Thursday, July 22, 2010

ကြံ့ဖွံ့ကို ထောက်ခံရန် မှတ်ပုံတင် အခမဲ့လုပ်ပေး

ရိုးမ ၃

၂၀၁၀ ရွေးကောက်ပွဲတွင် ထောက်ခံမဲပေးရေးနှင့် ပါတီအင်အား တိုးချဲ့ရန်အတွက် ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ်တွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ဦးဆောင်၍ မှတ်ပုံတင်အခမဲ့ လုပ်ပေးနေလျှက်ရှိကြောင်း ဒေသခံတဦးက ပြောသည်။

ပြီးခဲ့သည့် သုံးရက်ခန့်မှ စတင်ကာ ဘိုကလေးမြို့ပေါ်တွင် မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန (လဝက) တို့ ပူးပေါင်းကာ လုပ်ဆောင်နေခြင်းဖြစ်သည်။

“လုပ်နေတာက ရပ်ကွက်ထဲမှာ မှတ်ပုံတင်မရှိတဲ့သူတွေကို ငွေကြေးမပေးရဘဲ လုပ်ပေးနေတာ၊ ပြည်သူတွေကလည်း အစကတော့ မသိတော့လုပ်နေတယ်၊ သူတို့အာဘော်က အဓိက က ကြံ့ဖွံ့ပါတီကို မဲပေးကြဖို့ဘဲ ပြောဆိုတယ်” ဟု ဒေသခံက ပြောသည်။

ယင်းကဲ့သို့ မှတ်ပုံတင်ကဒ်များ လုပ်ဆောင်ပေးနေရာတွင် ကြံ့ဖွံ့ပါတီဝင်ဖြစ်ကြောင်း လက်မှတ်ထိုးခိုင်းခြင်းများကိုလည်း တပြိုင်နက်တည်း လုပ်ဆောင်နေကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့က အဲဒီ မှတ်ပုံတင်လုပ်ပေးနေရင်းဘဲ တခါတည်း ကြံ့ခိုင်ရေးအသင်းထဲဝင်ကြောင်း လက်မှတ်တွေ ထိုးခိုင်းတယ်၊ လူတွေက မသိတော့ ပထမတုန်းက လုပ်ကြတယ်၊ ပိုက်ဆံလည်း မပေးရဘူးဆိုတော့လေ” ဟု ဆက်လက်ပြောသည်။

ထို့အတူ ၂၀၁၀ ရွေးကောက်ပွဲနည်းလာသည်နှင့်အမျှ စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်များအနေဖြင့်လည်း အရပ်ဖက်သို့ ပြောင်းလဲကာ နည်းမျိုးစုံဖြင့် ကြံ့ခိုင်ရေးပါတီကို ထောက်ခံမဲပေးရန်အတွက် လုပ်ဆောင်နေလျှက်ရှိသည်။

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်း နယ်စပ်ဒေသနှင့် စည်ပင်သာရေးဝန်ကြီး ဖြစ်သူ ဗိုလ်မှူးချုပ်သိန်းအောင်က ယင်းနယ်မြေအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြောဆိုကာ ငွေကြေးမြောက်များစွာ လှူဒါန်းမှုများ ပြုလုပ်နေလျှက်ရှိသည့်အပြင် သက်ဆိုင်ရာ ဝန်ကြီးများကလည်း ၎င်းတို့ သတ်မှတ်ထားသည့် မြို့နယ်၊ တိုင်းဒေသကြီးများအလိုက် စည်းရုံးလှုံဆော်မှုများ ပြုလုပ်နေလျှက်ရှိသည်။

No comments: