Thursday, July 22, 2010

ရယက ဥက္ကဋ္ဌများ တရားစွဲခံရ

စိုးမိုး / ၂၂ ဇူလိုင် ၂၀၁၀

အကြွေး ၀ယ်ထား သော ဓာတ်မြေသြဇာဖိုး မဆပ်နိုင် သဖြင့် မကွေးတိုင်း မြို့သစ်မြို့ နယ်မှ ရပ်ရွာ အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (ရယက) ဥက္ကဋ္ဌ (၆) ဦးအား ယုံကြည် အပ်နှံမှုကို အလွဲ သုံးစား လုပ်မှုဖြင့် မြို့သစ် မယကမှ တရားစွဲ ဆိုလိုက်သည်။

အဆိုပါ ရယက ဥက္ကဋ္ဌများက မကွေးတိုင်း တိုင်းမှူးပိုင် ဓာတ်မြေသြဇာအိတ်များကို တာဝန်ခံ ရောင်းချပေးကြရပြီး တနှစ်အကြာ ငွေအပ်ရမည့်အချိန်တွင် ဓာတ်မြေသြဇာဖိုးငွေများ ပြန်လည်မပေးနိုင်ခြင်းကြောင့် အလွဲသုံးစားမှုဖြင့် ဖမ်းဆီး တရားစွဲဆို ခံရခြင်းဖြစ်သည်။

“မယူမနေရ ဆိုပြီး မြို့သစ် မယက ဥက္ကဋ္ဌကနေပြီးတော့ ရယက ဥက္ကဋ္ဌတွေကို တာဝန်ပေးတယ်။ ရယက ဥက္ကဋ္ဌတွေက ကိုယ့်ရွာက တောင်သူတွေကို ပြန်ရောင်းတယ်။ အခု တောင်သူတွေက မြေဆီ (ဓာတ်မြေသြဇာ) ဖိုး မပေးနိုင်ကြဘူး။ အဲဒါ တာဝန်ခံ ရယကတွေကို ဖမ်းပြီး တရားစွဲထားတယ်” ဟု မြို့သစ်ဒေသခံတဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် ဓာတ်မြေသြဇာ တအိတ် ကာလပေါက်ဈေး (၁၂,၀၀၀) ကျပ်ကို ကာလပေါက်ဈေးထက် ကျပ် (၈,၀၀၀) ပိုကာ မကွေးတိုင်း မြို့သစ်မြို့နယ် တောင်သူများကို (၂၀,၀၀၀) ကျပ်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

“ဆောင်းသီးနှံက မြေဆီ (ဓာတ်မြေသြဇာ) လိုတယ်။ ဒါပေမယ့် တောင်သူတွေက ၀ယ်ပြီး မသုံးနိုင်ကြဘူး။ မိုးစပါးလည်း မရထားဆိုတော့ ရောင်းသုံးလိုက်ကြတာ။ မနှစ်က ဆောင်းသီးနှံလည်း အဆင်မပြေဘူး။ အဲဒါကြောင့် မဆပ်နိုင်တော့ဘဲ ဖြစ်ကုန်တာ” ဟု ယင်းမြို့ခံက ဆိုသည်။

ငွေမဆပ်နိုင်သဖြင့် ယခုလ (၂၀) ရက်နေ့တွင် ရယက ဥက္ကဋ္ဌများအား စတင်ဖမ်းဆီးနေခြင်းဖြစ်ပြီး မြေသြဇာဖိုး မပေးချေနိုင်သည့် တောင်သူများလည်း ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့နေကြကြောင်း သိရသည်။

တောင်သူများမှ ကာလပေါက်ဈေးထက် ငွေပိုပေးကာ ဓာတ်မြေသြဇာ မ၀ယ်ယူလိုသော်လည်း မယက၊ ရယကတို့က ဒေသဆိုင်ရာ ရဲတပ်ဖွဲ့များနှင့် ခြိမ်းခြောက်ကာ တောင်သူများကို မ၀ယ်မနေရ ရောင်းချနေကြကြောင်း သိရသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတို့တွင် သက်ဆိုင်ရာ တိုင်းမှူးများက စပါးကြိုပေး ၀ယ်ယူခြင်း၊ စိုက်ပျိုးရေး ကုမ္ပဏီများနှင့် အကျိုးတူ ဓာတ်မြေသြဇာအိတ် ရောင်းချခြင်းများကို သက်ဆိုင်ရာမြို့နယ် မယကတို့နှင့် ဆန်စက်လုပ်ငန်းရှင်ကြီးများက တာဝန်ခံ လုပ်ဆောင်ပေးရခြင်းဖြစ်သည်။

သတ်မှတ်နှုန်းထားဖြင့် အစိုးရကို စပါးရောင်းချရမှုကြောင့် ခေတ်အဆက်ဆက် ဆင်းရဲတွင်းနက်နေသည့် တောင်သူများမှာ ၂၀၀၃ ခုနှစ်တွင် အစိုးရသို့ စပါးရောင်းချရမှု မရှိတော့သော်လည်း ယင်းနောက်ပိုင်း သက်ဆိုင်ရာ တိုင်းမှူးများကို စပါးကြိုပေး ရောင်းပေးနေရခြင်း၊ ဓာတ်မြေသြဇာ ကာလပေါက်ဈေးထက် ပိုပေးဝယ်ယူနေရခြင်းအပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ တဧကလျှင် (၁) သောင်းကျပ်နှုန်း ငွေချေးယူနေရခြင်းတို့ကြောင့် ကာလရှည် ဆင်းရဲတွင်း နက်နေဆဲ ဖြစ်သည်။

No comments: