွံဖြိုးရေး ကောင်စီက ခွင့်ပြုမိန့် မပါရင် ရေလှူလို့ မရဘူး။ သူတို့ဆီက အမိန့်ယူပြီး ရေလှူ ခဲ့ကြရတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။
သုံးခွမြို့နယ်တွင် ကျေးရွာပေါင်း ၆၄ ရွာ ရှိသည့်အနက် သုံတပုံခန့်သာ စက်ရေတွင်းများ ရှိကြပြီး ကျန်ကျေးရွာများတွင် ရေငံထွက်ရှိသောကြောင့် စက်ရေတွင်း တူးဖေါ်မရပဲ ရေကန်ကိုသာ အဓိက အားထားမှီခို နေကြရသည်ဟု သိရသည်။
ယခုအခါ ရေကန်များတွင် ရေများ ခမ်းခြောက်သွားသဖြင့် ကျေးရွာသားများ အနေဖြင့် အထူး ဒုက္ခ ရောက်နေကြရကြောင်းကို ရွာသား တဦးက ယခုကဲ့သို့ နိရဉ္စရာကို ပြောသည်။
“ရွှေရှိ ငွေရှိလို့လည်း ရေရှာ မရ ၀ယ်မရ ဘ၀ကို ရောက်နေပါပြီ။ ရေတစ်ဘူး ကို သုံးထောင် ပေးပြီး သောက်နေရတော့ ချိုးမယ့် သုံးမယ့် ရေကို စဉ်းစားလို့တောင် မရပါဘူး။ ဆန်ရှားတာတမျိုး ရေရှားတာက တမျိုးနဲ့ လူတွေက အကုန်လုံး ဒုက္ခပါဘဲ။ ရှားတာချင်းက တမျိုးနဲ့ တမျိုး မတူကြပေမယ့် ရေရှားတော့ လူတွေက ချက်ချင်း လက်ငင်း ပိုဒုက္ခရောက်ကြတာပေါ့။”
ရေအလှူရှင် လူငယ် တဦးကလည်း “ ရေဒုက္ခ ရောက်နေတဲ့ လူတွေကို အရမ်း လှူချင်တဲ့ဆန္ဒနဲ့ ဒီလောက် ပူတဲ့ ရာသီ ကြားထဲမှာ ကြိုးစားပြီး လာရောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ရေဈေးထက် ကားအတွက် ဆီဈေးက ပိုကြီးနေတော့ ကျွန်တော်တို့ မှန်ထား သလောက် ခရီးမပေါက်ဘူး။ မလှူ ဖြစ်ပါဘူး။ ရွာတိုင်းကို လည်း ခရီးမပေါက် ဖြစ်နေတာပေါ့နော်” ဟုပြောသည်။
သုံးခွ မြို့နယ်တွင် တခြား ရေရှားသော ကျေးရွာများမှာ ကားလမ်းနှင့် အလှမ်းဝေး သောနေရာများတွင် တည်ရှိသောကြောင့် ရေအလှူရှင်များ အနေဖြင့် လမ်းဘေး တလျှောက် တည်ရှိသော ကျေးရွာများကို လှူဒါန်းနိုင်သဖြင့် အမှန်တကယ် ရေလိုအပ် နေသော နေရာများသို့ ရေမရောက်ဘဲ ဖြစ်နေရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်နေရာအနှံ့ ရေရှားပါးမူနှင့် အပူလွန်ကဲသောကြာင့် လူများ သေဆုံးမူများလည်း ရှိနေကြောင်းသတင်းများ ထွက်ပေါ်နေသည်။
မေလ ၁၃ ရက်နေ့ကလည်း သုံးခွမြို့နယ် အတွင်း ရေဒုက္ခ ကြုံတွေ့နေရသော ကျေးရွာများကို မီယာမီ ရေသန့် စက်ရုံမှ ရေသန့်ဘူး တစ်ထောင် လှူဒါန်း သွာကြောင်း သိရသည်။
နောက်ထပ်ဆယ်ရက်ခန့် အတွင်း မိုးရွာသွန်းခြင်း မရှိလျှင် ယခုထက် ပိုပြီး ကြီးကျယ်သော ရေဒုက္ခကို ပြည်သူများ ခံစားကြရ မည်ဖြစ်သည်ဟု ကျေးရွာသား တစ်ဦးက နိရဉ္စရာသို့ ပြောဆို သွားသည်။
No comments:
Post a Comment