ဆလိုင်းထွန်း
နယူးဒေလီ (မဇ္ဈိမ)။ ။ HIV နဲ့ အတူနေသူ အသက် ၄ဝ နှစ်အရွယ် ဒေါ်မိငယ် (အမည်ရင်းမဟုတ်) က “ဆေးမကုသနိုင်ဘဲ မြန်မာပြည်နေတုန်းက တအား စိတ်ဓာတ်ကျတယ်၊ စိတ်ဆင်းရဲတယ်။ ဒါပေမဲ့ ဒီရောက်ပြီး ဆေးကုသနိုင်တော့ ကိုယ့်ကိုယ်ကို အားတက်လာတယ်။ မျှော်လင့်ချက်လည်း ရှိလာတယ်’’ လို့ ပြောပါတယ်။
သူဟာ ကလေးနှစ်ယောက် မိခင်ပါ။ စစ်ကိုင်းတိုင်း ကလေးမြို့မှာ နေရင်းကနေ အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်ထဲက Churachandpur မြို့မှာ အခမဲ့ ပြုစုစောင့်ရှောက်နေတဲ့ Happiness အမည်ရ အိမ်လေးဆီ ရောက်လာသူပါ။
တရက်မှာ ကလေးမြို့က ထွက်၊ တမူးမှာ တညအိပ်ပြီးနောက် နယ်ခြားတဖက် မိုရေးမြို့ကနေ Happiness ရှိရာ Churachandpur ဆီ ခရီးဆက်ခဲ့ပါတော့တယ်။
“ကျမတို့အတွက် ART ဆေးစားရင်
CHURACHANDPUR မြို့ တည်ရှိရာ
နေကောင်းမယ် ပေါ့နော်။ ကိုယ့်မှာ သားသမီးတွေ ရှိတယ်။ သားသမီးတွေက အသက်ငယ်သေးတယ်ဆိုတော့ သူတို့အတွက် မျှော်လင့်ချက်ရှိအောင် ဒီဆေးက မှန်မှန်စားဖို့ လိုတယ်။ ဆရာဝန်တွေကလည်း ညွှန်ကြားထားတယ်။ ဆေးကို မပြတ်အောင်စားပြီးမှ အချိန်နဲ့ မှန်မှန်စားရင် ဒီရောဂါက ဘာမှ ကြောက်စရာ မလိုဘူးဆိုပြီး ကျမတို့ကို အားပေးတယ်”
မဏိပူပြည်နယ်က စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ကို ထိစပ်နေတာ။ ဒီပြည်နယ်ထဲကမှ Churachandpur ကို ရောက်ဖို့ မိုရေးကနေ ၆ နာရီလောက် ကားစီးရတာ။ နိုင်ငံခြားသားမို့ အလွယ်တကူ ဖြတ်သန်းသွားလာခွင့် မပြုပါဘူး။
“စစ်သားတွေနဲ့ တွေ့ရင် မြန်မာပြည်က လူမှန်းသိရင် ပြန်ခိုင်းတယ်။ ပြန်ရင် လမ်းစရိတ်က ကားလက်မှတ်ဖြတ်ထားတဲ့ ၃၅ဝ က အလကားရှုံးတယ်။ မြန်မာနိုင်ငံသားအတွက် တအားအခက်အခဲရှိတယ်။ နေမကောင်းတဲ့ သူအတွက်တော့ မိုးလေးကနေ စထွက်ကတည်းက နှလုံးခုန်တွေတောင် တအားမြန်လွန်းလို့ တကယ်ကြောက်စရာကောင်းတယ်။ မိန်းကလေးအနေနဲ့ တအားပင်ပန်းတယ်။ စစ်သားတွေက မိန်းကလေးတွေကို တကိုယ်လုံး စစ်ဆေးရှာတာ။ တအား စိတ်ပင်ပန်းတာ”
Happiness မှာ ဒေါ်မိငယ်လိုပဲ HIV နဲ့ အတူနေသူတွေနဲ့ AIDS ဝေဒနာသည် မြန်မာနိုင်ငံသား ၅ဝ လောက်လောက် ရှိပါတယ်။ ဒီထဲကမှ ၁၅ ယောက်က ၁၃ နှစ်အောက် ဝေဒနာသည် ကလေးငယ်တွေပါ။ ဒါ့အပြင် နောက်ထပ် ၁ဝ ယောက်လောက်ကတော့ HIV/AIDS နဲ့ပဲ မိဘတွေက ဆုံးပါးသွားလို့ တွယ်ရာမဲ့ ကလေးတွေ။
ချင်းပြည်နယ် ဒေသတချို့အပြင် စစ်ကိုင်းတိုင်း ကလေးနဲ့ တမူးမြို့နယ်ကနေ ရောက်လာသူက အများစုပါ။
’’ဒီကိုလာတဲ့ မြန်မာပြည်သား ဝေဒနာသည်တွေက အုတ်ခဲစက်ရုံမှာလည်း အလုပ်လုပ်တယ်။ နန့်ဖာလုံဈေးကနေ ငါးတို့၊ အဝတ်အထည်တို့ ယူရောင်းကြတဲ့လူလည်း ရှိတယ်။ ကောက်စိုက်တဲ့အချိန် ကောက်ဝင်စိုက်။ စပါးရိတ်ချိန်ကျတော့ စပါးရိတ်ပေါ့။ ကြုံရာကျပမ်း လုပ်ကြတာပါပဲ’’ လို့ HIV နဲ့ အတူနေသူဖြစ်တဲ့ ကိုစွမ်းမောင် (အမည်ရင်းမဟုတ်) က ရှင်းပြပါတယ်။
ကိုစွမ်းမောင်က စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းဒေသခံတယောက် ဖြစ်ပါတယ်။
’’ဒီမှာ ဆေးကုတာ တအားကောင်းပါတယ်။ ဆရာဝန်တွေလည်း ပြောစရာမလိုဘူး။ သူနာပြုတွေဆိုလည်း ဂရုစိုက်ကြတယ်။ ကျနော့်မှာ ဒီရောဂါရှိမှန်း သိတာက ၅ နှစ်ကျော်ပြီ’’
Happiness ဂေဟာက စောင့်ရှောက်မှုပေးနေတဲ့ ခရစ်ယာန် တရားဟောဆရာ Rama က “ဒီမှာ ဆေးကုရင် စစ်ဆေးတယ်၊ ဆေးစားတယ်၊ စာထုတ်တာနဲ့ အနည်းဆုံး ၆ လ နေရတယ်။ အခြေအနေ နည်းနည်းကောင်းလာရင် ၁ လ၊ ၂ လခြား ဆေးထုတ်လို့ ရတယ်ဆိုတော့ ပြန်သွားကြတယ်။ သူတို့ရဲ့ ဆေးတွေကို ရတဲ့အချိန်မှာ သွားထုတ်ပေးတယ်၊ သူတို့ရဲ့ နေရပ်ရင်းသို့ ပို့ပေးတယ်” လို့ ရှင်းပြပါတယ်။
Happiness ကို ကူညီနေတဲ့ မြန်မာအမျိုးသမီးသမဂ္ဂ (BWU) အဖွဲ့ဝင် ဒေါ်သီတာဦးက “မြန်မာပြည်ကလာတဲ့ သူတွေက တည်းစရာခိုစရာလည်း မရှိဘူး။ အဲဒါကို တရားဟောဆရာက သူ့ရဲ့ နေအလွတ်မှာ ဖြစ်သလိုလေး ဆောက်ပေးတယ်။ အခုတော့ မဆိုးပါဘူး၊ Happiness ကို ကူညီသူတွေများလို့ ကောင်းကောင်းမွန်မွန် နေလို့ရတယ်” လို့ ပြောပါတယ်။
“လူမျိုးတွေကတော့ ချင်းတိုင်းရင်းသားတွေ များတယ်။ ဗမာတွေကတော့ ဒီဘက်လာရတာ စကားလည်း မတတ်၊ ကြောက်တာနဲ့ သိပ်မလာရဲကြသေးဘူး”
ပုဂ္ဂလိက စေတနာရှင်တွေကလည်း လှူတန်းတာတွေရှိပါတယ်။ အလှူငွေ၊ ဆန်၊ ဆီ ရိက္ခာတွေ၊ အဝတ်အစား၊ တခါသုံးအပ်တွေကိုပေါ့။ ၁၃ နှစ်အောက် ကလေးငယ်တွေကို ပညာသင်ပေးတာရှိတော့ စာရေးကိရိယာတွေ ပေးလှူပါသေးတယ်။ ဝေဒနာသည်တချို့ကလည်း လက်မှုလုပ်ငန်းတွေနဲ့ တဖက်တလမ်းကနေ ဝင်ငွေရှာပါသေးတယ်။ ဒါ့အပြင် Churachandpur ဆေးရုံနဲ့ နယ်စည်းမခြား ဆရာဝန်များအသင်း MSF ကလည်း ဆေးဝါးထောက်ပံ့ပါတယ်။
မြန်မာဘက်ခြမ်းကနေ ART ဆေးကို တလတကြိမ်ဆိုသလို လာယူသူတွေရှိသလို၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့ ၂ လ၊ ၃ လ တကြိမ်မျိုး လာထုတ်သူတွေလည်း ရှိပါတယ်။
ဒီကနေ့လို ကမ္ဘာ့ AIDS နေ့မျိုးဆို ဟောပြောပွဲရှိတတ်လို့ မြန်မာနယ်စပ်နေ ဒေသခံတွေ လာနားထောင်တတ်ပါတယ်။
ရဲဌာန၊ ခရိုင်ကော်မရှင်ရုံးနဲ့ ဥပဒေထိန်းချုပ်ရေး အရာရှိရုံး တာဝန်ရှိသူတွေ၊ ဆရာဝန်တွေနဲ့ ဆေးရုံဝန်ထမ်းတွေ၊ အစိုးရမဟုတ်တဲ့ NGO တွေ၊ ခရစ်ယာန်အသင်းတော် လူကြီးတွေ၊ Happiness ဝေဒနာသည်တွေ အပါအဝင်နဲ့ လူပေါင်း ၁ဝဝဝ လောက်ဟာ ကသည်းလူငယ်အသင်း ဌာနချုပ် ခန်းမမှာ ဒီကနေ့ မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအထိ ဟောပြောပွဲနဲ့ ပညာပေး အစီအစဉ်တွေ ကျင်းပခဲ့ပါတယ်။
မဏိပူပြည်နယ်မှ မဟုတ်ပါဘူး။ HIV/AIDS ဝေဒနာသည်တွေကို လူသားချင်းစာနာတဲ့ စောင့်ရှောက်မှုကို မီဇိုရမ် ပြည်နယ်မှာပါ ပေးနေတာပါ။
“အခု အိုက်ဇော (ပြည်နယ်မြို့တော်) ပြည်သူ့ဆေးရုံမှာ (အောအာရ်တီ) ဆေးဝါးတွေကို အခမဲ့ပေးနေပါတယ်။ ဗမာပြည်သားတွေလည်း ရတယ်။ လူမျိုးရေး မခွဲခြားဘူး။ ရောဂါရှိရင် ဘယ်လိုဆေးဝါးယူရမယ်ဆိုတာကို ပြောတယ်” လို့ ကျန်းမာရေးလုပ်သား မမီးမီးက မဇ္ဈိမကို ပြောပြပါတယ်။
ဒါပေမယ့် မြန်မာပြည်သားတွေနဲ့ ဒေသခံတွေကို အခမဲ့ ကုသပေးတဲ့ အသင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ်ထဲမှာတော့ ရန်ပုံငွေ ပြတ်လပ်လာလို့ ရပ်ဆိုင်းလာတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
“အရင်ကတော့ အိုင်ဇောမှာ စနေအသင်းရယ်၊ ဒွတ်တလန်း ဆေးရုံနဲ့ ဘာသာရေးအသင်းတွေ ရှိတယ်။ သူတို့ကနေ HIV ကူးစက်ခံရတဲ့ လူနာတွေကို အခမဲ့ ကုပေးတယ်။ စနေအသင်းမှာဆိုရင် လူနာတွေအတွက် သီးသန့်ဆေးခန်း ရှိခဲ့တယ်။ အခု ဘတ်ဂျက်တွေ မရှိတာကြောင့် ရပ်သွားပြီ။ ပညာပေး အဖွဲ့တွေလောက်ပဲ ရှိတော့တယ်” ဟု မမီးမီးက ပြောပါတယ်။
မီဇိုရမ်ပြည်နယ် AIDS ထိန်းချုပ်ရေးအဖွဲ့ရဲ့ ဝဘ်ဆိုဒ်မှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ဖော်ပြချက်အရ လူဦးရေ ၃၃၃၃ ကို သွေးစစ်ကြည့်ရာမှာ ၉၄ ယောက်ဟာ HIV နဲ့ နေထိုင်သူ၊ ၁၆ ယောက်က AIDS ရှိသူအဖြစ် တွေ့ရှိထားပါတယ်။
’’ပြည်တွင်းထဲမှာ ပိုက်ဆံမရှိလို့ မကုသနိုင်တဲ့လူတွေ အများကြီးရှိနေပါတယ်။ အဲဒီအကြောင်းပြောရင် ဝမ်းနည်းလွန်းလို့ ကြက်သီးတောင် ထမိတယ်။ ပိုက်ဆံမရှိဘဲနဲ့ ဒီကိုလာတာ။ တပတ်နှစ်ပတ်လောက် အလုပ်လုပ်ပြီး ဆေးကုတယ်။ ကိုယ်ထူကိုယ်ထ ဝမ်းစာရှာပြီး ဆေးကုရတာပေါ့နော်။ အခုဆို ဆောင်းတွင်းဝင်ပြီ။ အနွေးထည်တွေ၊ စောင်တွေမရှိတဲ့ ဝေဒနာသည်တွေ အများကြီးရှိတယ်’’ လို့ ကိုစွမ်းမောင်က လတ်တလော လိုအပ်ချက်ကို ဆိုလာပါတယ်။
ဒေါ်မိငယ်ကတော့ “ကျမတို့လို့ မြန်မာပြည်ထဲမှာ ရောဂါသည်တွေ အများကြီးရှိတယ်။ ကိုယ့်နယ်မှာ ဒီလိုမျိုးရှိရင် ရောဂါသည်တွေအတွက် သိပ်ကောင်းမှာ။ လူဆိုတာ တနေ့နေ့ သေမယ့်လူတွေကြီးပဲ။ ဒီကမ္ဘာမှာ ဘယ်သူမှ မသေမယ့်လူ မရှိဘူး။ ဒါပေမဲ့ ဒီရောဂါက အချိန်မှန်၊ စနစ်တကျနဲ့ မျှော်လင့်ချက်ရှိအောင် ကုသနိုင်ရင်တော့ သိပ်ကောင်းမှာပဲလို့ မြန်မာပြည်က လူတွေအတွက် တွေးမိတယ်” လို့ ပြောရင်း အသံတိုးဝင်သွားပါတော့တယ်။
No comments:
Post a Comment